စီးပွားရေး

အိမ်ခြံမြေတိုက် ငှားရမ်းထားသော ပိုင်ရှင်များ ဝင်ငွေခွန်ဆောင်ရန် အခွန်ဌာန ကွင်းဆင်းစစ်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အိမ်ခြံမြေတိုက်တာ အဆောက်အအုံ ငှားရမ်းထားသော ပိုင်ရှင်များကို ဝင်ငွေကောက်ခံမည်ဖြစ်ပြီး နယ်မြေများသို့ ကွင်းဆင်း၍ အခွန်ကောက်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

အိမ်ခြံမြေတိုက်တာ အဆောက်အအုံငှားရမ်းထားသော ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာန သို့ အကြောင်းကြားရန် ကြေညာချက် တရပ်အစိုးရပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်ကြေညာထားပြီး ဖြစ် သော်လည်း ဝင်ငွေ ခွန်ပေးဆောင်ရန် လာရောက်အကြောင်းကြားခြင်း မရှိသေးကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း(INGO) များထံသို့ ရုံးခန်းအဖြစ် အသုံးပြုရန် အိမ်ခြံမြေတိုက်တာ အဆောက်အအုံ ငှားရမ်း ထားသော အိမ်ပိုင်ရှင် များကိုလည်း ယခုဘဏ္ဍာရေးနှစ်မှစ၍ ဝင်ငွေကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

“ပြည်ပက အခြေစိုက် ရုံးလာဖွင့်တဲ့ INGO တွေက သူတို့ ရုံးခန်းတွေ အတွက် အိမ်၊ ခြံ၊ အဆောက်အအုံတွေကို သိန်း ထောင်ချီ ပေးပြီး ငှားထားကြတယ်လို့ သိရတယ်။ ဒေါ်လာသိန်းချီ ပေးပြီး ဌားထား တဲ့ ဒီအဆောက်အအုံ ပိုင်ရှင်တွေ ကိုယ်တိုင် အခွန်လာ ပေးသင့်ပေမယ့် မလာကြဘူး။ ဆက်သွယ်မှုလည်း မလုပ် ကြဘူး။အခုချိန် အထိ အိမ်ပိုင်ရှင် တွေ ဘက် က အခွန်ဆောင်ဖို့ အသိပေး အကြောင်း ကြားတာ ရန်ကုန်တိုင်းဒေသကြီး တခုလုံးမှ လူ ၃၀၀ ကျော်ပဲ ရှိပါသေး တယ်။ အုပ်ချူပ်ရေးမှုးရုံးနဲ့ အခွန်ဦးစီး ပူးပေါင်းပြီး မြေပြင် ကွင်းဆင်း မှု နဲ့ စည်းရုံးရေး ဆင်းကြမယ်။ အခွန်ပေးဆောင်မှုကိုတော့ ဒီနှစ်အတွင်း စတင်နိုင်အောင် လုပ်သွားမယ် ”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး ဒုတိယအခွန်ဦးစီးမှူး ဦးအောင်ကျော်လင်း က ပြောသည်။

အိမ်ခြံမြေတိုက်တာ အဆောက်အအုံများကို  ကောက်ခံရာတွင် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေပါ အခွန် အကောက် ဥပဒေ ဇယား၂၂ အတိုင်း ကောက်ခံမည် ဖြစ်ပြီး ဝင်ငွေခွန် မပေးဆောင်သော သူများကို ပေးဆောင်ရမည့် ဝင်ငွေခွန်၏ ၁၀ ရာခိုင်နှုန်းကို ထပ်မံဒဏ်ရိုက်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံသားတဦးချင်း မိမိကိုယ်တိုင် အခွန်ထမ်းစနစ် (SCS) ကို ကျင့်သုံးရန် အစပျိုး ဆောင်ရွက်နေကြောင်း၊ အခွန်ပေးဆောင်ရန် စည်းရုံးသော နည်းလမ်းများကို လတ်တလော ဦးစားပေးဆောင်ရွက်သွားရန် ရှိသည်ဟု သိရှိရသည်။

