ကမ္ဘာ့ဘဏ် (World Bank) ၏ အစိတ်အပိုင်းတခုဖြစ်သော နိုင်ငံတကာ ငွေကြေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (IFC) က FMI ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ Shangri-laအုပ်စုအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေး ဟုဆို ကာ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ခန့် ထုတ်ချေးရန် ဆုံးဖြတ်လိုက်ခြင်းကို အမေရိကန် အခြေစိုက် US Campaign for Burma အဖွဲ့က ဝေဖန်လိုက်သည်။
IFC က မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုလျှော့ချ ရေးအတွက်ဟုဆိုကာ ချေးငွေများ ထုတ်ချေး၍ ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ် ခြင်း သည် အမှန်ကတယ် ဆင်းရဲမွဲတွေမှု လျှော့ချရေးအတွက် ထိရောက်မှုမရှိ ဟု US Campaign Burma အဖွဲ့က ဝေဖန် လိုက်သည်။
IFC ကမူ ထိုစီမံကိန်းများကို ကာကွယ်ပြောဆို ကာ ထိုစီမံကိန်းကြောင့် အဆင့်မြင့်ခရီးသွားလုပ်ငန်း နှင့် ဟိုတယ်များ ဖွံ့ဖြိုးမှု သည် မြန်မာနိုင်ငံ၏ စီးပွား ရေးကို မြင့်တက်စေ၍ အလုပ်အကိုင်များ ဖန်တီး ပေးလိမ့် မည်ဟု ဧရာဝတီသို့ ပြော သည်။
IFC က မြန်မာစီးပွားရေး လုပ်ငန်းရှင် FMI ဥက္ကဋ္ဌ ဦးသိမ်းဝေ (Mr.Serge Pun) ပိုင်ဆိုင်သည့် ကုမ္ပဏီ ၂ ခုသို့ အမေရိကန် ဒေါ်လာ ၇၅ သန်း ချေးငှားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီများက ရန်ကုန်မြို့လယ်ရှိ ၁၀ ဧက ကျယ်ဝန်းသည့် ကိုလိုနီ ခေတ် မီးရထားရုံးချုပ် အဆောက်အဦမြေနေရာတွင် အထပ်မြင့်ရုံးခန်းများ၊ ဟိုတယ် လုပ်ငန်းနှင့် လူနေ တိုက်ခန်းများ ပါဝင်မည့် အမေရိကန်ဒေါ်လာ သန်း ၅၀ဝ တန် စီမံကိန်း တခုကို အကောင် အထည်ဖော် နေကြောင်း၊ IFC သည် ဦးသိမ်းဝေ ပိုင်ဆိုင် သော ရိုးမဘဏ်ကိုလည်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ချေးငွေထုတ်ပေးရေး စီမံကိန်း အတွက် ဟုဆိုကာ အမေရိကန် ဒေါ်လာ သန်း ၃၀ ထုတ်ချေးမည် ဖြစ်ကြောင်း သိရှိရသည်။
အလားတူ IFC က ရန်ကုန်မြို့လယ်ရှိ Sule Shangri-la ဟိုတယ် (ယခင် Traders ဟိုတယ်) တိုးချဲ့ရန်နှင့် ကန်တော် ကြီး အနီးတွင် Shangri-La ၏ အထပ်မြင့် ဇိမ်ခံလူနေ တိုက်ခန်းများ ဆောက်လုပ် ရန်အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀ ထုတ် ပေးခဲ့ကြောင်း၊ Shangri-La Asia Ltd ၏အစု ရှယ်ယာ ၅၀ ရာခိုင် နှုန်းကို အာရှ၏ အချမ်းသာ ဆုံး ပုဂ္ဂိုလ်များ ထဲမှ တဦးဖြစ်သည့် Robert Kuok ၏ ဟောင်ကောင်အခြေစိုက် လုပ်ငန်းစုတခုဖြစ်သော Kerry Group က ပိုင်ဆိုင် ထားကြောင်း သိရှိရသည်။
IFC က နောက်ထပ်ကြေညာခဲ့သည့် ရင်းနှီး မြှုပ်နှံမှုများထဲတွင် ရန်ကုန်၊ ပုဂံ၊ အင်းလေးကန်နှင့် လာအိုနိုင်ငံ Luang Prabang တို့တွင် ဇိမ်ခံဟိုတယ် များ ဆောက်လုပ်နေသော Apple Tree ကုမ္ပဏီသို့ ချေးငွေ အမေရိကန်ဒေါ်လာ ၁၇ သန်း ထုတ်ပေးခြင်း ပါဝင်ပြီး ကမ္ဘောဒီးယားအခြေစိုက် အသေးစားချေး ငွေ လုပ်ငန်း တခုဖြစ်သည့် Acleda ၏ မြန်မာ နိုင်ငံ ဌာနခွဲသို့လည်း IFC က အမေရိကန်ဒေါ်လာ ၂ သန်း ချေးခဲ့ကြောင်း သိရှိရသည်။
