စီးပွားရေး

မြန်မာကို ကျွန်သဖွယ် စေခိုင်းသည်ဟု စွပ်စွဲချက်ကြောင့် ထိုင်းကို အနောက် ကုမ္ပဏီများ ဖိအားပေး

This article has been converted from Zawgyi One to Unicode

ထိုင်းကုမ္ပဏီကြီးများက မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် လူကုန်ကူးခြင်းနှင့် ငွေဝယ်ကျွန်ခဲ့သို့ ခိုင်းစေခြင်း လုပ်ငန်း များ နှင့် ဆက်သွယ်မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ရှိနေသည့် အတွက် အမေရိကန် လူ့အခွင့်အရေး အဖွဲ့တခုက အနောက်တိုင်းမှ အစားအစာ လက်လီ ရောင်းချသည့် ကုမ္ပဏီများ အနေဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးရန် တောင်းဆိုလိုက်သည်။

ထောင်ပေါင်းများစွာသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်လျှက်ရှိသည့် ထိုင်း ငါးဖမ်းလုပ်ငန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ဝါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးဖိုရမ် (ILRF) က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လန်ဒန် အခြေစိုက် The Guardian သတင်းစာက စုံစမ်းခြင်းပြုလုပ်ခဲ့ခြင်းဖြစ်၍ ကမ္ဘာ တဝှမ်းရှိ စူပါမားကက်ကြီးများတွင် ရောင်းချရန်အတွက် ပုဇွန်များ ထုတ်လုပ်ခြင်းလုပ်ငန်းတွင် လူပေါင်းများစွာကို တိရိစ္ဆာန်များသဖွယ် အရောင်းအဝယ်ပြုလုပ် နေပြီး ထိုင်းငါးဖမ်းလှေများပေါ်တွင် မိမိ၏ အလိုဆန္ဒမပါဘဲ အလုပ်လုပ်နေကြရသည်ဟု ရေးသားဖော်ပြခဲ့သည်။

CP Foods သည် မြန်မာ ငွေဝယ်ကျွန် လုပ်သားများကို အသုံးပြုနေသည့် ထိုင်း ငါးဖမ်းလှေများနှင့် အနီးကပ် ဆက်သွယ်မှု ရှိနေကြောင်း The Guardian သတင်းစာ ဖော်ထုတ်ခဲ့သည်။ ထိုသတင်းကြောင့် ပြင်သစ်နိုင်ငံ အခြေစိုက် Carrefour အပါ အဝင် အနောက်နိုင်ငံများမှ စူပါမားကက် ကုမ္ပဏီ ၂ ခုက CP Foods ၏ ကုန်ပစ္စည်းများ ဝယ်ယူခြင်းကို ရပ်ဆိုင်းခဲ့ပြီး ဖြစ် သည်။

“အလျှင်အမြန် အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ (ပုဇွန်) ဝယ်ယူသူတွေဖက်က အရေးယူမူဟာ ဒီထောက်ပံ့ရေး ကွင်းဆက် တလျှောက်မှာ ရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို သိသိသာသာ ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်” ဟု ILRF မှ လှုပ်ရှားမှု ဒါရိုက်တာ Abby Mills က ဧရာဝတီသို့ ပြောသည်။ “ဒါပေမယ့် ILRF အနေနဲ့ ဆက်သွယ်မှု ဖြတ်တောက်ရုံပဲ ဖြတ်တောက်ပြီး ထွက်သွားတဲ့ လုပ်ရပ်မျိုးကိုလည်း မထောက်ခံပါဘူး” ဟုလည်းဆိုသည်။

