ထိုင်းနိုင်ငံအခြေစိုက် Air Asia လေကြောင်းလိုင်းသည် Air Asia X အမည်ဖြင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပျံသန်းမည်ဖြစ်ပြီး မြန်မာခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဒွန် မောင်း လေဆိပ်မှ တဆင့် ချိတ်ဆက် လိုက်ပါစီနင်းနိုင်ကြောင်း Air Asia လေကြောင်းလိုင်းက ယနေ့ ဆူးလေ ရှန်ဂီလာ ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
“မြန်မာကနေ ဘန်ကောက်အထိ လေယာဉ် အသေးနဲ့ ပျံမယ်။ ဘန်ကောက်ကနေမှ Air Asia X လေယာဉ် အကြီးနဲ့ ပြန်ပြောင်း စီးရမှာပေါ့။ ဘန်ကောက်- ဂျပန်ကလည်း မကြာခင် စတော့မယ်။ မနက်ဖြန်(ဇွန်လ ၁၇ ရက်နေ့) ဘန်ကောက်-တောင်ကိုရီးယား စပြီ” ဟု Asia Asia လေကြောင်းလိုင်း၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးဝေလင်းအောင်က ဆိုသည်။
Air Asia လေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ သို့ ပျံသန်းမည့် ခရီးစဉ်ကို ဇွန်လ ၁၇ ရက်တွင် စတင် ပြေးဆွဲမည် ဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုနှင့် အိုဆာကာ မြို့များ စတင်ပြေးဆွဲမည့် နေ့ရက်ကို လတ်တလော မသတ်မှတ် ရသေးကြောင်း၊ Air Asia X လေကြောင်းလိုင်းသည် Airbus A 330-300 လေယာဉ် ၂ စီးဖြင့် ခရီးစဉ် များ ပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်များတွင် စုစုပေါင်း ထိုင်ခုံ ၃၇၇ခုံ ပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ခရီးသွားသူ လေယာဉ်စီးခရီးသည် စုစုပေါင်း ၆၃၄၇၀ ကျော် ရှိခဲ့ကြောင်း Air Asia ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Air Asia လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ ခရီးစဉ်များအဖြစ် ရန်ကုန်-ဘန်ကောက်၊ မန္တလေး- ဘန်ကောက် ခရီးစဉ်များကို ပြေးဆွဲလျှက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲ ကာလများအတွင်းက နေပြည်တော်-ဘန်ကောက် ခရီးစဉ်များပါ တိုးချဲ့ပြေးဆွဲခဲ့သည်။
Air Asia X လေကြောင်းလိုင်းသည် Air Asia ပြေးဆွဲနေသော ခရီးစဉ်များအတွက် အားဖြည့်ရန် Air Asia Group ၏ မဟာမိတ် လေကြောင်းလိုင်း အဖြစ် တည်ထောင်ထားသော လေကြောင်းလိုင်းတခု ဖြစ်ကြောင်း Air Asia ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။