မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း သုံးမြို့ထဲမှ ပြည်မြို့ အနီးရှိ သရေခေတ္တရာမြို့ဟောင်း တဝိုက် မြေဈေးများ အဆမတန် မြင့်တက် နေသည်ဟု သိရသည်။
သရေခေတ္တရာ မြို့ဟောင်းအနီး မှော်ဇာကျေးရွာ စာကြည့်တိုက်မှူး ကိုသန်းထိုက်အောင်က“တသက်နဲ့ တကိုယ် တခါမှတောင် မကြားဘူးတဲ့ ခေါ်တဲ့ ဈေးအတိုင်း ဈေးပေးဝယ်တဲ့ လူလည်းရှိတယ်ဗျာ။ ဈေး မတရား တင်ထားတာတောင် ဝယ်တယ်။ မနေ့ကပဲ ရဟန္တာကန်နဲ့ ဘောဘောကြီး ဘုရားကြားထဲက လေးဧကလောက် ရှိတဲ့ ယာမြေကို သိန်း ထောင့်ငါးရာ ပေးတာ ပိုင်ရှင်က ခရိုနီမို့လို့ မရောင်းဘူးဆိုပြီး ငြင်းလွှတ်လိုက်တယ်တဲ့ဗျာ။ အဲဒီနေရာက ပြီးခဲ့တဲ့နှစ်က သိန်းနှစ်ဆယ်တောင် ဝယ်မဲ့လူမရှိတဲ့ မြေနေရာပေါ့”ဟု ဧရာဝတီကို ပြောပြသည်။
လာရောက် ဝယ်ယူသူများမှာ ပြည်မြို့ဒေသခံများက အများဆုံး လာရောက် ဝယ်ယူကြကြောင်းနှင့် သရေခေတ္တရာ မြို့ဟောင်း ပတ် လမ်း ဘေးတလျှောက်နှင့် မှော်ဇာရွာ အနီးရှိ မြေများမှာ ပိုမိုအရောင်းအဝယ် ဖြစ်လာကြောင်း ၎င်းက ဆက်ပြောသည်။
“ရောင်းမယ်လို့ ဆိုင်းဘုတ် ချိတ်ထားတာ မဟုတ်ဘူး၊ ဝယ်ချင်တဲ့လူတွေက ခြံရောင်းချင်တဲ့လူ မရှိဘူးလား၊ မေးမြန်းပြီး လာဝယ်ကြ တာ။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တာ ဝမ်းသာတယ်။ ဒီကလူတွေ အဲဒီငွေတွေ ကုန်သွားရင် ဘာမှ လုပ်ကိုင်စားတတ်မှာ မဟုတ် ဘူး။ လက်ငုတ်လက်ရင်း မြေကို ရောင်းစားတာ တော်တော် အန္တရာယ်များတယ်”ဟုလည်း ကိုသန်းထိုက်အောင်က ပြောဆိုသည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ ၃၈ ကြိမ်မြောက် အစည်းအဝေးက ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းများအား ဇွန် ၂၂ ရက်က ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြုပြီး နောက်ပိုင်း သရေခေတ္တရာ မြို့ဟောင်း အတွင်းရှိ မြေဈေးများ အဆမတန် မြင့်တက်ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ပျူခေတ် အဆောက်အအုံများနှင့် စေတီ၊ပုထိုးများမှာ မှော်ဇာကျေးရွာ အနီးတဝိုက်တွင် အများဆုံး ရှိပြီး ရှေးဟောင်းဇုန် အတွင်း ကျေးရွာစုစုပေါင်း ၁၅ ရွာရှိကြောင်း ဒေသခံများက ပြောသည်။
ယင်း ရှေးဟောင်းနယ်မြေများ အတွင်း အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း၊ နေအိမ်များ ဆောက်လုပ်ခြင်းနှင့် စိုက်ပျိုးမြေ စသည်များ အတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ဥပဒေနှင့် အညီ ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြောဆိုထားသည်ဟု မှော်ဇာကျေးရွာရှိ ကမ္ဘာသစ် စိုက်ပျိုးရေးမှ ဦးနေဦးက ဧရာဝတီကို ပြော သည်။
“သူတို့ စည်းကမ်းတွေ ဘယ်လောက်ပဲ ထုတ်ထုတ် ပုဂံကိုကြည့် ရှေ့ဆုံးကနေ ခရိုနီ တဦးဦးက ဟိုတယ်တခုဆောက်ပြီ ဆိုရင် နောက် က ငွေကြေး အသင့်အတင့် ချမ်းသာတဲ့ လူတွေက မျှောပြီး လိုက်လုပ်ခဲ့ကြတာပဲ။ စီးပွားရေးသမားတွေက ဒါပဲ လိုက်ချောင်း နေတာလေ။ စည်းကမ်းထုတ်ပြီး အဲဒီ စည်းကမ်းက လူတိုင်း လိုက်နာမှု ရှိမရှိ စောင့်ကြည့်နေမှာ”ဟု ဦးနေဦးက ဆိုသည်။
လက်ရှိတွင် ရှေးဟောင်းဇုန်အတွင်း မြေဝယ်လိုသူ များပြားနေပြီး ရောင်းချလိုသူ နည်းပါးနေခြင်းကြောင့် ယခုကဲ့သို့ ဈေးများ အဆ မတန် မြင့်တက်နေရခြင်း ဖြစ်ကြောင်း မှော်ဇာဒေသခံ အိမ်ခြံမြေ အကျိုးဆောင် တဦးကလည်း ပြောဆိုသည်။
ပျူမြို့ဟောင်း ၃ မြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က အမေရိကန် ဒေါ်လာ ၃ သောင်း ကူညီခဲ့ပြီး အီတလီ နိုင်ငံက ယူရို ၄ သိန်းနှင့် ရှေးဟောင်း ပညာရှင်များပါ ပို့လွှတ်၍ ထိန်းသိမ်းနည်း အတတ်ပညာများ သင်ကြားပေးခဲ့ကြောင်း သိရ သည်။