“ထောက်ပံ့သူတွေနဲ့ အဆက်အသွယ် မဖြတ်တောက်မီ ပထမဆုံး အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရတဲ့ အခြေ  အနေလိုမျိုး အခြေခံပြဿနာတွေကို ဖြေရှင်းဖို့၊ ပြန်လည်ပြင်ဆင်ဖို့ အတွက် ရွေးချယ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ အနောက် တိုင်း ကုမ္ပဏီတွေ အနေနဲ့ အမှန်တကယ် အပြောင်းအလဲဖြစ်လာပြီး ထောက်ပံ့မှု လမ်းကြောင်းကို ပွင့်လင်းမြင်သာ ရှိလာ စေဖို့၊ အလုပ်သမား ဥပဒေချိုးဖောက်မှုကို ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ တိုးတက်လာဖို့ နဲ့ အလုပ်သမားတွေဖက်က သတင်းပို့ တိုင်ကြားရဲလာအောင် အားပေးဖို့ ဖြေရှင်းဖို့ နည်းလမ်းရှာ ဖွေနိုင်ဖို့ မိမိတို့ရဲ့ စီးပွားဖက် ထိုင်းကုမ္ပဏီတွေနဲ့ အတူလုပ်ဆောင်သင့်ပါတယ်” ဟု Abby Mills ကပြောသည်။

“သူတို့ကို ကုန်ပစ္စည်းထောက်ပံ့နေသူတွေ ဖက်က တိကျတဲ့ စံနှုန်းတွေရှိလာဖို့နဲ့ ထောက်ပံ့မှုလမ်းကြောင်း တလျှောက်မှာ အသုံးပြု လာစေဖို့ ကုမ္ပဏီတွေ (အနောက်တိုင်း ကုမ္ပဏီတွေ) ရဲ့ အခန်းကဏ္ဍက အရေးပါ ပါတယ်။ ဒါက ဒီ အလုပ်သမား တွေရဲ့ ဘဝနေထိုင်မှုနဲ့ လုပ်ငန်းခွင် အခြေအနေကို ကောင်းမွန်မြင့်တက်လာစေနိုင်ပါတယ်။ ဒီလို တုန့်ပြန်မှုမျိုးက ထိုင်း နိုင်ငံ ပင်လယ်စာလုပ်ငန်း ကဏ္ဍမှာ ဘာကြောင့် အလုပ်သမား လူကုန်ကူးခံရမှု လွှမ်းမိုးနေရတဲ့ အကြောင်းရင်းတွေကို လည်းဖြေရှင်း နိုင်ပါတယ်” ဟုလည်း သူက ဆိုသည်။

အရေးယူ ဆောင်ရွက်ပေးရန် ILRF က တောင်းဆိုသည့် အချိန်တွင် ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖြေရှင်းရန် ပျက်ကွက်ခဲ့ခြင်း အတွက် အမေရိကန်နိုင်ငံ၏ အပြစ်တင် ဝေဖန်မှုကြောင့် ကသိကအောင့် ဖြစ်နေရသည့် အချိန်ဖြစ်သည်။

မကြာမီက ထုတ်ပြန်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူကုန်ကူးခံရမှု နှစ်စဉ် အစီရင်ခံစာတွင် ထိုင်း နိုင်ငံ ကို အနိမ့်ဆုံးအဆင့်တွင် ဖော်ပြထားပြီး မြောက်ကိုရီးယား၊ ဆီးရီးယား နှင့် ဆော်ဒီအာရေးဗီးယား တို့နှင့် အတူရှိနေ ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ အလင်းရောင်လိုအပ် နေသည့် မှောင်မိုက်သည့် နေရာ အများအပြားတွင် မည်သို့ ဖြစ်ပျက်နေကြောင်း အသိပေးရန်ဖြစ်သည်ဟု ပြောသည်။

အမေရိကန်က ထုတ်ပြန်ခဲ့သည့် ယခင် အစီရင်ခံစာများတွင်လည်း လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းရန် တောင်းဆို ခဲ့ သည်။ သို့သော်လည်း ယခုနှစ် အစီရင်ခံစာတွင်ကျမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံကို အဆင့် အတန်း လျှော့ချခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက် အခြေစိုက် CP Foods သည် အရှေ့တောင်အာရှဒေသတလွှားနှင့် တရုတ်နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် CP Group လုပ်ငန်းခွဲတခု ဖြစ်ပြီး တနှစ်တာ လုပ်ငန်းလည်ပတ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံ ရှိပြီး ယင်းပမာနမှာ မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အတွက် GDP ၏ တဝက် ကျော်ဖြစ်သည်။

