ရေနံ သဘာဝဓာတ်ငွေ့နှင့် သယံဇာတ တူးဖော်ရေးလုပ်ငန်း ခြစားမှုကင်းရှင်းရေး ကမ္ဘာလုံးဆိုင်ရာ စာချုပ်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် ပြင်ဆင်နေချိန် ခြစားမှုဖြင့် နာမည်ပျက်နေခဲ့သော ယင်းကဏ္ဍ၌ လုပ်ကိုင်နေကြသည့် ကုမ္ပဏီအများစုသည် ပွင့်လင်းမြင်သာမှု မရှိဟု လန်ဒန်အခြေစိုက် ခြစားမှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ Global Witness က စစ်တမ်းပြု ထုတ်ပြန်ရေးသားလိုက်သည်။
အောက်တိုဘာနှင့် မတ်လအတွင်း အဓိက ရေနံနှင့် ဂက်စ်လုပ်ကွက်များ လုပ်ခွင့်ရခဲ့သော ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီ ၄၇ ခုအနက် ၁၃ ခုကသာ ကုမ္ပဏီပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားကြောင်း Global Witness က ရေးသားသည်။ နယ်သာလန်မှ Berlanga Holding B.V၊ အီတလီမှ Eni, အမေရိကား-နယ်သာလန်ကုမ္ပဏီ Shell နှင့် ထိုင်းမှ PTTEP တို့သည် မေးခွန်း ပြန်မဖြေသော ကုမ္ပဏီများတွင် ပါဝင်ကြောင်း အစီရင်ခံစာက ဆိုသည်။
“ကုမ္ပဏီတွေရဲ့ လျှို့ဝှက်ဖုန်းကွယ်ထားမှုက သယံဇာတ ချမ်းသာကြွယ်ဝမှုကို ပိုပြီး ပွင့်လင်း မျှတတဲ့ စီမံအုပ်ချုပ်ရေးဆီ ဦးတည်နေတဲ့ မြန်မာနိုင်ငံရဲ့ အကဲဆတ်တဲ့ ဖြစ်ထွန်းမှုတွေကို ခြိမ်းခြောက်နေတယ်” ဟု အစီရင်ခံတွင် ဆိုသည်။ “ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု အချက်အလက် အသေးစိတ်တွေ အများပြည်သူကို သိရှိစေခြင်းဟာ ခြစားမှုတိုက်ဖျက်ရေးမှာ အရေးကြီးပါတယ်” ဟုလည်း ဆိုသည်။
“ဒါဟာ ကုမ္ပဏီများရဲ့ ပိုင်ဆိုင်မှုကို သုံးသပ်တဲ့ ပထမဆုံး အများပြည်သူဆိုင်ရာ စစ်တမ်းပါ။ ဒါဟာ ကုမ္ပဏီတွေ ပွင့်လင်းမြင်သာမှုအပေါ် ဘယ်လောက် သန္နိဌာန်ရှိကြသလဲဆိုတာ လျှပ်တပြတ် ကြည့်ရှုခြင်းလည်း ဖြစ်ပါတယ်” ဟု Global Witness ပြောရေးဆိုခွင့်ရှိသူက ဆိုထားသည်။
မြန်မာ့ ရေနံနှင့် ဂက်စ်၊ ရေအားလျပ်စစ်၊ သစ်၊ သယံဇာတ တူးဖော်ရေးလုပ်ငန်းများသည် တချိန်က စစ်တပ်နှင့် နီးစပ်သူများ၏ ကုမ္ပဏီ လက်တဆုပ်စာကသာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ယင်းသို့ သယံဇာတတူးဖော်ခြင်းမှ ရရှိသော ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာသည် နိုင်ငံတော်ငွေစာရင်းရှင်းတမ်းတွင် မပါဝင်ခဲ့ဘဲ စာရင်းပျောက် အင်းပျောက်ဖြစ်ခဲ့ရသည်။
တချိန်တည်းတွင် မြန်မာပြည် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂၅ (မြန်မာကျပ်ငွေ ၂ ထောင်ခန့်) အောက်သာ ဝင်ငွေရှိကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရသည်။
စစ်အစိုးရအဆက်ဆက် နိုင်ငံတော်ငွေစာရင်းရှင်းတမ်းနှင့်ပတ်သက်ပြီး မပွင့်မလင်း ဖြစ်ခဲ့ရခြင်းကို ၂၀၁၁ ခုနှစ်တွင် တက်လာသော အရပ်သားအသွင်ယူအစိုးရက ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။
ရေနံ၊ ဂက်စ်နှင့် သယံဇာတ တူးဖော်ရေးတွင် မည်သို့ ရင်းနှီးမြှုပ်နှံသည်ကို ပွင့်လင်းစွာ အစီရင်ခံရေး အစိုးရများနှင့် ကုမ္ပဏီများက သဘောတူကြသည့် ကမ္ဘာ့လုံးဆိုင်ရာ သဘောတူညီချက် Extractive Industries Transparency Initiative (EITI) သို့ ဝင်ရောက်ရန် မြန်မာ၏ အဆိုပြုထားချက်ကို ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ဆုံးဖြတ်တော့မည်။
