နှစ်ကုန်ပိုင်းတွင် ပြည်တွင်းလေဆိပ် ၃၉ ခု တိုးချဲ့၊ အဆင့်မြှင့်တင်ရေးကို ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ရန် မြန်မာအစိုးရက စီစဉ်နေသော်လည်း ယိုယွင်းပျက်စီးနေသည့် လေယာဉ်ကွင်းများကို ပုဂ္ဂလိကကဏ္ဍက တာဝန်ယူ အဆင့်မြှင့်တင်နိုင်မည်လား ဆိုသည့် သံသယများက ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် မတ်လအတွင်း ရန်ကုန်တွင် ကျင်းပခဲ့သော လေကြောင်းဆိုင်ရာ အစည်းအဝေးတခု၌ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံကို ဒေသတွင်း လေကြောင်းပို့ဆောင်ရေး အချက်အချာနေရာတခု အဖြစ်သို့ ပြန်လည် ရောက်ရှိနိုင်မည့် အစီအစဉ်များ ရှိနေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များကို အသိပေးခဲ့သည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အဆိုအရ လက်ရှိမိုးရာသီ ကုန်ဆုံးချိန်တွင် လေဆိပ်များကို အဆင့်မြှင့် ပြုပြင်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို နောက်ဆုံး တင်ဒါ ခေါ်ယူသွားမည်ဟု သိရသည်။
အဆိုပါ လေဆိပ်များထဲတွင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် လာရောက်မှု တိုးတက်လာနေသော အင်းလေးကန် အနီးမှ ဟဲဟိုးလေဆိပ်၊ ပုဂံရှိ ညောင်ဦးလေဆိပ်နှင့် ငပလီကမ်းခြေမှ သံတွဲလေဆိပ်တို့အပြင် စီးပွားရေးအချက်အချာ နေရာများ အဖြစ်အကောင်အထည် ဖော်နေသည့် ကျောက်ဖြူလေဆိပ်လည်း ပါဝင်သည်။
ပြည်တွင်းလေဆိပ်များ အဆင့်မြှင့်တင်ခြင်းသည် ခရီးသည်အရေအတွက် များပြားလာ၍ ကျယ်ပြန့်လာသည့် လေဆိပ်များ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာများ ခေတ်မီလာစေရန်နှင့် အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ စီးပွားရေးဖွံ့ဖြိုးမှု ကျယ်ပြန့်လာသည့်အလျောက် မြန်မာနိုင်ငံတဝှန်းသို့ စီးပွားရေးကိစ္စဖြင့် သွားရောက်ကြမည့်သူများ၊ ကမ္ဘာလှည့် ခရီးသည်များကို ဝန်ဆောင်မှုပေးနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ Henrich Dahm က အဓိကမြို့ကြီးများထက် ပြည်တွင်း အခြားနေရာများသို့ သွားရောက်လိုသည့် ခရီးသည် အရေအတွက် တိုးလာချိန်တွင် ပြည်တွင်းလေဆိပ် တချို့တိုးတက်ဖို့ လိုအပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံသို့ တနှစ်လျှင် ကမ္ဘာလှည့်ခရီးသည် ၁ သန်းကျော်ခန့် လာရောက်ခဲ့ပြီး၊ အနာဂတ်တွင် နိုင်ငံခြားဧည့်သည် ၅ သန်း လာရောက်မည်ဟု အစိုးရက ခန့်မှန်းထားသည်။
“ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံ အလွန်အကျွံ လိုအပ်နေတာကို ဖြေရှင်းဖို့၊ ပြည်တွင်း လေဆိပ်တွေ ဖွံ့ဖြိုးရေးက အရေးကြီးပါတယ်၊ ရန်ကုန်လေဆိပ် စွမ်းဆောင်ရည် အားနည်းနေတာကိုလည်း ဖြေရှင်းရမယ်၊ တိုင်းပြည်အတွင်းက နောက်ထပ် ဒေသအသစ်တွေကို သွားရောက်မှု မြှင့်တင်ဖို့အတွက် ပုဂံ၊ အင်းလေး၊ မန္တလေး၊ မြိတ် စတဲ့ နေရာတွေကို ကမ္ဘာလှည့် ခရီးသည်တွေ လေယာဉ် တိုက်ရိုက်စီးသွားနိုင်ဖို့ လိုအပ်ပါတယ်” ဟု Henrich Dahm က ပြောသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို အဆင့်မြှင့်တင်ရန် မြန်မာနိုင်ငံမှ အေးရှားဝေါလ် ကုမ္ပဏီ၏ ကုမ္ပဏီခွဲတခုနှင့် ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း တို့ကို ချထားပေးခဲ့ပြီး နောက်ပိုင်း ပြည်တွင်းလေဆိပ် တင်ဒါများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပုဂ္ဂလိကပိုင်းက လေဆိပ်များကို တာဝန်ယူ လုပ်ကိုင်သည့် စနစ်က ပြည်ပနိုင်ငံများတွင် အောင်မြင်မှု ရရှိနေပြီး လေကြောင်းဆိုင်ရာ အခြေခံ အဆောက်အအုံများ တိုးချဲ့လိုသော အစိုးရများ အတွက်လည်း ရင်းနှီးမြှုပ်နှံရသည့် ပမာဏ နည်းပါးသွားသဖြင့် အဆင်ပြေလှသည့်စနစ် ဖြစ်သည်။
သို့သော်လည်း ပုဂ္ဂလိကများသည် ဤကဲ့သို့ သော စီမံကိန်းများတွင် လိုအပ်သော ငွေကြေးအားလုံးကို ကျခံလိုသောဆန္ဒ အမြဲတမ်း မထားနိုင်ကြပါ၊ ထိုအဖြစ်မျိုးကို ရန်ကုန်မြို့အတွက် နောက်ထပ် လေဆိပ်သစ်တခု ဆောက်လုပ်ရန် တင်ဒါ ခေါ်ယူသည့်အချိန်တွင် မြန်မာ အစိုးရ ကြုံတွေ့ခဲ့သည်။
ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် တင်ဒါချထား ပေးသည့်အချိန်တွင် တောင်ကိုရီးယားနိုင်ငံမှ အင်ချွန်း (Incheon) ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ကြားတွင် ငွေကြေးစိုက်ထုတ်မှုနှင့် ပတ်သက်၍ သဘောထား မတူညီမှုများ ရှိခဲ့သည်။
နောက်ဆုံးတွင် အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံမှ ၁ ဒသမ ၅ ဘီလီယံအတွင်း ကုန်ကျမည်ဟု ခန့်မှန်းထားသည့် စီမံကိန်း ကုန်ကျစရိတ်၏ တဝက်ကို ဖွံ့ဖြိုးရေးချေးငွေအဖြစ် ရရှိဖို့ အာမခံပေးရန် သဘော တူညီလိုက်ရသည်။
တခြားသော အခြေခံအဆောက်အအုံများ အဆင့်မြှင့်ရေးတွင် ပုဂ္ဂလိကကဏ္ဍမှ ငွေများ ပါဝင်လာအောင် ဆောင်ရွက်ရာတွင်မူ အောင်မြင်မှုများ ရရှိသည်ကို တွေ့ရသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ရန်ကုန်အခြေစိုက် ပညာရှင်တဦးဖြစ်သော Peter Brimble က ယမန်နှစ်က တင်ဒါခေါ်ယူ ချထားပေးခဲ့သော တယ်လီဖုန်း ဆက်သွယ်ရေး လိုင်စင် ၂ ခု ချထားပေးခဲ့ရာတွင် မျှတစွာ ယှဉ်ပြိုင်မှုရှိခဲ့သည်ဟု မြင်တွေ့ခဲ့ရပြီး၊ နောက်ရောက်လာရန်ရှိသည့် ကြီးမားသော ငွေကြေးရင်းနှီးမြှုပ်နှံမှု များအတွက် စိတ်ချစရာ ဖြစ်စေခဲ့သည်ဟု ပြောသည်။