US Campaign for Burma က Mr. Serge Pun ပိုင်ဆိုင်သည့် ရိုးမဘဏ်ကို ဘဏ္ဍာရေးဆိုင်ရာ ကြားခံအဖွဲ့ အစည်း အဆင့်အတန်း သတ်မှတ်ပြီး ၎င်း၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ ဘဏ္ဍာရေး ထောက်ပံ့ရေး အစီ အစဉ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံရန် IFC က ဆုံးဖြတ်လိုက်ခြင်းကို လည်း မေးခွန်းထုတ်ခဲ့သည်။
ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ရိုးမဘဏ်သည် သဘာဝ ပတ်ဝန်းကျင် သို့မဟုတ် လူမှုရေးသက် ရောက်မှု ဆန်းစစ်ချက် ကောက်ယူ ခြင်း၊ မိမိတို့၏ တဆင့်ခံဖောက်သည်ကို ထုတ်ဖော်ပြောဆိုရခြင်း စသည်တို့ကဲ့သို့ လိုအပ်သည့် စံနှုန်းများနှင့် အကာ အကွယ်များမှ ကင်းလွတ်ခွင့် ရရှိသွားလိမ့်မည်ဟု လည်းဆိုသည်။
“အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပါ။ ပြီးတော့မှ စီးပွားရေး ပွင့်လင်းမြင်သာရှိမှုနဲ့ အခြေခံ ကျကျ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမယ့် စီမံကိန်းတွေကို ရွေးချယ်ပါ လို့ IFC ကိုတိုက်တွန်းပါတယ်” ဟု US Campaign for Burma ၏မူဝါဒ ဒါရိုက်တာ Rache Wagley က ပြောသည်။
IFC ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Vikram Kumar က “Mr.Serge Pun နဲ့ပဲအလုပ် လုပ်နေတယ်။ အဆင့်မြင့် ဟိုတယ် တွေနဲ့ပဲ အလုပ် လုပ်နေတယ်လို့ ပြောမယ်ဆိုရင် အထင်အမြင်လွဲမှား တာဖြစ်ပါတယ်” ဟုဧရာဝတီသို့ မေလ ၂၉ ရက် နေ့တွင်ပြောသည်။
ယခု အချိန်အထိ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၃၀ဝ ခန့်တန်ဖိုးရှိသည့် IFC ၏ စီမံကိန်း ၁၀ ခုကို အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း နှင့် ဟိုတယ်များ၊ အိမ်ရာများတွင်သာ မဟုတ်ဘဲ အခြေခံအဆောက် အဦ၊ စိုက်ပျိုးရေးလုပ်ငန်း ပြည်တွင်း ဘဏ် များနှင့် အသေးစားငွေချေး အဖွဲ့အစည်းများကို ငွေချေးခြင်း များလည်း ပါဝင်သည်ဟု သူကဆိုသည်။
“ကျနော်တို့မှာ တခြားကဏ္ဍတွေအတွက် စီမံ ကိန်းတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ထုတ်ဖော် မပြောနိုင် သေးပါဘူး” ဟု Vikram Kumar က ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ တော် လျှပ်စစ် ဓာတ် အားပေး ရေးအဖွဲ့ကို စီးပွားရေးလုပ်ငန်းတခုအဖြစ်သို့အသွင် ကူးပြောင်းသည့် နေရာတွင် လည်း ဘဏ္ဍာငွေတစိတ် တပိုင်း ပါဝင် ထောက်ပံ့ပေးနေသည်ဟုလည်း သူက ထပ်ပြောသည်။
ရန်ကုန်မြို့လယ် နှင့် မြန်မာနိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များ သွားရောက်တတ်သည့် နေရာများမှ အဆင့်မြင့် ဟိုတယ် များတွင် IFC က ရင်းနှီးမြှုပ်နှံ ခြင်းအားဖြင့် ဟိုတယ်ခန်းရှားပါးမှုကို ဖြေရှင်းနိုင် သလို အလုပ်အကိုင် ဖန်တီးနိုင်ကြောင်းနှင့် စီးပွား ရေးကို အရှိန်မြင့်လာစေပြီး အစိုးရဝင်ငွေလည်း တိုးလာမည်ဟု သူကဆိုသည်။
“ဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင်နေရာတွေ ဖန်တီးပေးတဲ့ ဟိုတယ်တခုဟာ ကြီးမားတဲ့သက်ရောက် မှုရှိပါ တယ်။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ဖို့နဲ့ အကျိုးအမြတ်များများ ရရှိနိုင်ဖို့ ငွေကြေးပြည့်စုံတဲ့ ခရီးသွား တွေကို ဆွဲဆောင် နိုင်ဖို့ လိုအပ်နေပါ တယ်” ဟု Vikram Kumar ကပြောသည်။
Vikram Kumar က ရိုးမဘဏ်သို့ အသေးစား နှင့် အလတ်စား စီမံကိန်းချေးငွေ ထုတ်ပေးရခြင်းမှာ စီမံကိန်း သည် အရွယ် အစား ငယ်သည့်အတွက် လုပ်ဆောင်မှု စံနှုန်းများ၊ အကာအကွယ်များ စသည့် IFC ၏ စွမ်းဆောင်ရည် စံနှုန်းများမှ ကင်း လွတ်မှု ဖြစ်ကြောင်း ပြောသည်။
“ဘာကြောင့်လဲဆိုတော့ SME တွေကို ငွေချေးတာဟာ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှု အလွန်နည်းတယ် လို့ ယူဆရပါတယ်” ဟု သူက ဆိုသည်။
IFC က ချေးငွေထုတ်ပေးရာတွင် တိုးတက်ရန် အလားအလာ ကောင်းမွန်ပြီး ရင်းနှီးမြှုပ်နှံမှု ပြန် လည်ရရှိနိုင်မည့် ကုမ္ပဏီ များကို ရွေးချယ် ထုတ်ပေး ခဲ့ခြင်း ဖြစ်ကြောင်းလည်း သူကပြောသည်။ IFC သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ပုဂ္ဂလိကကဏ္ဍ အထောက်အကူပေးရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် နှောင်း ပိုင်းတွင် မြန်မာနိုင်ငံသို့ ဝင်ရောက် လာခြင်းဖြစ်သည်။
IFC က မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် ချိန်တွင် ဘဏ္ဍာရေးအကူအညီအဖြစ် အမေရိကန် ဒေါ်လာ သန်း ၂၀ဝ ခန့် ကူညီ သွားမည်ဖြစ်ကြောင်း နှင့် မြန်မာအစိုးရနှင့် ပူးပေါင်း၍ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦ များ အဆင့်မြှင့် တင်နိုင် ရေး အတွက် ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။
US Campaign for Burma ၏ မူဝါဒ ဒါရိုက်တာ Rachel Wagley က “IFC ရဲ့ ငွေချေး ဖို့ အဆိုပြုချက် တွေဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေ မှု လျှော့ချနိုင်ရေးဆိုတဲ့ ဦးတည်ချက်တွေအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။ IFC ရဲ့ လတ်တလော ထုတ်ပြန် ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် တွေက လူမှုစီးပွား မတည်ငြိမ်မှုတွေကို ပိုပြီး အခြေ အနေ ဆိုးသွားစေနိုင်ပါ တယ်” ဟု မေလကုန်ပိုင်းတွင် ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့သည်။
“အဆင့်မြင့် ဟိုတယ် ဆောက်လုပ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု အမျိုးမျိုးကို Mr.Serge Pun ( FMI ဥက္ကဋ္ဌ ဦးသိမ်းဝေ) တယောက် တည်းနဲ့ လက်မှတ်ထိုးခဲ့တာ ဟာ ပြည်သူတွေရဲ့ ဆင်းရဲ မွဲတေမှု ပပျောက်ဖို့ လုပ်ဆောင်ရာမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်း ပါပဲ” ဟု Rachel Wagley ကဆိုသည်။
(၂၀၁၄ခုနှစ် မေလ ၃၀ ရက်နေ့ The Irrawaddy အင်္ဂလိပ်ပိုင်း အွန်လိုင်းတွင် ရေးသားထားသော PAUL VRIEZE ၏ Campaign Group Criticizes World Bank Subsidiary for Funding Hotel, Real Estate in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)