စီးပွားရေး

ထိုင်း စစ်အာဏာသိမ်းမှု မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းကို အကျိုးသက်ရောက်လာနိုင်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူလိုက်သည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် မြန်မာနိုင်ငံနှင့် အပြိုင်အဆိုင် ဖြစ်လာဖွယ်ရှိနေသည်။

စစ်တပ်မှ အာဏာသိမ်းယူပြီး တပတ်အတွင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Norkun Sitthiphong က သူ၏ ဌာနမှ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခုနှင့် အမျိုးသားကောင်စီသို့ တင်ပြရန် ဖွံ့ဖြိုးရေး အဆိုပြုချက်များ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

“စွမ်းအင်စီမံချက် အသစ်မှာ ရှာဖွေရေးနဲ့ တူးဖော်ရေး လုပ်ကွက်အသစ်တွေအတွက် ဈေးပြိုင်တင်ဒါ စတင်ခေါ်ယူဖို့၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ သုံးစွဲသူတွေကြားက ကွာဟမှုကို လျှော့ချနိုင်ဖို့အတွက် ဓာတ်ငွေ့ရည် ဈေးနှုန်းကို ချိန်ညှိဖို့ နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး စီမံကိန်း တခုကို အတည်ပြုခြင်းတွေ ပါဝင်ပါတယ်။ ဒါတွေအကုန်လုံးကို နောက်ထပ် ၆ လ အတွင်းမှာ လုပ်ရမှာ ဖြစ်ပါတယ်” ဟု အမေရိကန်အခြေစိုက် စွမ်းအင်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်း တခုဖြစ်သည့် Platts က ထုတ်ပြန်ခဲ့သည်။

စစ်တပ်က ဦးဆောင်သည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (National Peace and Order Maintaining Council – NPOMC)က လာမည့် ရက်သတ္တပတ်အနည်းငယ် အတွင်း ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များ တင်ပြမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်တခုက ဧရာဝတီသို့ အလွတ်သဘော ပြောကြားခဲ့သည်။ အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုမှ ကြွေးမြီများ လျှော့ချရန်နှင့် ပြည်တွင်းရှာဖွေ တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှု အသစ်များ ဆွဲဆောင်ရန် ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံက ကမ်းလွန်လုပ်ကွက် ၅ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၁၇ အတွက် ရှာဖွေလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် စီစဉ် နေသည်။ ထိုသို့ လုပ်ခွင့်ပေးရန် ၂၀၁၂ ခုနှစ်မှစ၍ အကြိမ်ကြိမ် ရွှေ့ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါလုပ်ကွက်များမှ ဓာတ်ငွေ့ ကုဗမီတာ ၈၅ ဘီလီယံမှ ၁၄၁ ဘီလီယံအတွင်း၊ ရေနံ စည်ပေါင်း ၅ သန်းမှ ၁၀သန်းအတွင်း ထွက်ရှိမည်ဟု ခန့် မှန်းထားကြောင်း လောင်စာတူးဖော်ရေး ဌာန၏ အဆိုအရ သိရသည်။

ပြည်သူများက သဘာဝပတ်ဝန်းကျင်ရှု့ထောင့်မှ ဆန့်ကျင်ကြခြင်းများ အပါအဝင် အကြောင်းပြချက် အမျိုးမျိုးဖြင့် တင်ဒါ ခေါ်ယူရေးကို ရွှေ့ဆိုင်းထားခဲ့သည်။ နောက်ဆုံး ရွှေ့ဆိုင်းခဲ့သည်မှာ ၂၀၁၃ ခုနှစ် အလယ်ပိုင်းလောက်တွင် ဖြစ်ပြီး ထိုင်း အစိုးရပိုင် PTT ကုမ္ပဏီ၏ ရေနံပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပြီး ထိုင်းပင်လယ်ကွေ့အတွင်းရှိ Koh Samet အပန်းဖြေကျွန်းတွင်  ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ပေါ်ပေါက်ခဲ့သောကြောင့် ဖြစ်သည်။

ဧပြီလအတွင်းတွင် ကြေညာထားပြီးဖြစ်သည့် ၂၀၁၄ အတွက် စီမံကိန်းများအတွက် အသုံးစရိတ် (ရင်းနှီးမြှုပ်နှံမှု) ကို အမေရိကန် ဒေါ်လာ ၁.၈၆ ဘီလီယံ အထိ ၃၀ ရာခိုင်နှုန်း လျှော့ချလိုက်သည်ဟု PTT က ပြောသည်။ ဘန်ကောက်တွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး ပဋိပက္ခများကြောင့် စီမံကိန်းများအတွက် အစိုးရ၏ အတည်ပြုချက်ရရှိရန် နှောင့်နှေးခဲ့ရ၍ ဖြစ် သည်ဟုလည်း ဆိုသည်။