ADB က စွမ်းအင်ကဏ္ဍအတွက် အစိုးရက လုပ်ဆောင်နေသော တင်ဒါခေါ်ယူမှုများတွင် မြန်မာနိုင်ငံအတွက် အကောင်းဆုံးရလဒ် ရရှိနိုင်မည့် သဘောတူညီမှုများ ဖြစ်ပေါ်လာရေးအတွက် အကူအညီပေးသည့် အစီအစဉ်တခုကို စတင်နေပြီဟု ဆိုသည်။
“တင်ဒါ ခေါ်ယူရေး လုပ်ငန်းစဉ်အတိုင်းပဲ သွားဖို့ မဟုတ်ပါဘူး၊ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းပြီး လုပ်ရမှာလား၊ ဒါမှမဟုတ် အစိုးရပိုက်ဆံနဲ့ပဲ လုပ်ရမှာလား၊ ဒါမှမဟုတ် အလှူရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်မှာလား၊ ဘယ်လိုနည်းလမ်းကို သုံးမှာလဲ ဆိုတဲ့နေရာမှာ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကိုလည်း စဉ်းစားရပါတယ်” ဟု Peter Brimble က ဆိုသည်။
သို့သော် ဟံသာဝတီလေဆိပ် စီမံကိန်းတွင် အတိမ်းအစောင်း ရှိခဲ့သည်ကို ကြည့်လျှင် အစိုးရက သဘောကျ ရွေးချယ်မှုသည် ပုဂ္ဂလိကကုမ္ပဏီများ အနေဖြင့် ရေရှည်လုပ်ကိုင်ပြီး နောက်ပိုင်းမှ အကျိုးအမြတ် ပြန်လည်ရယူရမည့် နေရာတွင် အလုံးစုံ ရင်းနှီးမြှုပ်နှံရေးက မေးခွန်းထုတ်စရာ ဖြစ်လာသည်။
“တတ်နိုင်တယ် ဆိုရင်တောင်မှ ရင်းနှီးမြှုပ်နှံမှု ကို မြှင့်တင်ဖို့အတွက် စိတ်မပြတ်သားကြဘူး” ဟု Peter Brimble က ပြောသည်။
လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကမူ ပုဂ္ဂလိကကဏ္ဍ၏ စိတ်ဝင်စားမှု အလုံအလောက် ရှိကြောင်း ယုံကြည်နေပြီး၊ ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြည်တွင်း လေဆိပ်များ အဆင့်မြှင့်တင်ရေး တင်ဒါကို စိတ်ဝင်စား၍ လာရောက် မှတ်ပုံတင်သည့် ကုမ္ပဏီ အမြောက်အများရှိကြောင်း ပြီးခဲ့သည့် ဧပြီလက ဧရာဝတီသို့ ပြောဆိုခဲ့သည်။
မှတ်ပုံတင်သည့် ကုမ္ပဏီအများစုမှာ ပြည်တွင်း ကုမ္ပဏီများ ဖြစ်သော်လည်း ပြည်တွင်းလေကြောင်း ဈေးကွက်ကောင်းမွန် တိုးတက်လာရေးအတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှုများ အဆင်သင့်ဖြစ်၊မဖြစ် မသေချာသေးကြောင်းဟု ဦးတင်နိုင်ထွန်းက ဆိုသည်။
Business Monitor International ၏ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော မြန်မာနိုင်ငံ လေကြောင်းဖွံ့ဖြိုးရေး အစီရင်ခံစာက မြန်မာ့လေကြောင်း ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အကျိုးအမြတ် ရနိုင်သည့်အလားအလာ မရှိဟု သတိပေးခဲ့သည်။
“နောက်လာမယ့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံမှာ လေဆိပ်တွေ တည်ဆောက်ပြီး စီမံခန့်ခွဲတာနဲ့ ပတ်သက်လို့ ငွေကြေးအရ အကျိုးအမြတ် အမြောက်အများရနိုင်မယ့် အလားအလာတွေ မတွေ့ရှိရပါဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အား ထက်သန်မှုတွေ ရှိနေရင်တောင်မှ ဒီကဏ္ဍ (လေကြောင်းပို့ ဆောင်ရေး) မှာ အကျိုးအမြတ် ပြန်လည်ရရှိဖို့က နောက် ဆယ်စုနှစ်အတွင်းမှာ မသေချာပါဘူး၊ ဒါက မြန်မာနိုင်ငံအတွင်းမှာ ဝင်ငွေမြင့်တက်လာဖို့နဲ့ မတည်ငြိမ်သေးတဲ့ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်း ဖွံ့ဖြိုးလာဖို့လိုမျိုး ရေရှည် အကြောင်းတရားများပေါ်မှာ မူတည်နေပါတယ်” ဟု အစီရင်ခံစာက သတိပေးခဲ့သည်။
