စီးပွားရေး

မြန်မာပြည် EITI အဖွဲ့ဝင်လောင်း ဖြစ်လာသော်လည်း စိန်ခေါ်မှု အမြောက်အမြား ကျန်နေသေး

This article has been converted from Zawgyi One to Unicode

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ် တခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝသယံဇာတ အရင်း အမြစ် တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့က (EITI) အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် လက်ခံလိုက်ကြောင်း ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ ထိုသို့ဆုံးဖြတ် လိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် လာမည့်နှစ်မှစ၍ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ခြင်းမှ ရရှိသည့် ဝင်ငွေများကို နိုင်ငံတကာပွင့်လင်းမြင်သာမှု စံချိန်စံညွှန်းနှင့်အညီ ထုတ်ပြန်ပေး ရတော့မည်ဖြစ်ပြီး တိုင်းပြည်အတွင်းမှ အကျင့်ပျက်ခြစားမှု ပြဿနာကို ဖြေရှင်းမှုအတွက်လည်း အရေးပါသည့် ခြေလှမ်းတရပ် ဖြစ် လာသည်။

“မြန်မာနိုင်ငံရဲ့ များပြားကျယ်ပြန်တဲ့ သဘာဝ အရင်းအမြစ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို တံခါးဖွင့်ပေးနေတဲ့ အရေးပါတဲ့ အချိန်မှာ EITI ကို မြန်မာနိုင်ငံ ဝင်ရောက်လာခြင်း ဖြစ်ပါ တယ်။ EITI ကို လိုက်နာခြင်းအားဖြင့် အစိုးရက ပြည်သူတွေကို နိုင်ငံပိုင် သဘာဝအရင်း အမြစ်တွေကို ဘယ်လို စီမံခန့်ခွဲနေတယ် ဆိုတာကို သိခွင့်ရှိလာတော့မှာဖြစ်ကြောင်း ကတိပြုခဲ့ပြီး ဖြစ်ပါတယ်” ဟု EITI ၏ ဥက္ကဋ္ဌ Claire Short က ကြေညာချက်တခုတွင် ပြောကြားလိုက်သည်။

မြန်မာ EITI ညှိနှိုင်းဖော်ဆောင်ရေး တာဝန်ခံ ဒေါက်တာဇော်ဦးက “EITI က ကျနော်တို့တွေ သယံဇာတ ကျိန်စာကနေ လွတ်မြောက်နိုင်မယ့် အသုံးဝင်တဲ့ ကရိယာတခုကို ပေးပါတယ်။ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ အတွက်လည်း အရေးပါတဲ့အထောက်အကူတခုဖြစ်ပါတယ်။ EITI စံချိန်စံညွှန်းတွေနဲ့အညီ အကောင် အထည်ဖော်တဲ့ နေရာမှာ တွေ့လာရမယ့် စိန်ခေါ်မှု အမြောက်အမြား ကိုလည်း ကျနော်တို့ ကျော်လွန်နိုင်ရ ပါမယ်” ဟု ပြောသည်။

သို့သော်လည်း လုံခြုံစိတ်ချရသည့်ပတ်ဝန်းကျင် တခု ဖြစ်စေရန် အစိုးရက ကတိပြုခြင်းမှာ သေချာမှု ရှိမရှိ ၎င်းတို့ အလေးအနက် သံသယရှိနေကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများက သတိပေးလိုက်ကြသည်။

EITI က သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အကျင့်ပျက်ခြစားမှု မှ ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့အဆင့် ပွင့်လင်းမြင်သာမှုစံနှုန်းတခု သတ်မှတ် ထားသည်။ EITI  နှင့်ပူးပေါင်း ဆောင်ရွက်လိုသော အစိုးရများသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တု တူးဖော်ရေး စီမံကိန်းများမှ ငွေပေးချေ မှုများကို EITI မှ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ထုတ်ပြန်ပေးရန် လိုအပ်သည်။

