မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူမှု တနှစ် ထပ်တိုးပြီး ၂ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(FDI) များ လျော့ကျသွားခြင်း မရှိဘဲ အမေရိကန်က ဒေါ်လာ သန်း ၉၀ ရင်းနှီးမြှုပ်နှံမှု ပြုလာကြောင်း သိရသည်။
“ဆန်ရှင် တိုးပြီးတဲ့ နောက်မှာ အမှန်အတိုင်း ပြောရရင် FDI တက်လာပါတယ်။ ဘာကြောင့်လည်း ဆိုရင် ဆန်ရှင် လုပ်ပြီး ၂ လ အတွင်းမှာပဲ US က ရင်းနှီးမြှုပ်နံှမှု ဒေါ်လာ သန်း ၉၀ ဝင်လာပါတယ်။ US ဆန်ရှင်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျသွားတယ် ဆိုတာ လုံး၀ မဟုတ်ပါဘူး”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု အဖြစ် စီးပွားရေးဆိုင်ရာ ရင်နှီးမြှုပ်နှံမှုတွင် စစ် လက်နက် ပစ္စည်း ရောင်းချရေး အပါအဝင် တွင်းထွက်ရတနာများ တင်ပို့သည့် ကန့်သတ် ပိတ်ပင်မှုကို ၂၀၁၄ မေလက စတင်၍ တနှစ် ထပ်မံ သက်တမ်းတိုးခဲ့သည်။
အမေရိကန် ကုန်အမှတ်တံဆိပ် ဖြစ်သည့် Colgate သည် ဆန်ရှင် ထပ်မံတိုးပြီးချိန်တွင် ဒေါ်လာသန်း ၉၀ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ အခြေစိုက်ရုံးမှ တဆင့် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များမှာ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်ရာတွင် အာဆီယံ နိုင်ငံများတွင် မှတ်ပုံတင်ထားပြီးမှ ပြည်တွင်းသို့ တဆင့် ဝင်ရောက်မှု ပိုမိုများပြားကြောင်းနှင့် စင်္ကာပူ၊ ထိုင်းနိုင်ငံတို့မှ တဆင့် ဝင်ရောက်မှုများကြောင်း သိရသည်။
ဦးအောင်နိုင်ဦးက“လက်တလောတော့ စကာၤပူ အများဆုံး ဝင်တယ်။ ဒါပေမယ့် စင်္ကာပူက သူ့ဆီက ရင်းနှီးမြှုပ်နှံမှုတော့ မဟုတ် ဘူး။ တချို့နိုင်ငံတွေက ရင်းနှီးမြှုပ်နှံတဲ့ အခါ စင်္ကာပူကို အရင် မှတ်ပုံတင်တယ်။ ပြီးမှ ဒီထဲကို ဝင်တာပေါ့။ ကိုရီးယား များတယ်။ ဟောင်ကောင် များတယ်”ဟု ပြောဆိုသည်။
ယခုဘဏ္ဍာနှစ် လက်ရှိ အခြေအနေတွင် ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ ပြီးခဲ့သည့် မေလကုန် အထိ ဒေါ်လာသန်း ၃၀၀ ရှိနေပြီး ယခု ဇွန် လ ကုန်ချိန်၌ ဒေါ်လာ သန်း ၇၀၀ နီးပါး ရှိလာမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍနှစ်ခုတွင်အပြိုင် ရင်းနှီမြှုပ်နှံ ကြခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“စက်မှု ကဏ္ဍကတော့ အများဆုံး ဝင်တာပဲ။ ဒါပေမယ့် မှန်းလို့ မရသေးတာက ဆက်သွယ်ရေး နည်းပညာ ကဏ္ဍကလည်း ကပ်ပါနေတယ်။ ဒီတော့ နှစ်ဝက်ကျော်လောက်မှ မှန်းလို့ ရမယ်။ ဘယ်သူက သာသွားမလဲ ဆိုတာပေါ့။ အခုချိန်ထိတော့ အပြိုင်ဖြစ်နေကြ တယ်”ဟုလည်း ဦးအောင်နိုင်ဦးက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လက်ရှိအချိန်၌ CMP လက်ခစားစနစ် လုပ်ငန်းများ အများဆုံး ဝင်ရောက်ပြီး အထည်ချုပ်၊ ဖိနပ်နှင့်အခြား လက်ခစားစနစ် လုပ်ငန်းများ အများအပြား ဝင်ရောက်လျက်ရှိသည်ဟု သိရသည်။
ယင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက လက်ခစားနစ် လုပ်ငန်းများ ဝင်ရောက်လာမှုနှင့်အတူ ပြည်တွင်း၌ လုပ်ကိုင်နေကြသော ကျွမ်းကျင် ဝန်ထမ်းများ၏ ရွှေ့ပြောင်းမှု ဖြစ်စဉ်များ ပိုမိုလာသဖြင့် မူလလုပ်ငန်းခွင်တွင် အခက်အခဲ တချိူ့ ရှိလာသည်ဟု အထည်ချူပ် လုပ်ငန်းရှင် တချိူ့က ပြောသည်။
အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ယင်းကဲ့သို့ လူသား အရင်းအမြစ် ရွှေ့ပြောင်း ဖြစ်စဉ်များ အတွက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လာရောက် လုပ်ကိုင်သည့် ပြည်ပ လုပ်ငန်းများကို စောင့်ကြည့် ထိန်းကွပ်မှုများ ပြုရန် လိုကြောင်းနှင့် လာရောက် လုပ်ကိုင်သည့် စက်ရုံအလုပ်ရုံများ အနေဖြင့် လုပ်သားများကို ၎င်းတို့ကိုယ်တိုင် နည်းပညာ ကျွမ်းကျင်မှု ရောက်ရှိအောင် ပျိုးထောင်ရန် လိုအပ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ယခု အစိုးရသစ် လက်ထက်အတွင်း၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၆၀၀ ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်းပေါင်း ၁၄၁၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်းပေါင်း ၄၁၀၇ သန်း ဝင်ရောက်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မှတ်တမ်းများ အရ သိရသည်။
ယခုဘဏ္ဍာနှစ် အတွက် ရင်းနှီးမြှုပ်နှံမှုတွင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။