စီးပွားရေး ပညာရှင်၊ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါက်တာ ရှောင်တာနဲလ် (Sean Turnell) ကမူ ကမ္ဘာလှည့် ခရီးသည်များ အသွားအလာများ သည့် လေဆိပ်များက အလားအလာကောင်းကြောင်း ပြောသည်။
ဒေသတွင်းတွင် တန်ဖိုးနည်း လေကြောင်းလိုင်းများ ဖွံ့ဖြိုးလာမှုကြောင့် ဈေးနှုန်းချိုသာသော ဒုတိယတန်းစား လေဆိပ်များသည် လေကြောင်းလိုင်းများကို ဆွဲဆောင်ရန် အားသာချက်ရှိနိုင်သည်ဟု သူကဆိုသည်။
“ဒါပေမယ့် မြို့နဲ့ဝေးတဲ့ နေရာတွေ၊ ကမ္ဘာလှည့် ခရီးသည် ခရီးစဉ် အလားအလာမရှိတဲ့ နေရာတွေ၊ လူလတ်တန်းစား ခရီးသည် နည်းတဲ့နေရာ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်း မကောင်းတဲ့ နေရာတွေကတော့ ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို လေဆိပ်မျိုးတွေက ခေတ်မီ လေဆိပ်မျိုးဖြစ်အောင် ဖန်တီးဖို့ လိုအပ်တဲ့ အတော်မြင့်မားတဲ့ အရင်းကို ပြန်လည်ရရှိဖို့ လုံလုံလောက်လောက် ပြန်ရမှာ မဟုတ်ပါဘူး။ ပြန်လည်ရရှိမှုက နည်းပါးပြီး အပြောင်းအလဲလည်း ရှိနိုင်တဲ့ အခြေအနေရှိသလို မြန်မာနိုင်ငံမှာ လုံခြုံတဲ့ မူပိုင်ခွင့် ဥပဒေတွေမရှိတဲ့ အခြေခံ ပြဿနာလည်း ရှိနေတယ်။ လေဆိပ်မှာ ရင်းနှီးမြှုပ်နှံတယ် ဆိုတာက အဲဒီလို အဆုံးအဖြတ်ပေးခြင်းတွေ ပါဝင်နေတဲ့ မလုံခြုံမှုတွေထဲမှာ ကာလရှည်ကြာ လုပ်ရပါလိမ့်မယ်” ဟု ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။
ယခုအချိန်တွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အစိုးရ၏ ပို့ဆောင်ရေး မဟာစီမံကိန်းအတွက် အထောက်အကူ ပေးနိုင်မည့် စစ်တမ်းတခု ကောက်ယူနေပြီး လတ်တလောတွင် အသေးစိတ် အချက်အလက်များ မရှင်းပြနိုင်သေးဟု ဆိုသည်။
ယမန်နှစ်က မြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ် ၆ ခုကို ဆက်သွယ်ရေးနှင့် လေကြောင်းကိရိယာ အသစ်များဖြင့် ဘေး ကင်းလုံခြုံမှု အဆင့်မြှင့်တင်နိုင်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၂ သန်း ထောက်ပံ့ခဲ့သည်။
(ကျော်ဆုမွန် ပူးပေါင်းရေးသားသည်။)
၂၀၁၄ ခုနှစ် ဇွန်လထုတ် The Irrawaddy အင်္ဂလိပ်မဂ္ဂဇင်းတွင် ရေးသားထားသည့် SIMON LEWIS ၏ Will Private-Public Partnerships Fly? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။