မြန်မာ ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်သည့် Air Kanbawza (Air KBZ) က ၎င်း၏ ပထမဆုံးနိုင်ငံတကာ ခရီးစဉ် အဖြစ် မဲဆောက်နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်သို့ ယခုနှစ်နှောင်းပိုင်းတွင် ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း လေကြောင်းလိုင်းမှ အကြီးတန်း အရာရှိ တဦးကပြောသည်။
နိုဝင်ဘာလ ၁ ရက်နေ့မှ စ၍ Air KBZ က ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို တပတ်လျှင် ၄ ကြိမ်ပျံသန်းမည်ဖြစ်သည်ဟု Air KBZ မှ အထွေထွေ မန်နေဂျာ ဦးမြတ်သူက ဇူလိုင်လ ၉ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။ Air KBZ က အခြား မြန်မာ လေ ကြောင်းလိုင်း တခုဖြစ်သည့် Mann Yadanarpon လေကြောင်းလိုင်းနှင့် ကုဒ်နံပါတ် သဘောတူညီချက် တခု လက်မှတ် ရေးထိုးလိမ့်မည်ဟုလည်း သူက ဆိုသည်။ သဘောတူညီချက်အရ ခရီးစဉ် အတွက် လက်မှတ်များကို ၂ ဘက်လုံးက ရောင်းချခွင့် ရရှိမည်ဖြစ်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာ လူဦးရေ များပြားပြီး မြန်မာနိုင်ငံမှ သွားရောက်လည်ပတ်သူလည်း အမြောက်အများရှိနေ သည်။ လက်ရှိအချိန်တွင် မြန်မာလုပ်ငန်းရှင် သူဌေးကြီးတဦး ဖြစ်သည့် ဦးတေဇ ပိုင်ဆိုင်သော Air Bagan လေကြောင်း လိုင်း တခုတည်းသာ ချင်းမိုင်မြို့သို့ ပျံသန်းပြေးဆွဲလျှက် ရှိသည်။
Air KBZ ၏ ခရီးစဉ်များအတွက် လက်မှတ်တန်ဖိုးက ခုချိန်အထိ အတည်မပြုနိုင်သေးကြောင်းလည်း ဦးမြတ်သူ က ပြော ပြသည်။
Air KBZ က ရန်ကုန်-မဲဆောက် ခရီးစဉ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ တပတ်လျှင် ၅ ကြိမ် ပြေးဆွဲမည် ဟုလည်း သူကထပ်ပြောသည်။ ထိုခရီးစဉ် အတွက် ထိုင်းနိုင်ငံမှ တန်ဖိုးနည်း လေကြောင်းလိုင်းတခု ဖြစ်သည့် Nok Air နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟုလည်း သိရသည်။ လက်ရှိအချိန်တွင် Nok Air က မဲဆောက်သို့ ပြေးဆွဲနေသည့် ၎င်း၏ ခရီးစဉ်များကို ရပ်နားထားသည်။ မြန်မာ ရွှေ့ပြောင်းနေထိုင်သူ အမြောက်အများ ရှိနေသည့် မဲဆောက်သို့ ပျံသန်းသည့် မြန်မာလေကြောင်းလိုင်း မရှိသေးပါ။
ထိုင်းနယ်စပ်မြို့ ဖြစ်သည့် မဲဆောက်မှ ရန်ကုန်သို့ ကရင်ပြည်နယ် မြဝတီမှ တဆင့် ဘတ်စ်ကားနှင့် သွားလာနိုင်သော် လည်း လမ်းကောင်းမွန်ခြင်းမရှိဘဲ ခရီးစဉ်အတွက် နာရီပေါင်းများစွာ ကြာမြင့်သည်။
“နေ့စဉ် မဲဆောက်ကနေ ရန်ကုန်ကို ပြန်လာနေတဲ့ မြန်မာတွေ အများကြီးရှိပါတယ်။ ဒါက ကြီးမားတဲ့ ဈေးကွက်တခုပါ” ဟု Air KBZ၏ အထွေထွေ မန်နေဂျာ ဦးမြတ်သူက ပြောသည်။
Air KBZ က ခရီးစဉ် ၂ ခုလုံးကို ခရီးသည် ၆၈ ယောက်လိုက်ပါနိုင်သည့် ATR- 72 လေယာဉ်များဖြင့် ပြေးဆွဲမည် ဖြစ်သည်။ ယခုလအတွင်း လေယာဉ် အသစ်တစင်း ဝယ်ယူသွားမည်ဖြစ်ပြီး နောက်နှစ် ဇန်နဝါရီလတွင်လည်း နောက်တစင်း ထပ်မံဝယ်ယူသွားမည်ဟု သိရသည်။ လက်ရှိ အချိန်တွင် Air KBZ က က ပြည်တွင်း ခရီးစဉ် ၁၆ ခုအတွက် လေယာဉ် ၆ စင်း ဖြင့် ပျံသန်းပြေးဆွဲလျှက်ရှိသည်။
Air KBZ ကို ကမ္ဘောဇဘဏ်က ပိုင်ဆိုင်ပြီး မြန်မာလုပ်ငန်းရှင်ကြီး တဦးဖြစ်သည့် ဦးအောင်ကိုဝင်း၏ စီးပွားရေး အင်ပါယာ တစိတ် တပိုင်းလည်း ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံမှ နိုင်ငံတကာလေကြောင်းလိုင်း တခုဖြစ်သည့် Myanmar Airways International (MAI) ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသည်။
မြန်မာနိုင်ငံတွင် တိုးများလာနေသည့် ပြည်တွင်း လေ ကြောင်း ပို့ဆောင်ရေး ကဏ္ဍအတွင်းသို့ နောက်ဆုံးဝင်ရောက်လာ သည့် လေကြောင်းလိုင်းမှာ Mann Yadanarpon လေကြောင်းလိုင်း ဖြစ်ပြီး ဖေဖော်ဝါရီ လအတွင်းက စတင်ခဲ့သည်။ လက်ရှိအချိန်တွင် Mann Yadanarpon က ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မြစ်ကြီးနား ခရီးစဉ် များ ပြေးဆွဲလျှက်ရှိသည်။ မန္တလေးမြို့တွင် အခြေစိုက်သည့် Mann Yadanarpon လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ၈ ခုမြောက် ပြည်တွင်းလေကြောင်းလိုင်းဖြစ်သည်။