အစိုးရက ကားဟောင်းများကို အပ်နှံခွင့်ပြုပြီး ကားသစ်တင်သွင်းခွင့်ပြုလျက်ရှိနေရာမှ စက်မှုဇုန်ထုတ်ယာဉ်များ အပါအဝင် နှစ် ၂၀ ကျော်သော ယာဉ်အို ယာဉ်ဟောင်းများအားလုံးကို တပြိုင်နက်တည်း အပ်နှံခွင့်ပြုလိုက်ပြီဖြစ်၍ ကားသစ်များ တင် သွင်းခွင့်ပြု မည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ကားသစ်တင်သွင်းနိုင်သော ကားဟောင်းအပ်နှံစလစ်များ အရောင်းအဝယ် ပြုလုပ် နေသော ဈေးကွက် ပျောက်ပျက်သွား ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကားဟောင်းများကို အက္ခရာ စဉ် အလိုက် အပ်နှံခွင့်ပြုနေရာမှ ဇူလိုင် ၁၄ ရက်နေ့မှစ၍ စက်မှုဇုန်ထုတ်ကားဟောင်းများအားလုံးကို အပ်နှံခွင့်ပြုမည်ဖြစ်ပြီး စက်တင် ဘာ လ ၁ ရက်နေ့မှစ၍ နှစ် ၂၀ ကျော် ကားများအားလုံး အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ သုံးဘီးယာဉ် အို ယာဉ်ဟောင်း များကို ဖျက်သိမ်းခွင့်ပြု၍ ကားသစ်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ကားဟောင်းများအပ်နှံ၍ ကားသစ် တင် သွင်း ခွင့်ပြုရာတွင် ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံမည်ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ ကားဟောင်းအပ်နှံ၍ ကားသစ်တင်သွင်းမှုအားလုံးအတွက် ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံရန် မရှိ တော့ ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကားဟောင်းများအပ်နှံ၍ ကားသစ်တင်သွင်းရာတွင် ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာအထိ အပ်နှံသောကားများအတွက် ယာဉ် မှတ်ပုံတင်ခ ၄၀ ရာခိုင်နှုန်း၊ ‘ဗ’ အက္ခရာမှစ၍ ‘၂က’ အက္ခရာအထိ ကားဟောင်းများအတွက် ယာဉ်မှတ်ပုံတင်ခ ၆၀ ရာခိုင် နှုန်း၊ လေလံပြန်လည် မှတ်ပုံတင်ယာဉ်များ အတွက် ၆၀ ရာခိုင်နှုန်း၊ အငှားယာဉ်များအတွက် ၈၀ ရာခိုင်နှုန်း လျှော့ပေါ့ ကောက်ခံ မည်ဖြစ်ပြီး ယင်းလျှော့ပေါ့ ကောက်ခံမှုကို ၂၀၁၄ ခုနှစ်အတွင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အပ်နှံခွင့်ပြုမည့် သက်တမ်း ၂၀ ကျော် ယာဉ်အိုယာဉ်ဟောင်းများအတွက် မှတ်ပုံတင်ခ ကို ၂၀ ရာခိုင်နှုန်းလျှော့ပေါ့ကောက်ခံမည်ဖြစ်ကြောင်း၊ စက်မှုဇုန်ထုတ်ကားဟောင်းများအတွက် သင်္ဘောတင် ဈေးနှုန်း(CIF) အမေရိကန်ဒေါ်လာ ၁၅၀၀၀ နှင့်အောက် ကားသစ်များကိုသာ တင်သွင်းခွင့်ပြု၍ ယာဉ်မှတ်ပုံတင် ၂၀ ရာခိုင် နှုန်း လျှော့ပေါ့ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ယာဉ်တိုက်မှု၊ မီးလောင်ပျက်စီးသော ယာဉ်များနှင့် သဘာ၀ ဘေး အန္တရာယ်ကြောင့် ပျက်စီးသွားသော ကားများ အပ်နှံခွင့်လျှောက်ထားလျှင် အပ်နှံခွင့်ပြု၍ တန်ဖိုးတူညီသော ကားသစ် ကို သာ တင်သွင်းခွင့်ပြုပြီး ယာဉ်မှတ်ပုံတင်ခ ၁၀ ရာခိုင်နှုန်းလျှော့ပေါ့ပေးမည်ဖြစ်သည်ဟု သိရှိရသည်။
“ဒီသတင်းထွက်လာပြီး နောက်ပိုင်း စလစ်တွေက ဈေးကွက်မှာ အရင်က သိန်းတရာ စွန်းစွန်းကို ရောက်နေရာကနေ အခု စလစ် ဈေးနှုန်းက ကျလာပြီး ဈေးကွက်ပျက်သွားပြီ။ ကားလောကအတွက် အပြောင်းအလဲကြီးလို့ ပြောလို့ရတယ်။ ဇုန်ထုတ် ကား တွေမှာလည်း အပ်မယ့်ကားတွေက အများကြီး ရှိနေတော့ စလစ် ဖြစ်လာမယ့်ကားတွေ များလာ တဲ့သဘောပါပဲ။ ဒီတော့ ကားဈေးကွက် က ပိုတောင်ကျလာနိုင်တယ်။ နောက်ဆိုရင် ဒီစလစ်နဲ့ ဝယ်တဲ့ စနစ်ကို ပျောက်သွားနိုင်တယ်” ဟု ဝါရင့် ကားပွဲစားတဦးက သုံးသပ်သည်။
Famer Auto Showroom မှ ဒေါက်တာ စိုးထွန်းက“ဇုန်ကားတွေ အပ်ခွင့်ပြုလိုက်တဲ့အခါ စလစ်နဲ့ ကပ်ပြီး ရောင်းရတဲ့ ကား တွေ ပိုပြီး အရောင်းအဝယ်ဖြစ်လာနိုင်တယ်။ အရင်က စလစ်ဈေးကတင် သိန်းတရာကျော် ဖြစ်နေတော့ မရောင်းရဘူး။ ဈေး က မြင့်နေတယ်။ အခုဇုန်ဂျစ်တွေ အပ်ခံခွင့် ပြုလိုက်တာ အရောင်းစင်တာတွေအတွက် အရောင်းအဝယ် ဖြစ်လာ နိုင် တယ်” ဟု ဆိုသည်။
အစိုးရ၏ ကားတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲကြောင့် ကားဟောင်းအပ်စလစ် ဝယ်ယူ သိုလှောင် ဈေးကစားသော စလစ် ဈေးကွက် ပျက်စီးသွားသည့်အပြင် စလစ်ဈေးကွက်တွင် ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသူများသည် သိန်းထောင်ချီ အရှုံး ပေါ်နိုင်ကြောင်း၊ ထို့ပြင် ကားဈေးနှုန်းများလည်း ကျဆင်းလာနိုင်ကြောင်း သိရှိရသည်။
“စလစ်ဈေး မြင့်နေတဲ့ အချိန် မှာ ဝယ်ထား၊ ရင်းနှီးထားတဲ့ သူတွေကတော့ ရှုံးမှာပဲ”ဟု မော်တော်ယာဉ် တင်သွင်းသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအေးထွန်းက ပြောသည်။