ထုတ်ပြန်ပေးရမည့် အသေးစိတ်အချက်အလက် များတွင် ကုမ္ပဏီပိုင်ဆိုင်သူ၊ စာချုပ်သက်တမ်းများ၊ အစိုးရပိုင် သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရရှိသော ဝင်ငွေ ခွဲဝေမှုတို့ ပါဝင်သည်။ မြန်မာနိုင်ငံက အဆိုပါအချက် များကိုလိုက်နာကျင့်သုံးရန် ကတိပြုခဲ့သည်ဟု EITI ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ၂၀၁၃-၁၄ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အတွက် အဆိုပြုလွှာတင်သွင်း ရာတွင် အောင်နိုင်ခဲ့ ကြသည့် ကုမ္ပဏီများ၏ ရှယ်ယာအများဆုံး ပိုင်ဆိုင် သူများကိုလည်း ထုတ်ပြန်ပေးသွား မည်ဟုသိရသည်။

အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့်  Global Witness က ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် မကြာသေးမီက အဆိုပြုလွှာ တင်သွင်းခဲ့ကြသည့် ကုမ္ပဏီများသည် အလွန်လျှို့ဝှက်ပြီး ကုမ္ပဏီ ၄၇ ခုထဲ မှ ၁၃ ခုကသာ ပိုင်ဆိုင်သူနှင့် ပတ်သက်သည့် မေးခွန်းများကို တုံ့ ပြန်ခဲ့ပြီး ၎င်းတို့ထဲမှ ကုမ္ပဏီ ၂ ခုကသာ အမြင့်ဆုံး ပိုင်ဆိုင်သူကို ထုတ်ဖော်ခဲ့ကြသည်ဟု ဝေဖန်ခဲ့သည်။ အင်္ဂလန်နိုင်ငံအခြေစိုက် ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်သည့်  Global Witness က တခါတရံ ထိုသို့လျှို့ဝှက်ခြင်းမျိုး သည် အကျင့်ပျက် ခြစားမှုကို ဖုံးကွယ်ရန် အသုံးချခြင်းဖြစ်လေ့ရှိသည် ဟု ဆိုသည်။

ဦးသိန်းစိန်က ၎င်း၏အစိုးရသည် တာဝန်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်နှင့် သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများ က သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား အခြေအနေ များကို ထိခိုက်မှုမရှိကြောင်း သေချာစေရန်အတွက် EITI နှင့် ဆက်သွယ်ဆောင်ရွက်လိုကြောင်း မတ်လ အတွင်းက ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ရှိမည်ဟု ခန့်မှန်းရသည့် သဘာဝဓာတ်ငွေ့နှင့် စည် ပေါင်း ၃ ဒသမ ၂ ထရီလီယံခန့် ရှိမည်ဟုခန့်မှန်းရ သည့် အရန်ရေနံသိုက်များ၊ များပြားသည့် တွင်းထွက် သတ္တုများ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ၊ အကြီးစား ရေအားလျှပ်စစ် အရင်းအမြစ်များနှင့် ကျယ်ပြန့်သည့် သစ်တောကြီးများ စသည့် မြန်မာ နိုင်ငံ၏ များပြားလှသည့် သဘာဝသယံဇာတအရင်း အမြစ်များကို  ဆယ်စုနှစ် ပေါင်းများစွာအတွင်း စစ်အစိုးရနှင့် ၎င်း၏လက်စွဲ လုပ်ငန်းရှင်ကြီးများက လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားခဲ့သည်။ သဘာဝ အရင်းအမြစ်မှ ရရှိသည့် ဝင်ငွေများသည် စစ်တပ် အတွင်းသို့ စီးဝင်ပြီး ကုန်ခန်းသွားကြသည် သို့မဟုတ် ထိပ်တန်းအရာရှိကြီးများ၏ အိတ်ထဲသို့ရောက်ရှိ သွားကြသည်။ ထိုအချိန်တွင် ကျန်းမာရေးစောင့် ရှောက်မှုနှင့် ပညာရေး အသုံးစရိတ်က အနိမ့်ဆုံး အဆင့်အတန်းတွင် သာရှိနေခဲ့သည်။

ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ အကြီးစားကုန်ထုတ်လုပ်ငန်းနှင့် ရေကာတာစီမံကိန်း များသည် လည်း တိုင်းရင်းသား ပဋိပက္ခများ၊ စစ်ရေး အခြေအနေများနှင့် တွဲဆက်နေသည်။ မြန်မာနိုင်ငံမှ သဘာဝ အရင်း အမြစ်များသည် တိုင်းရင်းသား ဒေသများတွင် အများဆုံးရှိနေပြီး တခါတရံတွင် စီမံကိန်းများကြောင့် ဒေသခံ ပြည်သူများ စီးပွားရေး နှင့် လူမှုရေးသက်ရောက်မှုများ ကြီးမားစွာ ခံစားရ တတ်သည်။ သို့သော်လည်း EITI သည် ဝင်ငွေ ပွင့်လင်းမြင်သာမှု ရှိရေးကိုသာ ဦးတည်ထားပြီး ထိုကဲ့သို့ စီမံကိန်းသက်ရောက်မှုများကို ဖြေရှင်းရန် လိုအပ်ချက်များ သို့မဟုတ် အာဏာပိုင်များက ဒေသခံပြည်သူများ၏ လိုက်လျောသဘောတူညီမှု တောင်းခံရန် လိုအပ်ကြောင်း မပါဝင်ပေ။

ပြီးခဲ့သည့်လများအတွင်း အစိုးရက မြန်မာ နိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော် ရေးလုပ်ကိုင် နေသည့် ကုမ္ပဏီများနှင့် အလုပ်လုပ်ခဲ့ သလို ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း မြန်မာနိုင်ငံ EITI အဖွဲ့ဝင်လောင်းအဖြစ် လျှောက် ထားနိုင်ရေးအတွက် ပြင်ဆင်ခဲ့သည်။ မြန်မာနိုင်ငံ သည် ယခုအချိန်တွင်  အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အပါအဝင် EITI အဖွဲ့ဝင်လောင်းများဖြစ်သည့် ၄၄ နိုင်ငံ ပါဝင်သည့်အဖွဲ့နှင့် ပေါင်းခဲ့ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်မတိုင်မီတွင် EITI ကိုလိုက်နာသည့် အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ ဖြစ်လာနိုင်သည်။

EITI သည် နော်ဝေနိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံတကာ အစိုးရများက အထောက်အပံ့ပေးထားသည်။ အဖွဲ့ဝင်လောင်း နိုင်ငံများသည် EITI ၏ လိုအပ်ချက်များ အကောင်အထည်ဖော်ရန်နှင့် ငွေကြေးပွင့်လင်း မြင်သာရှိမှုကို မြှင့်တင်ပေးနိုင်မည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဖန်တီးနိုင်ရေး အတွက် အလှူရှင်များ၏ ထောက်ပံ့မှုများလည်း ရရှိ နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီ ၈၀ ခန့်လည်း အဆိုပါအစီအစဉ်တွင် ပါဝင်နေသည်။

စိုးရိမ်မှုများနှင့် ပွင့်လင်းမြင်သာမှု

ယခုအချိန်တွင် အဖွဲ့ဝင်လောင်းအဖြစ်လက်ခံ လိုက်ပြီဖြစ်၍ မြန်မာနိုင်ငံသည် သတ်မှတ်ထားသည့် အချိန် အတိုင်းအတာတခုအတွင်း EITI ၏ လိုအပ် ချက်များကို အကောင်အထည်ဖော်ရတော့မည် ဖြစ် သည်။ ပထမအဆင့် အစီရင်ခံစာကို ၁၈ လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ မတိုင်မီ အပြည့်အဝလိုက်နာမှုကို ပြန်လည်သုံးသပ်မည် ဖြစ်သည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပါဝင်မှုက လည်း EITI အတွက် အဓိကကျသည်။ EITIလုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း များက သက်ဆိုင်ရာ တာဝန်ရှိသူပေါင်းစုံ ပါဝင်သည့် အဖွဲ့အစည်းတခု (သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ MSG) နှင့် ပူးပေါင်းဆောင်ရွက် ရန်  လိုအပ်သည်။ ၎င်းတို့ကလည်း ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တု တူးဖော်ရေး မဟုတ်သည့်ကဏ္ဍများတွင် အဆိုပါ စံသတ်မှတ်ချက်များကို အသုံးမပြုလိုသည့်တိုင် အောင် EITI ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များ၏ တိကျသက်ရောက်မှု အတိုင်း အတာကို သဘောတူလက်ခံရမည် ဖြစ်သည်။

