မြန်မာနိုင်ငံ၌ စီးပွားရေး တံခါးဖွင့်လိုက်ပြီးနောက် ဂျပန်နိုင်ငံလုပ် တပတ်ရစ်ကားများ ပိုင်ဆိုင်မှုနှင့် ဝယ်လိုအား မြင့်မားသွားရာ လောင်စာ ဆီ တင်သွင်းမှုလည်း မလွဲမသွေ မြင့်တက်လာသည်။
ထို့အတွက် ရလဒ်အနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း လောင်စာဆီလိုအပ်မှု ၄ ပုံ ၁ ပုံမျှ မြင့်တက်သွားပြီး ဆီကုန်သည်များအတွက် ဈေးကွက်သစ် တခု ဖြစ်လာခဲ့ကြောင်း လောင်စာဆီဈေးကွက်မှ စုံစမ်းသိရသည်။
မြန်မာ နိုင်ငံတွင်ရှိသည့် ရေနံချက် စက်ရုံငယ် ၃ ခုရှိသည့်အနက် ၂ ခုက အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံခြား မှ တင်သွင်းမှုကို မှီခိုနေရသည်။
မြန်မာနိုင်ငံသည် လူမသိ သူမသိ ရေနံလုပ်ငန်း ကုမ္ပဏီငယ်များမှအစ Trafigura နှင့် Vitol တို့ကဲ့သို့သော ကမ္ဘာ့အဆင့် ရေနံကုမ္ပဏီ များအထိ လောင်စာဆီ ထောက်ပံ့မည့်သူ အမြောက်အမြားကို ဆွဲဆောင်ခဲ့သည်။
Trafigura နှင့် Vitol တို့သည် ကမ္ဘာ့ထိပ်တန်း ရေနံလုပ်ငန်းကြီးများဖြစ်သော တရုတ်နိုင်ငံမှ Petro China ၏ ကုန်သွယ်ရေး ကုမ္ပဏီ China Oil နှင့် စင်ကာပူနိုင်ငံမှ Hin Leong စသည်တို့ကို အမီလိုက်နေသည့် ကုမ္ပဏီများ ဖြစ်သည်။
စက်ရုံများ တိုးပွားလာခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း ဖွံ့ဖြိုးလာခြင်းကြောင့်၊ စက်ယန္တရားနှင့် ကုန်တင်ယာဉ် များအတွက် ဒီဇယ်ဆီ လိုအပ်မှု တိုးလာခြင်းကလည်း လောင်စာဆီ လိုအပ်မှု မြင့်တက်လာရခြင်းကို ပံ့ပိုးပေးနေသည်။
လောင်စာဆီကို ပုလင်းနှင့်ထည့်၍ လမ်းဘေးတွင် ရောင်းချကြသည့် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ ချို့တဲ့မှုမှသည် ဝယ်ယူသူများက လောင်စာဆီ၏ အရောင်ကို တရားသေ သတ်မှတ်ထားခြင်းများအထိ အဆင်မပြေမှုများ ရင်ဆိုင်နေရသဖြင့် ခက်ခဲသော ဈေးကွက်တခု ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။
မြင့်တက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်း ပေးနိုင်ရန်၊ သိုလှောင်ကန်အသစ်များ တည်ဆောက်ရန်နှင့် ဓာတ်ဆီဆိုင်များတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြသည်။
စစ်အစိုးရ လက်အောက်၌ ဆီဖြည့်ရန် အစိုးရပိုင် ဓာတ်ဆီဆိုင်တွင် နာရီနှင့်ချီ၍ စောင့်ဆိုင်းခဲ့ကြရသည့် ကားတန်းကြီးများသည် ယခုအခါ အလွန်တရာ ရှုပ်ထွေးပြည့်ကျပ်နေသော ရန်ကုန်မြို့က မညီမညာ လမ်းများပေါ်တွင်သာ တန်းစီသွားနေကြရသည်။
မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်း အချက်အလက်များအရ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ် အတွင်း လောင်စာဆီ ဝယ်လိုအားက ၅ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး၊ တနေ့လျှင် စည်ပေါင်း ၄၀၇၀ဝ ခန့်အထိ ရှိသည်ဟု သိရသည်။
သို့သော်လည်း စာရင်းမဝင်သည့် လောင်စာဆီ စီးဆင်းမှုများလည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။
အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လောင်စာဆီ မှောင်ခိုဝင်ရောက်မှု ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး လစဉ် ဒီဇယ် ဆီ ကား ၁၀ စီးမှ ၁၅ စီး သို့မဟုတ် တန်ချိန် ၆၀ဝဝ(၄၄၇၀ဝ စည်) ခန့် ဝင်ရောက်နေသည်ဟု Reuters သတင်းဌာနက ဆိုသည်။
မြန်မာအများစုက ဆယ်စုနှစ်များစွာ အကြိမ်ကြိမ်ပြင်ဆင်ပြီး ခက်ခက်ခဲခဲ မောင်းနှင်လာခဲ့ကြရသည့် ကား ဟောင်းများကို ဂျပန်နိုင် ငံမှ နှစ်နိုင်ငံ သဘောတူ ကုန်သွယ်မှုဖြင့် တင်သွင်းလာသည့် တပတ်ရစ်ကားများဖြင့် လဲလှယ်လိုက်ကြသည်။
