အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာ လိုင်စင် ရရှိထားသော အော်ရီဒူးကုမ္ပဏီနှင့် တယ်လီနော ကုမ္ပဏီတို့နှင့် အပြိုင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း MPTမှ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ဂျပန်ကုမ္ပဏီ ၂ ခုဖြစ်သော KDDI ကုမ္ပဏီ၊ Sumitomo Corporation တို့နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ် ရေး ထိုးပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။
“အခုထက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေပေးနိုင်အောင် ကျနော်တို့ ပူးပေါင်းတာပါ။ လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေနဲ့ အပြိုင် ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။
ဂျပန် KDDP ကုမ္ပဏီနှင့် Sumitomo ကုမ္ပဏီတို့သည် KDDI Summit Global Myanmar (KSGM) ကုမ္ပဏီကို ပူးတွဲ တည်ထောင် ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှု ပမာဏအဖြစ် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀ ဖြစ်ပြီး ကနဦး ၁၀နှစ်စာချုပ် ချုပ်ကာလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ယင်းမှ တဆင့် နှစ်ဘက်သဘောတူညီမှုရှိပါက ဆက်လက်သက်တမ်းတိုးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
KSGMကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ တကရှိနာဂရှီမက “အသစ်ဝင်လာမယ့် ကုမ္ပဏီ ၂ ခုကို တွန်းလှန် နိုင်အောင် ပူးပေါင်းတာပါ။ ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆပြီးသားပါ။ မိုဘိုင်းလ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိ Network လွှမ်းခြုံမှု အတိုင်းအတာမှာ MPT ကနံပါတ်တစ်ပါ။ ဒီအချိန်မှာ ဒီထက်ကောင်းတဲ့ စက်ပစ္စည်းတွေနဲ့ နည်းပညာ ပူးပေါင်းလိုက်ရင် MPT ကရပ်တည်နိုင်မှာပါ။ စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရမှာပါ”ဟု ပြောသည်။
KSGM ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းများမှတဆင့် ဆက်သွယ်ရေးနှင့်အင်တာနက်ဝန်ဆောင်မှုတင်မကဘဲ ကြိုးဖုန်းများမှ တဆင့် အင်တာနက်သုံးနိုင်မည့် ဝန်ဆောင်မှု များပါ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရာတွင် လုပ်ငန်း အသေး၊ လုပ်ငန်းအကြီး အလိုက် အရွယ်အစားအမျိုးမျိုး သုံးစွဲနိုင်ရန် အင်တာနက်မြန်နှုန်းများကိုလည်း ဈေးနှုန်း အမျိုးမျိုး ခွဲခြားရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ဖုန်းခေါ်ဆိုခဈေးနှုန်းများနှင့် ပတ်သက်၍ ယခုအချိန်တွင် အတိအကျမပြောနိုင်သေးသော်လည်း ယခုခေါ်ဆိုခ နှုန်းထား ထက် နိမ့်ကျမည်ဖြစ်ကြောင်းနှင့် မကြာမှီအတောအတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။
MPT နှင့် ပူးပေါင်းဆောင်ရွက်သည့် Sumitomo Corporation သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ၁၉၇၂ခုနှစ်မှ စတင်ကာ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည့် ကုမ္ပဏီတခုဖြစ်ပြီး အရှေ့တောင်အာရှ ရုံးခွဲကို မြန်မာပြည်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
“Sumitomo နဲ့ မြန်မာနဲ့က ဟိုးနှစ်ပေါင်း ၃၀လောက်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တာပါ၊ ပြီးခဲ့တဲ့ ဆီးဂိမ်း တုန်းကလည်း ဆက်သွယ်ရေးဆိုင်ရာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ အတွက် ပူးပေါင်းလုပ်ဆောင် ခဲ့ပါတယ်” ဟု Sumitomo Corporation ၏ အထွေထွေမန်နေဂျာ မစ္စတာ ထာဇူဂျီရို နရီတိုက ပြောသည်။
Sumitomo Corporation သည် ဂျပန်နိုင်ငံ တိုကျို အခြေစိုက်ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၆၇နိုင်ငံတွင် ရုံးပေါင်း၁၃၉ရုံး ဖွင့်လှစ်ထားပြီး KDDI ကုမ္ပဏီသည် နိုင်ငံပေါင်း ၂၈နိုင်ငံတွင် ရုံးပေါင်း ၁၀၄ခု ဖွင့်လှစ်ထားသော ကုမ္ပဏီဖြစ်သည်။