မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် APR Energy အမေရိကန် စွမ်းအင် ကုမ္ပဏီ၏ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများကို ပိုမို ရင်းနှီးမြှုပ်နှံသွားရန် ရှိကြောင်း သိရသည်။
“မြန်မာပြည်ရဲ့ စွမ်းအင် ထုတ်လုပ်မှုက အရေးကြီးဆုံး ကဏ္ဍဖြစ်နေတာကြောင့် လက်ရှိ ၈၂ မီဂါဝပ် ဓာတ်ငွေ့ စက်ရုံ တည်ဆောက် ပြီးပြီ။ နောက်ထပ် ၁၀၀၀ မီဂါဝပ်၊ ၅၀၀ မီဂါဝပ်တွေအထိ ဆက်ပြီး ဆောင်ရွက်ချင်တယ်”ဟု APR Energy ၏ အာရှ ပစိဖိတ် ဒေသ ဆိုင်ရာ မန်နေဂျင်း ဒါရိုက်တာ Mr. Clive Turton က ဧရာဝတီသို့ ပြောသည်။
အမေရိကန် ကုမ္ပဏီ တခုဖြစ်သည့် APR Energy ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် အမေရိကန် အစိုးရ တိုက်တွန်းချက် များကြောင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ခဲ့ပြီး ဆက်လက် လုပ်ကိုင်ရန် ကြိုးပမ်းနေကြောင်းလည်း ဆိုသည်။
အမေရိကန် အစိုးရက APR Energy စွမ်းအင်ကုမ္ပဏီကို မြန်မာပြည်တွင် ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်း နေသော်လည်း မြန် မာ အစိုးရက ရင်းနှီးမြှုပ်နှံခွင့် ပြုမပြု ကိစ္စအတွက် တိကျသေချာသည့် အဖြေတခု ယခုအချိန်ထိ မရရှိသေးကြောင်း သိရသည်။
APR Energy စွမ်းအင်ကုမ္ပဏီက မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် စက်ရုံများနယ်မြေအတွင်း ၈၂ မီဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ လုပ်ရန် အတွက် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက အစိုးရ တင်ဒါ အောင်မြင်ခဲ့ပြီး လုပ်ငန်း ကာလ ၁၈ လ ဆောင်ရွက်ခွင့် ရရှိထားပြီဟု ဆိုသည်။
APR Energy ကုမ္ပဏီနှင့် လျှပ်စစ်ဝန်ကြီးဌာနတို့ ချုပ်ဆိုထားသည့် စီမံကိန်းကာလ ၁၈ လအတွင်း ကုမ္ပဏီဘက်မှ ရင်းနှီးမြှုပ်နှံထား ရသည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက် ၆၈ လုံးနှင့် လူအင်အား စိုက်ထုတ်ထားမှု အတွက် ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ မှ ၁၀၀ ကြား ဖြစ်ကြောင်း သိရသည်။
APR Energy ကုမ္ပဏီက လက်ရှိ လုပ်ကိုင်နေသည့် ကျောက်ဆည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများမှ ရရှိလာသည့် လျှပ်စစ် ဓာတ်အားများကို အစိုးရသို့ ပြန်လည် ရောင်းချပေးနေကြောင်း၊ ရရှိငွေမှာ လျှပ်စစ် တယူနစ်လျှင် အမေရိကန် ဒေါ်လာ ၀ ဒသမ ၀၃၄ ဒေါ်လာ (မြန်မာငွေ ၃၃ ကျပ်) ဖြစ်သည်ဟု ကုမ္ပဏီ၏ သတင်း အချက် အလက်များတွင် ဖော်ပြထားသည်။
APR Energy စွမ်းအင် ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင်နေသည့် Supreme Trading ကုမ္ပဏီ CEO ဦးဇော်နိုင်သိန်းက“သူတို့ရဲ့ လက် ရှိ စီမံကိန်းတွေက နောင်လုပ်မယ့် လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး လုပ်တာလို့ ပြောလို့ရတယ်၊ အမေရိကန် အစိုးရဘက် က လုပ်စေချင်တာကြောင့် လုပ်တာ ဖြစ်တယ်”ဟု ပြောသည်။
APR Energy စွမ်းအင် ကုမ္ပဏီနှင့် ဆက်လက် လုပ်ကိုင်ရန် အစိုးရပိုင်းက ဆုံးဖြတ်ချက် မချသေးသော်လည်း Supreme Trading ကုမ္ပဏီက APR နှင့်အတူ ရင်းနှီးမြှုပ်နှံသူ အနေဖြင့် လက်တွဲ လုပ်ကိုင်သွားရန် သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းအခြေအနေနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဓာတ်ငွေ့ ရေနွေးငွေ့ စက်ရုံများဌာန ဒုတိယ အင်ဂျင်နီယာချုပ် ဦးဝင်းမြင့်က “လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာက ကမ်းလှမ်းနေတာတွေ ရှိတယ်၊ ဒီက ပေါ်လစီ အပြောင်းအလဲပေါ် မူတည်ပြီး သူတို့တွေက ဝင်လာချင်ကြတာ၊ APR စွမ်းအင်ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဆက် လုပ်မလဲ မဆုံးဖြတ်ကြရသေးဘူး”ဟု ပြောသည်။
APR Energy ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးသော လျှပ်စစ်ဓာတ်အား အသုံးပြုမှုနှင့် မိုင်းဖောက်ခွဲခြင်း လုပ်ငန်း ကုမ္ပဏီကြီးများကို ကမ္ဘာတဝန်းသို့ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပြီး ပါဝါစွမ်းအင် ပရောဂျက်များကို နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် ကုမ္ပဏီကြီးတခု ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသည့် အမေရိကန် ကုမ္ပဏီများအတွက် ဝန်ဆောင်မှု ပေးမည့် အမေရိကန် ကုန်သွယ်ရေး ဝန်ဆောင်မှု စင်တာကို ဇွန်လ ၆ ရက်က ရန်ကုန်မြို့၊ အမေရိကန် သံရုံးတွင် ဖွင့်လှစ်ခဲ့ပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံ အစိုးရ ဆက် ဆံရေးမှာ ပိုမို တိုးတက်လာသည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Ms. Penny Pritzker က ပြောကြားခဲ့ သည်။