အစိုးရ ထုတ်ပြန်သည့် စာရင်းများအရ ခရီးသည်တင်ကား တင်သွင်းမှုသည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အတွင်း ၃၃၁၄၆၈ စီးအထိ ၄ ပုံ ၁ ပုံမျှ ခုန် တက်သွားပြီး ကုန်တင်ယာဉ် တင်သွင်းမှုက ၁၀ ရာခိုင်နှုန်း မြင့်တက်သွားရာ အစီးရေ ၇၄၅၄၆ စီးအထိ ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ၂၀ဝ၈ ခုနှစ်က နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လောင်စာဆီ ထောက်ပံ့ရေး အခက်အခဲ ကြုံတွေ့ခဲ့ရသည့် အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို လောင်စာတင်သွင်းခွင့်ပြုလိုက်ပြီး နောက်ပိုင်း လောင်စာဆီ တင်သွင်းမှု မြင့်တက်လာခဲ့ခြင်း ဖြစ် သည်။
သို့သော် တင်သွင်းသူများဘက်က လိုအပ်ချက်များနှင့် အခြေခံအဆောက်အအုံ ဆိုးရွားမှုကြောင့် China Oil နှင့် Hin Leong တို့အတွက် တဖက်တလမ်းမှ အကူအညီဖြစ်ခဲ့ကြရာ ၎င်းတို့အနေဖြင့် ဈေးကွက်ရှယ်ယာ တဝက်ကျော်ကို ရရှိကာ ထိပ်တန်းနေရာတွင် ခိုင်ခိုင်မာမာ ထိန်းထားနိုင်ခဲ့ကြသည်။
အခြားသော လောင်စာဆီ ရောင်းချပေးသည့် ကုမ္ပဏီများမှာ ထိုင်းနိုင်ငံမှ PTT၊ မလေးရှားနိုင်ငံမှ Petronas၊ ကိုရီးယားမှ Daewoo International ၊ Swiss Singapore၊ Trafigura နှင့် Vitol တို့ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် လောင်စာတင်ပို့မှု များပြားလာသော်လည်း သေးငယ်နေဆဲဖြစ်သည့် ဈေးကွက် တခုအတွင်းသို့ အလောတကြီး တင်သွင်းလာနေမှုကို တချို့က သတိပေးကြသည်။
“၂၀၂၀- ၃၀ အထိ တောင်မှ မြန်မာဟာ အလွန်သေးငယ်တဲ့ဈေးကွက် တခုအဖြစ်ပဲ ရှိနေဦးမယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်”ဟု FGE အတိုင်ပင်ခံ ကုမ္ပဏီမှ လေ့လာ အကဲခတ်သူတဦးဖြစ်သော Alex Yap က အရှေ့ တောင် အာရှတွင် လောင်စာဆီ အများဆုံးသုံးစွဲသည့် နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် နှိုင်းယှဉ်၍ ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံက တနေ့လျှင် ဓာတ်ဆီ ၃၂၅၀ဝ၀ စည်နှင့် ဒီဇယ် ၁၁၅၀ဝ၀ စည် တင်သွင်းခဲ့သည်။
ကိုယ်ပိုင်လောင်စာဆီ ပို့ဆောင်ရေး ရေကြောင်းလိုင်းဖြစ်သည့် Ocean Tankers လိုင်းကို ပိုင်ဆိုင်ထားသည့် Hin Leong သည် ပြည်တွင်း ပုဂ္ဂလိက လောင်စာဆီ တင်သွင်းသူများအတွက် အကြီးဆုံး ထောက်ပံ့သူဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံတကာ ကဲ့သို့ ရေနံပိုက်လိုင်းဖြင့် လောင်စာဆီ ချက်လုပ် ရောင်းချ တင်ပို့ သည့် စနစ်လည်း မရှိသေးသည့်အတွက်၊ ရန်ကုန်နှင့် သီလဝါ ဆိပ်ကမ်းများကို ရောက်ရှိရန် ရေတိမ်သည့် ရန်ကုန်မြစ်ဝ ကို ဖြတ်သန်းရန်လိုပြီး၊ တန်ချိန် ၆၀ဝဝမှ ၁၀ဝဝဝ အတွင်းသာ သယ်ဆောင် နိုင်သော ရေနံတင် သင်္ဘော ငယ်များသာ ဝင်ရောက် နိုင်သည်။
အခြေခံ အဆောက်အဦ အခက်အခဲများ အပြင် ပေးပို့ချိန် တရက်နောက်ကျပါက ဒဏ်ရိုက်သည့်အနေဖြင့် ဝယ်ယူသူများက ဈေး နှုန်း ၅ ရာခိုင်နှုန်း ဖြတ်တောက်သည့် အတွက် ထိုပမာဏသည် ကုန်သည်များ၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအတွင်း ရရှိမည့် အမြတ် အစွန်းကို ဆုံးရှုံးနိုင်သည်ဟုလည်း သိရသည်။
“ကုမ္ပဏီတိုင်း မြန်မာနိုင်ငံနဲ့ အလုပ်လုပ်နိုင်ဖို့ မလွယ်ဘူး။ အစပိုင်းတော့ သူတို့ မြန်မာနိုင်ငံထဲကို စိတ်အားတက်ကြွစွာနဲ့ သွားနိုင်ပါတယ်၊ ဒါပေမယ့် ဟိုကိုရောက်ရင်တော့ ထောက်ပံ့ပို့ဆောင်ရေး အိပ်မက်ဆိုးတခုကို ရင်ဆိုင်ရပြီမှတ်”ဟု စင်ကာပူ အခြေစိုက် ကုန်သည်တဦးက ပြောဆိုသည်။
Reuters သတင်းထောက်များဖြစ်သော Florence Tan နှင့် Aung Hla Tun ၏ Ditching Clunkers, car import drive Myanmar oil demand ကို ဆီလျော်အောင် ဘာသာပြန်သည်။