နေပြည်တော်တွင် ယနေ့ စတင် ကျင်းပနေသော ၅၁ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ ကျောက်စိမ်း ရောင်းချမှုကို ယခင်နှစ် နည်းတူ ယူရိုငွေ သန်း၂၀၀၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ပြောသည်။
“၂၀၁၃ ခုနှစ်မှာ ကျောက်စိမ်းတွဲရေ ၈၀၀၀ ကျော်ကို ရောင်းချတာ ယူရိုငွေ သန်း ၂၀၀၀ ကျော်လောက် ရခဲ့တယ်။ ဒီနှစ်မှာလည်း အဲဒီလောက် နီးပါး ရလိမ့်မယ်လို့ မှန်းထားပါတယ်”ဟု သတ္ထုတွင်း ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသူက ဧရာဝတီ ကို ပြောပြသည်။
ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ မဏိရတနာခန်းမ၌ ကျင်းပသည့် ယင်းကျောက်မျက်ပွဲတွင် ကျောက်စိမ်းအရိုင်းများ ရောင်းချခြင်း အား ကန့်သတ်ထားပြီး ကျောက် အချောထည် ရောင်းချခြင်းကို ပိုမို ခွင့်ပြုထားသည်ဟုလည်း သိရသည်။
ကျောက်စိမ်း အရိုင်းများ ရောင်းချခြင်းအား ကန့်သတ်လိုက်ခြင်းသည် ပြည်တွင်း၌ ပုဂ္ဂလိက ရတနာ ဈေးကွက်များ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခြင်းနှင့် ကျောက်စိမ်း အချောထည်များ ပိုမိုထွက်ရှိ ရောင်းချလာနိုင်စေရန် ရည်ရွယ်ကြောင်း ဦးမင်းသူ ပြောပြသည်။
“ဒီနှစ်မှာက ကျောက်စိမ်းတွဲရေ ကန့်သတ်ထားတော့ လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် အချိန်နီးမှ တနိုင်ငံလုံး အတိုင်း အတာ နဲ့ ကုန်သည်တွေကို ကြေညာရတော့ အခက်အခဲတော့ ဖြစ်ခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။
ကျောက်မျက်များ ရောင်းဝယ်ရာတွင် အစိုးရက ရောင်းချငွေ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော် အခွန်ငွေအဖြစ်ရယူကြောင်း၊ လက်ရှိအချိန်တွင် ကျောက်မျက် ရတနာများ ရောင်းချမှုနှင့် ပတ်သက်ပြီး ခိုင်မာသည့် မူဝါဒကို မချမှတ်နိုင်သေးကြောင်းလည်း ဦးမင်းသူ က ပြောသည်။
ပြပွဲအတွင်း မန္တလေး အခြေစိုက် သာယာကြည်နူးဖွယ် ကုမ္ပဏီမှ ပြသထားသည့် ၅၁ လက်မ Emporium 2014 အမည်ရှိ ၂၃၃.၀၀ ကီလိုဂရမ် အလေးချိန်ရှိသော ကျောက်ရိုင်းတုံးကို ကျောက်ကုန်သည် အများစု စိတ်ဝင်စားလျက်ရှိပြီး ကြမ်းခင်းဈေးမှာ ယူရိုငွေ သန်း ၆၀ ခေါ်ထားသည်ကို တွေ့ရသည်။
မန္တလေးမှ လာရောက် ရောင်းချသော ကျောက်ကုန်သည် ဦးဝင်းမောင်က “ဒီနှစ်မှာ ကျောက်ကောင်းတွေ တွေ့ရတယ်။ တချို့ဆိုရင် ကျနော်တို့ မမြင်ဘူးတဲ့ ကျောက်တွေတောင် ပါတယ်။ ဒီမှာက ကျောက်အချောထည်နဲ့ ပတ်သက်ပြီး နည်းပညာက အားနည်းလေ တော့ တကယ်တမ်း လုပ်နိုင်တဲ့ တရုတ်ကုန်သည်တွေ လက်ထဲပဲ ရောက်တာ များတယ်”ဟု ပြောသည်။
ယခုနှစ် ပြပွဲတွင် ကျောက်စိမ်း အိမ်ဖွင့် စနစ်ဖြင့် အတွဲ ၇၁၆၀ တွဲ၊ ဈေးပြိုင် စနစ်ဖြင့် အတွဲ ၂၉၄ တွဲ ပြသထားသည်ကို တွေ့ရ သည်။
နိုင်ငံပိုင် ကျောက်စိမ်းတွဲများ အဖြစ် ယူရိုငွေ ၇၁၀၀၀ တန်ဖိုးရှိ ကျောက်စိမ်းတွဲ အတွဲ ၄၀ (အရိုင်းတွဲ ၁၀ တွဲ၊ အချောထည် အတွဲ ၃၀) ကို ပါဝင် ပြသထားပြီး ကုမ္ပဏီ/သမ/အရောင်းဆိုင်များမှ ယူရိုငွေ ၄၄၈,၆၃၁,၈၀၀ တန်ဖိုး ရှိသော ကျောက်စိမ်းတွဲ အတွဲ ၅၃၆၂ တွဲနှင့် အကျိုးတူ ကုမ္ပဏီများမှ ယူရိုငွေ ၁၄၆,၉၀၉,၆၀၀ တန်ဖိုးရှိ ကျောက်စိမ်းတွဲ အတွဲ ၂၀၅၂ တွဲ ကိုလည်း ပြသထား သည်။
ကျောက်မျက်ရတနာ ပြပွဲအား ၁၉၉၀-၉၁ နှစ်က တနှစ်လျင် ၃ ကြိမ်ခန့်ကျင်းပခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် အကြိမ် ၅၀ မြောက် တကြိမ် သာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။