“ကျနော်တို့လုပ်စရာအလုပ်တွေ အများကြီးရှိ သေးတယ်။ ဒါပေမယ့် ဘယ်သူမှ အဆင်သင့် မဖြစ် သေးဘူး” ဟု Myanmar Alliance for Transparency and Accountability (MATA)  မှ ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ ဦးတာရာမောင် က ဧရာဝတီသို့ပြောသည်။

“ကျနော်တို့ ဘယ်လို အတိုင်းအတာအထိ လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ သုံးပွင့် ဆိုင်ညွှန့်ပေါင်း အဖွဲ့ MSG အနေနဲ့ ဆွေးနွေးမှုတွေ ကို အပြီးလုပ်ရပါမယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ကတော့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် နဲ့သစ်တောကဏ္ဍတွေပါဝင်စေချင်ကြတယ်။ အစိုးရ ဘက်ကတော့ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း နဲ့ ကျောက်မျက်လို တူးဖော်ရေးကဏ္ဍ အချို့ကို လက်ခံဖို့ အသင့်ဖြစ်နေပုံရပါ တယ်” ဟုလည်း သူက ပြောသည်။

Global Witness ၏ ရေနံ၊ သဘာဝဓာတ်ငွေ့ နှင့် သတ္တုတူးဖော်ရေးဆိုင်ရာအဖွဲ့မှ Juman Kubba က”EITI အစီအစဉ်က ဘယ်လောက်ကွဲပြားခြားနား အောင် အမှန်တကယ်လုပ်ပေးနိုင်မလဲ ဆိုတာက မြန်မာနိုင်ငံက EITI ရဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက် တွေထက်ပိုပြီး ဘယ်လောက်အထိလိုက်နာဖို့ ဆန္ဒရှိ သလဲဆိုတာပေါ်မှာ မူတည်ပါတယ်” ဟု ပြောသည်။

“လာမယ့်လတွေမှာ မြန်မာနိုင်ငံ အနေနဲ့ ပြည်သူတွေသိဖို့ လိုအပ်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတွေက ဘာတွေတာဝန်ခံ လုပ်ဆောင်ရမယ် ဆိုတဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေး ခြင်းအားဖြင့် ပွင့်လင်း မြင်သာမှုနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ အလေးအနက် ထားတယ်ဆိုတာ ကို ပြသဖို့အခွင့်အရေး ရှိလာ ပါပြီ။ တကယ်လို့ ဖြစ် မလာဘူးဆိုရင်တော့ နွှှုှု အနေနဲ့ မြန်မာနိုင်ငံက (အစိုးရက) အပေါ်ယံ ပြုပြင်ပြောင်းလဲ ရေးကို အပေါ်ယံသာ လုပ်ဆောင်နေတယ်လို့ သတ်မှတ် လိုက်ရမယ့်အန္တရာယ် ရှိနေပါတယ်” ဟု သူကဆို သည်။