The Guardian သတင်းစာက “ စုံစမ်းစစ်ဆေးချက်အရ ကမ္ဘာ့ အကြီးဆုံး ပုဇွန်ထုတ်လုပ်သူ ဖြစ်သော ထိုင်းနိုင်ငံ အခြေစိုက် Charoen Pokphand (CP) Foods သည် ၎င်းတို့ မွေးမြူထားသော ပုဇွန်များကို ကျွေးရန်အတွက် အစာ ဝယ် ယူရာတွင် ငွေဝယ်ကျွန် အလုပ်သမားများလိုက်ပါသည့် ငါးဖမ်း သင်္ဘောများဖြင့် လုပ်ကိုင်နေသူ အချို့ထံမှ ဝယ်ယူခဲ့ ကြောင်းတွေ့ ရှိရသည်” ဟု ရေးသားခဲ့သည်။

ရွှေ့ပြောင်း အလုပ်သမားများကို ငါးဖမ်းလှေများသို့ ဖိအားပေးပို့ ဆောင်ပြီး တနေ့လျှင် နာရီ ၂၀ ခန့် အတင်းအကျပ် အလုပ်ခိုင်းစေခြင်း၊ ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်ခြင်းခံနေရသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။ The Guardian သတင်းစာက မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁၅ ဦးကို တွေ့ဆုံ မေးမြန်းခဲ့ရာတွင် သူတို့က ထိုင်းနိုင်ငံမှ စက်ရုံများ၊ သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိရန် အတွက် ပွဲစားများကို ငွေပေးခဲ့ကြရကြောင်း ပြောကြ သည်။

“ဒါပေမယ့် အဲဒီအစား သူတို့ကို သင်္ဘော ကပ္ပတိန်ဆီရောင်းလိုက်တာပါပဲ။ တခါတလေ စတာလင်ပေါင် ၂၅၀ (အမေရိ ကန် ဒေါ်လာ ၄၂၆ ခန့်) လောက်နဲ့ ဖြစ်ပါတယ်။ တချို့တွေ ပင်လယ်ထဲမှာ နှစ်နဲ့ချီပြီးနေခဲ့ရတယ်။ တချို့တွေကိုတော့ သူတို့ ကို ဆက် ထိန်းသိမ်းထားနိုင်ဖို့ မက်သဖက်တမင်း တွေပေးတယ်။ ငွေဝယ်ကျွန်တွေကို သူတို့ရှေ့မှာ သတ်ပစ်တာကို တချို့တွေ မြင်ခဲ့ရတယ်” ဟု The Guardian ကဆိုသည်။

Wal-Mart၊ Carrefour၊ Costco နှင့် Tesco အစရှိသည့် ကမ္ဘာ့ထိပ်တန်း လက်လီအရောင်း လုပ်ငန်းကြီးများ တွင် ရောင်းချ နေသည့် ပုဇွန် အများစုသည် CP Foods မှ တင်သွင်းနေခြင်းဖြစ်သည်ဟု လည်း ၎င်းကပြောသည်။

“ထိုင်းနိုင်ငံရဲ့ ပြောင်းရွှေ့လုပ်သားတွေအပေါ် ဆက်ဆံပြုမူပုံက ပြဿနာရဲ့ အဓိက အရေးပါတဲ့ အချက်ဖြစ်ပါတယ်” ဟု ILRF မှ Abby Mills ကပြောသည်။

“၂၀၁၃ ခုနှစ် ကုန်ပိုင်းလောက်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၃ သန်းကနေ ၄သန်း အထိရှိနိုင်တယ်လို့ ခန့်မှန်းရ ပါတယ်။ အများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ ပင်လယ်ထွက် ပစ္စည်း ပြင်ဆင် ထုတ်လုပ်ရေး နဲ့ အိမ်အကူ လုပ်ငန်းတွေအပါအဝင် အန္တရယ် အများဆုံး၊ အညစ်ပတ်ဆုံး အလုပ်တွေကို လုပ်ဖို့ မြန်မာနိုင်ငံက ရောက်လာကြသူတွေ ဖြစ်ပါတယ် ဟုလည်း သူကပြောသည်။

ရှုပ်ထွေး ကျယ်ပြန့်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် အလုပ်သမား ဥပဒေများကြောင့် အလုပ်ရှင်များက အသာစီးရရှိ နေပြီး ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် လူကုန်ကူးခံရခြင်း၊ မသမာသည့် အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုခံနေရခြင်း ဖြစ်ကြောင်း နှင့် ရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှု အပါအဝင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကို ဖော်ဆောင်ရာတွင် တာ ဝန်ရှိသူများ ကိုယ်တိုင်က တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းများ ရှိနေသဖြင့် ပြဿနာ အမြစ်မပြတ်ဘဲ ဆက်လက် တည်ရှိနေ ရခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။