ရွှေ့ဆိုင်းခဲ့သော စီမံကိန်းများထဲတွင် ထိုင်းပင်လယ်ကွေ့ရှိ Rayong နှင့် ဆင်းရဲနွမ်းပါးသည့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသကို ဆက်သွယ်မည့် ကီလိုမီတာ ၃၀၀ရှည်သည့် ကုန်းတွင်း ရေနံပိုက်လိုင်း လည်းပါဝင်သည်။ ထိုင်းနိုင်ငံတွင် ပိုက် လိုင်းဖြင့် ဖြန့်ဖြူးသည့် စနစ် နည်းပါးပြီး မြို့တော် ဘန်ကောက် ဒေသတွင်သာ အဓိကရှိနေသည်။

အာဏာသိမ်းခေါင်းဆောင် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က အနည်းဆုံး  ၁ နှစ် အတွင်း ရွေးကောက်တင်မြှောက်ခံရသည့် အရပ်သား အစိုးရသို့ အာဏာပြန်လည်လွှဲပြောင်းပေးရန် စစ်တပ်က စိတ်ကူး မရှိကြောင်းပြောသည်။

ထိုင်းနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ပိုမိုရှာဖွေနိုင်ရန် တံခါးဖွင့်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံမှ စွမ်းအင် ဝန်ကြီးဌာနနှင့် အစိုးရပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့က မကြာမီ ချထားပေးတော့မည့် စီမံကိန်းများတွင် ပါဝင်ရန် မျှော်လင့်ထားကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပြောင်းအလဲဖြစ်သွားနိုင်စရာများ ရှိလာသည်။

အခြားဘက်မှ ကြည့်ပြန်လျှင် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကြောင့် မရေရာမှုများ ရှိနေနိုင်သဖြင့် မြန်မာနိုင်ငံဖက်က အကျိုးရှိနိုင်သည်။ ထိုင်းစစ်တပ်က အာဏာသိမ်းခြင်းကို အနောက်တိုင်း အစိုးရများက ဝေဖန်ခဲ့ကြ ပြီး သြစတြေးလျ နိုင်ငံကလည်း သံတမန် ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့သည့် ကိစ္စမျိုးက အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများက တန်ဖိုးကြီးသည့် စီမံကိန်းများလုပ်ကိုင်ရန် ဝန်လေးသွားနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက သတိပေး လိုက်သည်။

ထိုင်းနိုင်ငံ၏ လက်ရှိနိုင်ငံရေး အရှုပ်အထွေးက ဒေသတွင်းပြိုင်ဆိုင်မှုနှင့် စီးပွားရေးကို ထိထိရောက်ရောက်၊ အကျိုးရှိရှိ လုပ်နိုင်သည့် နေရာတခု ဖြစ်နေခြင်းကို ထိခိုက်နိုင်ကြောင်း အင်္ဂလန်နိုင်ငံ အခြေစိုက် ရင်းနှီးမြှုပ်နှံမှု အကြံပေး အဖွဲ့အစည်း တခုဖြစ်သည့် Strategic Risk က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အာဏာသိမ်းယူမှုအပြီး အကဲဖြတ်မှု စာတမ်းတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းနှင့် ထိခိုက်လွယ်သည့် ဘဏ္ဍာရေးဈေးကွက်မှ နိုင်ငံတကာ အရင်းအနှီးများ ပြန်စီးထွက်ခြင်းများနှင့် နပမ်းလုံးနေရသည့် ထိုင်းနိုင်ငံအတွက် ကာလရှည်ပြဿနာတခု ဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ ဥပဒေအကျိုးဆောင် လုပ်ငန်းတခုဖြစ်သည့် DLA Piper ၏ ပြောကြားချက်ကို ကိုးကား၍ Strategic Riskက ပြောသည်။

“လက်ရှိနိုင်ငံရေး အကျပ်အတည်း မရှိခင်ကထဲက မြန်မာနိုင်ငံလိုမျိုး အခြားနိုင်ငံတွေ ဖွံဖြိုးမှု တိုးတက်လာတာ၊ အင်ဒို နီးရှားနဲ့ ဖိလစ်ပိုင် တို့က ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုကောင်းတဲ့ နေရာဖြစ်လာတွေကြောင့် ထိုင်းနိုင်ငံအနေနဲ့ အာရှဈေးကွက်မှာ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် လုပ်ဆောင်ရမှာတွေ ရှိနေခဲ့ပါတယ်” ဟု DLA Piper မှ Jonathan Goacher က Strategic Risk သို့ ပြောသည်။

“လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဇာတ်လမ်းတွေကလည်း ထိုင်းနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်ဆွဲ ဆောင်နိုင်ရေး ကြီးမားတဲ့ ဖိအားဖြစ်ခဲ့ပါတယ်” ဟု သူကဆိုသည်။

ထိုင်းနိုင်ငံ စွမ်းအင်သုံးစွဲမှု၏ ၆၅ ရာခိုင်နှုန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှု လျော့ကျလာ သည်နှင့် အမျှ နိုင်ငံခြားမှ တင်သွင်းမှုက တိုးလာနေသည်။ လတ်တလော ထုတ်ပြန်ခဲ့သည့် တရားဝင် စာရင်း ဇယား များ အရ ရေနံစိမ်းတင်သွင်းမှုသည် တနေ့လျှင် ပျမ်းမျှ စည်ပေါင်း ၆၂၀၀၀၀ ရှိသည်ဟု သိရသည်။

ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၁၂ ခုနှစ် အတွင်း ထိုင်းနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၃၄.၃ ဘီလီယံ ရှိသည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီးပွားရေးဌာနက ဆိုသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency) က ထိုင်းနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုသည် ၂၀၃၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးလာလိမ့်မည်ဟု ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ခန့်မှန်းခဲ့သည်။ ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ခဲ့ပါက ထိုင်းနိုင်ငံ၏ စွမ်းအင်တင်သွင်းမှု စရိတ်သည် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံအထိ ရောက်ရှိသွားလိမ့်မည် ဟုလည်း ၎င်းတို့က ဆိုသည်။ လက်ရှိ အချိန်တွင် အရှေ့တောင် အာရှနိုင်ငံများထဲ၌ လောင်စာတင်သွင်းမှု ဒုတိယ အများ ဆုံးနိုင်ငံဖြစ်နေပြီး ထိုင်းနိုင်ငံ၏ အထက်တွင် ၎င်းထက် လူဦးရေ ၃ ဆပိုများသည့် အင်ဒိုနီးရှား နိုင်ငံရှိနေသည်။

PTT ၏ လုပ်ငန်းခွဲတခု ဖြစ်သည့် PTTEP က မြန်မာနိုင်ငံ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာသန်း ရာနှင့် ချီ၍ ရင်းနှီးမြှုပ်နှံထားသည်။ သို့သော်လည်း ယခင်မြန်မာ စစ်အစိုးရနှင့် ရယူထားသည့် သဘောတူညီချက်များ သည် ပွင့်လင်းမြင်သာမှု မရှိဘဲ ထုတ်လုပ်မှုပမာဏ အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေးကို သေချာအောင် ပြုလုပ် ထား ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိသူတွေနဲ့ စွမ်းအင်လုပ်ငန်း အသိုင်းအဝိုင်းမှာ ထိုင်းနိုင်ငံက နိုင်ငံခြားက တင်သွင်းတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပေါ်မှာ မှီခိုနေရတာ နဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ အမြင်တွေရှိနေပါတယ်။ အာဏာသိမ်း ခေါင်းဆောင် တွေနဲ့ သူတို့ရဲ့ အကြံပေးတွေကလည်း ဒါကိုဖြေရှင်းဖို့ ကြိုးစားချင်ကြပုံရပါတယ်” ဟု ဘန်ကောက် အခြေစိုက် စီးပွားရေး ပညာရှင်တဦး ဖြစ်သည့် Collin Reynolds က ဧရာဝတီသို့ပြောသည်။

“အဖြေတခုကတော့ ပြည်တွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုထုတ်နိုင်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ လက်ရှိ ထိုင်းပင်လယ် ကွေ့မှာ အများဆုံးရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ နယ်မြေတွေက မကြာခင် ကုန်တော့မယ်။ ဒါကြောင့် အသစ် ထပ်မံရှာဖွေနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်လို့ အမေရိကန် အပါအဝင် မိတ်ဆွေနိုင်ငံတချို့ရဲ့ သတိထားစောင့်ကြည့်တာကို ခံနေရတဲ့ နိုင်ငံတခုအပေါ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေရဲ့ စိတ်ဝင်စားမှုကလျော့နည်းကောင်း လျော့နည်းသွားနိုင်ပါတယ်” ဟု သူကဆိုသည်။

Loading