မြန်မာနိုင်ငံမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များက အဓိကစိုးရိမ်နေသည်မှာ အစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်းများ အရေးထားသည့် EITI ၏ စံချိန်စံညွှန်းများကို လိုက်နာရန် ကတိပြုပါမည် လားဆိုသည့် အချက်ဖြစ်သည်။ အစီအစဉ်အရ အစိုးရ က EITI တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်နိုင်သည့် အနေအထား ဖန်တီးပေးရန်အတွက် ကတိပြုရန် လိုအပ်သည်။ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၏ ကိုယ်စားပြုရန်အခွင့် အရေးကို အစိုးရက လေးစားရမည်ဖြစ်ပြီး ပြည်သူလူထုကြား တွင် ပွင့်လင်းစွာ ဆွေးနွေးငြင်းခုံခွင့် ရှိရေးကိုလည်း သေချာစေရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ရန် ရှိသည့် ရက်သတ္တပတ်များအတွင်းတွင် လွှတ်တော် က တိုင်းပြည်တွင်းမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များကို ကန့်သတ်ထားမှုများအား ဖြေလျှော့ပေးခဲ့ သည်။ အဖွဲ့အစည်းများကို အစိုးရထံတွင် မှတ်ပုံတင် ရန် လိုအပ်သော်လည်း ပျက်ကွက်ခဲ့ပါကလည်း အရေးယူ အပြစ်ပေးခြင်းမခံရသည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဥပဒေကို လွှတ်တော်ကိုယ်စားလှယ် များက အတည်ပြုပေးခဲ့သည်။ လွှတ်တော်က ငြိမ်း ချမ်းစွာစုဝေးခွင့် ဥပဒေကိုပြင်ဆင်ပြီး ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြပါက ထောင်ဒဏ် ၆ လ ကျခံရသည့် ပြစ်ဒဏ်ကို ၃ လသို့ လျှော့ချပေးခဲ့သည်။

ယခုအပတ် အစောပိုင်းတွင် Myanmar Alliance for Transparency and Accountability (MATA)  က EITI ၏ နိုင်ငံတကာ ဘုတ် အဖွဲ့သို့ မြန်မာနိုင်ငံတွင် အရပ်ဘက် လူ့အဖွဲ့အစည်း များ လွတ်လပ်ခွင့် မရှိသေး ကြောင်း သတိပေးစာ တစောင် ရေးသားပေးပို့ခဲ့သည်။ အဆိုပါစာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအဝှမ်း မှ ဒေသဆိုင်ရာအဆင့် လုပ်ငန်းဆောင်ရွက်မှုကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ခြင်း မရှိသေး ကြောင်း၊ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ဖြစ်ကြောင်းနှင့် ဒေသတွင်း  အရပ်ဘက်  လူ့အဖွဲ့အစည်းများကို ဒေသခံအာဏာပိုင်များက စောင့်ကြည့်ထိန်းချုပ်ခြင်း၊ နှောင့်ယှက် ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။

အစိုးရမဟုတ်သည့် အဖွဲ့အစည်း ၄၇၀ အတွက် ဆောင်ရွက်ပေးနေသည့် ဗြွှဗ က မြန်မာနိုင်ငံ၏ EITI လျှောက်ထားမှုကို ရွှေ့ဆိုင်းထားရန် ဘုတ် အဖွဲ့အား တောင်းဆိုနေမှုကို ရပ်တန့်လိုက်သော် လည်း မြန်မာအစိုးရသည် အရပ်ဘက် အဖွဲ့အစည်း များ လွတ်လပ်ခွင့်အတွက် ဆောင်ရွက်ပေးရန် ကတိပြုထားသည့်အတိုင်း ဆောင်ရွက်ပေးရန် ပျက် ကွက်ခဲ့သည်ဟု ပြောခဲ့သည်။

အစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်းများ လုပ် ကိုင်နိုင်မည့် ပိုမိုကောင်းမွန်သည့် အခြေအနေမျိုး ဖန်တီးပေး ရန် ကတိပြုခဲ့သော်လည်း အကောင်အ ထည်ဖော်သည့်နေရာတွင် အလွန်အားနည်းခဲ့သည်ဟု အဆိုပါ သတိပေးစာတွင် MATA က ပြောသည်။ EITI နှင့် ပတ်သက်၍ အစိုးရက အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များနှင့် အလုပ်လုပ်မည်ဖြစ်သည် ဟု ဖော်ပြထားသော ဝန်ကြီးအဖွဲ့၏ အမိန့်တခုကို ဒေသဆိုင်ရာ အာဏာပိုင် များထံသို့ ပေးပို့ခဲ့ခြင်း မရှိသလို အများပြည်သူ သိအောင် ထုတ်ပြန်ခြင်း မရှိဟုလည်း ထပ်ပြောသည်။