“ဆယ်စုနှစ်နဲ့ ချီပြီး မရှင်းမလင်း စီးပွားရေး လုပ်ပုံကိုင်ပုံတွေကြောင့် မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းဟာ စီးပွားရေး အထူးသဖြင့် သယံဇာတ တူးဖော်ရေးကိုဆို သံသယ ကြီးတယ်”ဟု Myanmar Centre for Responsible Business မှ ဗြိတိသျှသံအမတ်ဟောင်း ဗစ်ကီဘိုးမန်းက ပြောပါတယ်။
“အခု အစိုးရက EITI ကို ဝင်ဖို့ လုပ်နေပြီ။ ဒါ့ကြောင့် မြန်မာပြည်မှာ သယံဇာတ တူးဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုက ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ရင်းနှီးမြှုပ်နှံမှုသစ်တွေက ဘယ်သူတွေ အကျိုးခံစားနေရသလဲဆိုတာ နိုင်ငံသားတွေက သဘောပေါက်မှာပါ”ဟုလည်း ဗစ်ကီဘိုးမန်းက ပြောသည်။
ပြည်တွင်းကုမ္ပဏီများထဲ Myanmar’s Machinery & Solutions နှင့် Myanmar Petroleum E&P Co. Ltd တို့သာ ပိုင်ရှင်များနှင့် ပတ်သက်သည့် အလုံးစုံသော သတင်းအချက်အလက်များကို ထုတ်ပေးကြောင်း Global Witness က ဆိုသည်။
Precious Stone Mining ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ကုန်းတွင်းရှာဖွေရေးလုပ်ကွက်တခုကို Pakistan’s Petroleum Exploration (PVT) နှင့် ပူးတွဲလုပ်ကိုင်ခွင့်ရသွားခဲ့သည်။ ရန်ကုန်မြို့ တိုက်ခန်းတွဲ အိမ်ရာတခုရှိ Precious Stone Mining ကုမ္ပဏီ ရုံးခန်းသို့ Thomson Reuters Foundation က ရောက်သွားခဲ့ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ပတ်သက်သည့် သတင်းများ၊ ကုမ္ပဏီ၏ နောက်ခံသမိုင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ မတွေ့ခဲ့ပေ။ ရုံးခန်းရှိ ဝန်ထမ်းများသည် ကုမ္ပဏီက တူးဖော်ခွင့် ရသွားသည်ကိုပင် မသိ၊ မေးခွန်းများကို ဖြေဆိုရန်လည်း ငြင်းဆန်ခဲ့သည်။
“ရေနံနဲ့ ဂက်စ် တူးဖော်ရေး အတွေ့အကြုံ ရှိတဲ့ မြန်မာကုမ္ပဏီဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ပြည်ပကုမ္ပဏီတွေအနေနဲ့ လေလံဝင်ဆွဲတဲ့အခါ မြန်မာကုမ္ပဏီတွေ အတွေ့အကြုံ သိပ်မရှိလည်း ရတယ်ဆိုပြီး လုပ်နေတာတွေ ရှိတယ်။ မြန်မာ့ရေနံကလည်း လုပ်ကွက်တွေ လေလံချတာ အရင်လိုလုပ်နေတုန်းလား ဆိုတာ မရှင်းလှဘူး”ဟု ဗစ်ကီဘိုးမန်းက ဆိုသည်။
Global Witness က မြန်မာ့ရေနံနှင့် ဂက်စ်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီ အားလုံး ပိုင်ရှင်များနှင့် ပတ်သက်သမျှ သတင်းအချက်အလက်များကို ထုတ်ဖော်ရန်နှင့် ကုမ္ပဏီက EITI ကို အစီရင်ခံများ ပေးပို့ရန်လည်း တိုက်တွန်းထားသည်။ ထိုသို့ လုပ်ဆောင်စေရန် ဥပဒေပြုဖို့ လိုအပ်ကြောင်း လွှတ်တော်နှင့် အစိုးရအားလည်း တိုက်တွန်းသည်။
ပွင့်လင်းမြင်သာမှုရှိရေးကို မြန်မာနိုင်ငံတွင် ဦးစားပေးအဆင့် မထားသေးချေ။ မြန်မာကုမ္ပဏီများအက်ဥပဒေသည် နှစ် ၁၀၀ သက်တမ်းရှိနေပြီဖြစ်ပြီး မိသားစုပိုင် အများစုဖြစ်သည့် မြန်မာကုမ္ပဏီများကို ပိုင်ရှင်နှင့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များကို အများပြည်သူထံ တင်ပြအစီရင်ခံရန် တောင်းဆိုခြင်းလည်း မပါဝင်ပေ။