ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အခြေခံ အဆောက်အအုံများအတွက် ရင်းနှီးလုပ်ကိုင်မည့် ကုမ္ပဏီများကို ယခုနှစ် ဒီဇင်ဘာတွင် အပြီး ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီများကို နိုင်ငံတကာ တင်ဒါ ခေါ်ယူမှု ပုံစံအတိုင်း ရွေးချယ်သွားမည်ဖြစ်ပြီး ယင်းသို့ ရွေးချယ်နိုင်ရန် အတွက် စိတ်ဝင်စားမှု လျှောက်လွှာများကို ယခုလ ၁၄ ရက်တွင် စတင် လက်ခံသွားမည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ ဥက္ကဌ၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။
“အခုအဆင့်က ရင်းနှီးမြှုပ်နှံမှုအတွက် Developer ကို ရှာတယ်ပေါ့။ ဆိပ်ကမ်း စီမံကိန်းရယ်၊ စက်မှုလုပ်ငန်းတွေ အတွက် စီမံကိန်း ရယ်၊ လူနေအိမ်ရာ စီမံကိန်းရယ်ပေါ့၊ ဒီသုံးခုအတွက်ကို သုံးဦး ရှာမှာ။ အခုလ ၁၄ ရက်မှာ စိတ်ဝင်စားမှု ဖော်ပြလွှာ ခေါ်တော့မယ်။ ဒီစီမံကိန်း သုံးခုအတွက် ရင်းနှီး တည်ထောင်သူ သုံးဦးပေါ့။ ဒီဇင်ဘာကြရင် အပြီး ရွေးမှာ”ဟု ၎င်းက ဆိုသည်။
လာမည့် ဒီဇင်ဘာလတွင် ရင်းနှီး တည်ထောင်လိုသည့် ကုမ္ပဏီများ၏ စိတ်ဝင်စားမှု ဖော်ပြချက် လျှောက်လွှာ ရွေးချယ်ခံရပြီးပါက ၎င်းတို့၏ လုပ်ငန်း အစီအစဉ် အသေးစိတ်များကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တင်ပြကြရမည် ဖြစ်ပြီး မတ်လမှ စတင်ကာ လုပ်ငန်းများကို လုပ်ဆောင်ကြရမည် ဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အတွက် စင်္ကာပူ အခြေစိုက် CPG နိုင်ငံတကာ အကြံပေး ကုမ္ပဏီအား ငှားရမ်းခဲ့ပြီး နောက် ထပ်မံအဆင့် အဖြစ် ရင်းနှီး တည်ထောင်သူများအတွက် တင်ဒါ စတင်ခြင်း ဖြစ်ပြီး လာမည့် ဇူလိုင် ၇ ရက်တွင် စင်္ကာပူနိုင်ငံ သို့ သွားရောက်၍ တင်ဒါဈေးကွက် ရှာဖွေရေး လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ဧက ၁၀၀၀ ဖြင့် ပထမအဆင့် စတင် အကောင်အထည် ဖော်မည်ဟု သတ်မှတ်ခဲ့ သော် လည်း ယခုအခါ ဧက ၄၀၀၀ ကို စတင် အကောင်အထည် ဖော်သွားမည်ဟုလည်း ဦးမြင့်သိန်းက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါ ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သန်းကလည်း “ဇူလိုင်လမှာ ခေါ်မယ်။ သြဂုတ်လ ၁၄ ရက်မှာ စိတ်ဝင်စားမှု ဖော်ပြလွှာကို ပိတ်မယ်။ ပိတ်ပြီးရင် အကောင်းဆုံး ၄ ခု ၅ ခုလောက်ကို ရွေးမယ်။ အသေးစိတ် တင်ပါပေါ့။ လိုချင်တဲ့ဟာက ဒီလောက် အလုပ်အကိုင် အခွင့်အလမ်း လိုချင်တယ်၊ ဒီလောက် စက်ရုံတွေ လိုချင်တယ်။ ဒါကို သူတို့က ပရိုပိုဆယ် တင်လာမယ်။ ဒီတင်လာတဲ့ အပေါ်မှာမှ ကိုယ်တို့ လိုချင်တဲ့ဟာကို ရွေးမှာ”ဟု ပြော ဆိုသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် စက်ရုံ လုပ်ငန်းများ စီမံကိန်း တခုတည်းပင် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်း နီးပါး ခန့်မှန်းထားကြောင်း၊ စီမံကိန်း သုံးခုလုံး ဆိုပါက အလုပ်အကိုင် အခွင့်အလမ်း တသိန်း နီးပါး ရှိလာနိုင်ကြောင်းလည်း ဦးအောင်ကျော်သန်းက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည် ဖော်လျက်ရှိပြီး စီမံကိန်း ဖော်ဆောင်ရေး အတွက် စင်င်္ကာပူ နိုင်ငံ အခြေစိုက် အကြံပေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၂ သန်းခွဲဖြင့် ငှားရမ်းခဲ့ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး ကော်မတီက ယခုနှစ် မတ်လ ၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများတွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ လက်ရှိတွင် အကောင်အထည်ဖော်မှု အမြန်ဆုံး ရှိနေပြီး ပထမ အဆင့် လုပ်ကွက် ဟက်တာ ၄၀၀ ကို ကျော်လွန်၍ ထပ်မံတိုးချဲ့မှု အဖြစ် နောက်ထပ် မြေဟက်တာ ၂၀၀၀ ကို ဆက်လက် လုပ်ဆောင်ရန် စတင်နေပြီဟု သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ယခု ခေါ်ယူမည့် တင်ဒါများ၌ ရင်းနှီးတည်ထောင်သူများ ရှိလာပါက သီလဝါ အထူး စီးပွားရေး ဇုန်ကဲ့သို့ လုပ်ငန်းဖော်ဆောင်မှုများ ရှိလာမည်ဖြစ်ပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လက်ရှိ အခြေအနေတွင် ငြိမ်သက် နေ သည်ဟု စီးပွားရေး လေ့လာစောင့်ကြည်သူများက ပြောသည်။