“EITI ရဲ့ လိုအပ်ချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့နဲ့ ဒေသအာဏာပိုင်တွေ ပြည်သူတွေကို သတင်းပေးဖို့ အစိုးရကို ကျနော်တို့ တောင်းဆိုပါတယ်။ သူတို့က လုပ်မယ်လို့တော့ပြော တယ်။ ဒါပေမယ့် ဘယ်တော့မှ လက်တွေ့မလုပ်ဘူး။ ဒါကြောင့် သူတို့က ကျနော်တို့နဲ့ ဂိမ်းကစားနေတာ လားလို့တောင် ကျနော်တို့တွေးမိတယ်” ဟု MATA  မှ ဦးတာရာမောင်က ပြောသည်။

EITI ၏ လုပ်ငန်းစဉ်များ အမှန်တကယ် ဖြစ်လာစေရန်နှင့် မြန်မာနိုင်ငံမှအရပ်ဘက် လူ့အဖွဲ့ အစည်းများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်သည့် အခြေအနေမျိုး ဖန်တီးပေးနိုင်ရန်အတွက် အစိုးရကို ပိုမိုဖိအားပေးရန်လည်း MATA က EITI ကို တောင်းဆိုခဲ့သည်။

မြန်မာအစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်း တို့၏ လွတ်လပ်ခွင့်ကို မြှင့်တင်ပေးနိုင်ရန်၊ ဒေသ ဆိုင်ရာ အာဏာပိုင်များ၏ နိုင်လိုမင်းထက် ပြုမူမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်း များ၏ လူမှုရေးသက်ရောက်မှုများကို ဖြေရှင်းပေးရန် အမှန်တကယ် ဆန္ဒမရှိဘဲ နိုင်ငံတကာအလယ်တွင် ဂုဏ်ရှိစေရန်အတွက်သာ ဖြစ်နေမည်ကို အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက စိုးရိမ်နေကြကြောင်း  Shwe Gas Movement မှ ဒါရိုက်တာ ဦးဝင်းအောင်က ပြောသည်။

“သဘာဝသယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ကျနော်တို့ကြိုးစားပြီး ဆက်တိုက်ဆက် လုပ်သွားရပါမယ်။ ဒါပေမယ့် အစိုးရကတော့ ဒီ စိုးရိမ်ပူပန်မှုတွေကို သတ်မှတ်ပေးထားတဲ့ အချိန် အတိုင်းအတာအတွင်း ဖြေရှင်းနိုင်ဖို့ ခြေလှမ်း တလှမ်း မလှမ်းရသေးဘူး။ သူတို့မှာ ဒီကိစ္စတွေကို ကာလတိုအတွင်း ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒမရှိဘူး လို့ ကျနော်ထင်တယ်။ နိုင်ငံတကာအလယ်မှာ ပုံရိပ် ကောင်းအောင်နဲ့ EITI လုပ်ငန်းစဉ်တွေကတဆင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင် နိုင်ဖို့အတွက်ပဲ ကြိုးစားနေတယ်။ အစိုးရက အရမ်း ပါးနပ်တယ်” ဟု ဦးဝင်းအောင်က ပြောသည်။

“သဘာဝသယံဇာတ ကဏ္ဍမှာ ကောင်းမွန် တိုးတက်မှုရှိလာဖို့က အဝေးကြီးလိုပါသေးတယ်”ဟု သူက ထပ်ပြောသည်။   Shwe Gas Movement သည် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ (MSG) တွင် အဖွဲ့ဝင် ဖြစ်သည်။

သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ (MSG) ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့အား အစိုးရမဟုတ်သည့် အဖွဲ့အစည်း များ၏ စိုးရိမ်မှုနှင့် ပတ်သက်၍  ဧရာဝတီက အီးမေးလ်ပေးပို့၍ မေးမြန်းခဲ့ သော်လည်း ပြန်လည် ဖြေကြားမှု မရရှိခဲ့ပါ။

Loading