CP Group သည် ၂၀၁၃ ခုနှစ်အတွင်း ဘန်ကောက်မြို့တောင်ဖက်ရှိ ၎င်း၏ ပင်လယ်ထွက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ မှ မြန်မာ အလုပ်သမားများကို ပြုမူဆက်ဆံပုံကြောင့် သိသာမြင်သာ ဖြစ်ခဲ့ရသည်။ ကုမ္ပဏီက မဟာချိုင်ရှိ စက်ရုံမှ မြန်မာ အလုပ်သမား ၁၆၀ ကို ကြိုတင် အသိမပေးဘဲ အလုပ်ထုတ်ပစ်ခဲ့သည်။ သင့်တော်သည့် လျော်ကြေးငွေလည်း ထုတ်ပေး ခြင်းမပြုခဲ့ပေ။

သို့သော်လည်း ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ဝင်ရောက် ဆောင်ရွက်ပေးခဲ့ ကြသည့် အတွက် ထို အလုပ်သမားများကို မူလနေရာတွင် ပြန်လည်ခန့်ထားပေးရန် ကုမ္ပဏီက သဘောတူခဲ့ရသည်။

ကမ္ဘာ အနှံ့တွင် ဝန်ထမ်း ၂၈၀၀၀၀ ခန့်ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး လက်လီအရောင်း လုပ်ငန်းဖြစ်သည့် 7-Eleven ကိုလည်း လုပ်ကိုင်နေသော CP Group က မြန်မာနိုင်ငံတွင် ဆန်နှင့် ပြောင်းစိုက်ပျိုး ထုတ်လုပ်ရန်နှင့် အသားပြင် ဆင်ထုတ်လုပ်သည့် စက်ရုံများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့ဖူးသည်။

The Guardian ၏ ရေးသားမှုနှင့် ပတ်သက်၍ မှတ်ချက်ပြောကြားပေးရန် ဧရာဝတီ၏ မေတ္တာရပ်ခံမှုကို ဘန်ကောက်မြို့ရှိ CP Foods က ငြင်းပယ်ခဲ့သည်။ အင်္ဂလန်ရှိ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Bob Miller ကမူ “ဒီကိစ္စက ဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်ကြမ်း ပစ္စည်းတွေနဲ့ ပတ်သက်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာ လောက်ရှိသလဲ ဆိုတာကတော့ ကျနော်တို့ မြင်နိုင်တာမှ မဟုတ်တာ” ဟု The Guardian သတင်းစာသို့ ပြောကြားခဲ့ သည်။

ငွေဝယ်ကျွန် အလုပ်သမားများ ကိစ္စထွက်ပေါ်လာသည့် အချိန်တွင် ထိုင်းနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင်များက တိုင်း ပြည်အတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများကို ဦးတည် ထိုးနှက်နေသည်။ ထိုင်းစစ်တပ် နှင့် ရဲ အဖွဲ့က မြန်မာ နှင့် ကမ္ဘောဒီးယားနိုင်ငံသားများ အလုပ်လုပ်နေသည့် စီးပွားရေးလုပ်ငန်းများကို ဝင်ရောက် စီးနင်းနေသည် ဆိုသည့် သတင်း အမြောက်အများလည်း ထွက်ပေါ်နေခဲ့သည်။

သောင်းနှင့် ချီသော ကမ္ဘောဒီးယား နိုင်ငံသားများနှင့် အရေအတွက် မသိရသော မြန်မာနိုင်ငံသား အများစုသည် တရားဝင် စာရွက်စာတမ်း အထောက်အထားမရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူများ ဖြစ်သည်။ တရားဝင် မှတ်ပုံတင်၍ နေ ထိုင်သည့် မြန်မာအလုပ်သမားများသည်ပင်လျှင် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် အချိန်မှ စ၍ ထိုင်း အာဏာ ပိုင်များက အနှောက် အယှက်ပေးမှုနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟုလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

Loading