အိမ်ခြံမြေတိုက်တာ အဆောက်အအုံ ငှားရမ်းမှုအတွက် အခွန်ပေးဆောင်ရာတွင်  ရရှိသည့် တနှစ်စာအိမ်ငှားရမ်းခ ဝင်ငွေထဲမှ အဆောက်အအုံ  ပြင်ဆင်စရိတ် နှင့် မိသားစုများ အတွက် သုံးစွဲသည့် ငွေကြေး နုတ်ပြီး ကျန်ရှိသည့် အသားတင် တနှစ်စာ ဝင်ငွေငွေထဲမှ သတ်မှတ် ရာခိုင်နှုန်းကိုသာ အိမ်ပိုင်ရှင်က ပြည်တွင်းအခွန်များဦးစီးဌာနသို့  အခွန်ပေးဆောင်ရမည်ဟု သိရသည်။

အိမ်ခြံမြေ တိုက်တာ အဆောက်အအုံ ငှားရမ်းမှု ဝင်ငွေခွန် စည်းကြပ်ရာတွင် ကျပ်သိန်း ၂၀ အထက်မှ ကျပ်သိန်း ၅၀ အထိ အား ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀ အထက်နှင့် ကျပ်သိန်း ၁၀၀ အထိကို ၁၀ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၁၀၀ အထက်မှ ကျပ်သိန်း ၂၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀ အထိအား ၂၀ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၃၀၀နှင့် အထက် အား ၂၅ ရာခိုင်နှုန်း စသည်ဖြင့် အဆင့်ဆင့် ခွဲခြား သတ်မှတ်ထား အခွန်ဆောင် ရမည်ဟု သိရှိရသည်။

“ဒီလို ဝင်ငွေခွန်ကို ပေးဆောင် နေသူတွေလည်း ရှိပါတယ်။ ဟိုတလောက ထွက်ပေါ်လာတဲ့ ယူနီဆက်ဖ်ရဲ့ အိမ်ဌားခ ဈေးနှုန်း တွေကြောင့်လည်း ဒါကို ထိထိရောက်ရောက် လုပ်တာ ဖြစ်နိုင်တယ်။ တချို့က ဆောင်ရကောင်းမှန်း မသိကြဘူး။ ဝင်ငွေ နည်း တဲ့ လုပ်ငန်းတွေ အတွက် ထိရောက်မှု မဖြစ်နိုင်ပေမယ့် များတဲ့လူတွေ အတွက်တော့ အခွန်ရှောင်တာတွေ ဖြစ်နိုင်တယ်။ အခွန် ရစရာ လမ်းက ဒီကနေ ရှိနေတော့ ဒါကို စေ့စေ့စပ်စပ် လုပ်နေတဲ့ သဘောပါပဲ” ဟု အခွန်ကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိဟောင်း ဦးဟန်ထွန်းက ဧရာဝတီကို ပြောသည်။

ယခင်စစ်အစိုးရ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ညွှန့်တင်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်လျားမြိုင်လမ်းမှ သူပိုင် အိမ်ခြံမြေကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) ထံသို့  တလလျင် အမေရိကန် ဒေါ်လာ ၈၇၀၀၀ (မြန်မာငွေ သိန်း ၈၈၀ ခန့်) ဖြင့် ၇ နှစ်တာ ငှားရမ်း ထားကြောင်း၊ အလားတူ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ကလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၇ မိုင် ၊ ပြည်လမ်းဘေး အိမ်အမှတ် ၂ ကို  တလလျှင် အမေရိကန် ဒေါ်လာ ၇၉၂၀၀ ( မြန်မာကျပ်ငွေကျပ် သိန်း ၈၀၀ခန့်) ငှားရမ်းထားကြောင်း  ဧရာဝတီက သတင်း ရေးသား ဖော်ပြခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading