မြန်မာ့အထည်ချုပ် လုပ်ငန်းများ၏ ဈေးကွက်အမှာရရှိမှုတွင် ဥရောပ သမဂ္ဂ(EU)နိုင်ငံများက တိုးတက်နေလျက်ရှိပြီး ဒုတိယ အမှာအများဆုံး ဈေးကွက်ဖြစ်လာရန် မျှော်မှန်းထားကြောင်း အထည်ချုပ်လုပ်ငန်းရှင် များအသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။
လက်ရှိတွင် မြန်မာ အထည်ချုပ်လုပ်ငန်းများ၏ အများဆုံး ရရှိသော ဈေးကွက်မှာ ဂျပန် နှင့် ကိုရီးယား အော်ဒါများဖြစ်ပြီး EU နိုင်ငံ များမှာ တတိယနေရာတွင် လိုက်လျက်ရှိသည်။
“ဈေးကွက်က ဂျပန်ပဲ၊ ပြီးခဲ့တဲ့နှစ်အထိ အများဆုံးဂျပန်ပဲ။ ဂျပန်ပြီးရင် ဒုတိယ ကိုရီးယား၊ တတိယက ဥရောပပေါ့။ ဒုတိယ နေရာ များ ဥရာပရောက်နိုင်မလားလို့ ဒီနှစ်စောင့်ကြည့်နေတာပေါ့။ ဘာဖြစ်လို့ဆိုရင် ဥရောပ က တအားတက်လာတယ်”ဟု ၎င်းက ပြော သည်။
EU နိုင်ငံများမှ ဈေးကွက် ရရှိမှု တိုးတက်လာသည်မှာ ဖွံဖြိုးဆဲနိုင်ငံများပေါ်တွင် ပေးသည့် အထူးအခွန်သက်သာခွင့်(GSP) ရရှိပြီး နောက်ပိုင်းတွင် ဖြစ်ကြောင်း သိရသည်။
EU ၏ ဖွံဖြိုးဆဲနိုင်ငံများပေါ်တွင် ပေးသည့် အထူးအခွန်သက်သာခွင့် GSP ကို မြန်မာနိုင်ငံက ၁၉၉၈ ခုနှစ်မှစတင်၍ မရရှိတော့ဘဲ ဆုံးရှုံးခဲ့ရာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ GSP ရရှိခြင်းကြောင့် EU နိုင်ငံများမှ ဝယ်ယူသူများအနေဖြင့် မြန်မာနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းအပေါ်တွင် ၎င်းတို့ နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် ရရှိရာ အော်ဒါမှာယူမှုလည်း ပိုမို လာရခြင်းဖြစ်သည်။
ဥရောပနိုင်ငံများ၏ အော်ဒါမှာယူမှုတွင် ၎င်းတို့ အပ်နှံသည့် အထည်ချုပ်စက်ရုံများ၏ လူမှုတာဝန်သိတတ်မှု(CSR) ကိုလည်း စစ် ဆေး ကြောင်း၊ စစ်ဆေးမှုများတွင် လူမှုတာဝန်ယူမှုနှင့်ဆိုင်သော ကျင့်ဝတ်ဆိုင်ရာ Ethical Audit နှင် နည်းစနစ်ကျမှုအပေါ် စစ်ဆေး သည့် Technical Audit ဟူ၍ နှစ်မျိုး စစ်ဆေးပြီး ၎င်းတို့ သတ်မှတ်ချက်နှင့် ညီညွတ်မှသာလျှင် အော်ဒါမှာယူကြောင်း သိရ သည်။
ယင်းသို့ ဥရောပအော်ဒါ မှာယူမှုတွင် စစ်ဆေးသည့် အခြေအနေနှင့် ပတ်သက်၍ Myanmar Glogon အထည်ချုပ်လုပ်ငန်းကုမ္ပဏီ ဒါရိုက်တာ ဒေါ်ခိုင်မိမိဝင်းက“EU က Ethical ရော၊ Technical audit ရောဝင်ပါတယ်။ အပ်မယ့်သူတွေကိုယ်တိုင် စစ်တာတော့ မဟုတ်ဘူးပေါ့။ ကြားထဲက နိုင်ငံတကာ Third party အဖွဲ့အစည်း က ဝင်ပေးတယ်။ စက်ရုံက Ethic ကအိုကေလား၊ Technical က အဆင်ပြေလားပေါ့။ ဒါမျိုးရပြီဆိုမှ အစစ်ခံပြီး အောင်ပြီဆိုမှ EU အော်ဒါကရတယ်။ အဲ့ဒီလို စက်ရုံမျိုးကို အထည်အပ်တယ်”ဟု ပြောပြသည်။
ဈေးကွက်ရရှိမှု ပိုမိုလာသည့် အခြေအနေနှင့် ပတ်သက်၍လည်း ၎င်းက“နိုင်ငံက GSP ရလာတဲ့ အတွက် သာလာပါတယ်။ ဝယ်သူ ကို ရွေးလို့ရလာတာပေါ့။ အရင်ကလို ဝယ်သူအသးလေးတွေ မဟုတ်ဘဲနဲ့ အကြီးတွေ ချိတ်ရွေးလို့ရလာတယ်။ ပိုကာင်းတဲ့ဝယ်သူ။ ပိုချုပ်ခရတဲ့ ဝယ်သူကို ကိုယ့်ဘက်က ပိုရွေးခွင့် ရလာတယ်”ဟု ပြောသည်။
EU နိုင်ငံများအနေဖြင့် ယင်းကဲ့သို့အော်ဒါမှာယူမှု များပြားလာသော်လည်း အထည်ချုပ်ကဏ္ဍတွင် ပြည်တွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်မှု ရှားပါးနေကြောင်း သိရသည်။
“အထည်ချုပ်မှာ ဝင်တာက ဂျပန်၊ ကိုရီးယားပေါ့။ အခု လောလောဆယ်တော့ တရုတ်လည်း ပါလာတယ်။ အနောက်နိုင်ငံ တချို့ပါလာတယ်။ ဆွီဒင်၊ နော်ဝေတို့ပေါ့။ နည်းတော့နည်းသေးတယ်။ တခုနှစ်ခုပဲ ရှိသေးတယ်’’ဟု ဦးမြင့်စိုးက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂၀၁၃ ခုနှစ် အတွင်း ကဏ္ဍတချို့တွင် EU နိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုမှာ အမေရိကန် ဒေါ်လာ ၁၅၉.၄၀၉ သန်း ဖြစ်ပြီး လုပ်ငန်း ၁၀ ခုတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်းသိရသည်။