စီးပွားရေး

ကမ္ဘောဇ၊ ပါရမီနှင့် မက်စ်မြန်မာ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု ထိပ်ဆုံးတွင်ရှိဟု ဆို

This article has been converted from Zawgyi One to Unicode

ပြည်တွင်းကုမ္ပဏီများ ပွင့်လင်းမြင်သာရှိမှုတွင် ကမ္ဘောဇ၊ ပါရမီ နှင့် မက်စ်မြန်မာ ကုမ္ပဏီများ ထိပ်ဆုံးမှ ရပ်တည်လျက် ရှိကြောင်း မြန်မာ့ စီးပွားရေး ကဏ္ဍတွင် တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန(MCRB) ၏ ဇူလိုင် ၂၂ ရက်က ထုတ်ပြန်သည့် သုတေသနပြု အစီရင်ခံစာ၌ ဖော်ပြထားသည်။

MCRB က ပြည်တွင်း ကုမ္ပဏီများ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်သည့် သုသေသနပြု ဆောင်ရွက်ချက်ကို နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့(TI) ၏ Transparency in Coporate Reporting (TRAC) စနစ်အတိုင်း လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သုတေသနပြု လုပ်ဆောင်နိုင်ရန် အတွက် လုပ်ငန်းပမာဏ ကြီးမားသော မြန်မာကုမ္ပဏီများကို ရွေးချယ်ခဲ့ပြီး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်သူ ထိပ်တန်း ၁၀၀နှှင့် ဝင်ငွေခွန် ပေးဆောင်သူ ထိပ် တန်း ၁၀၀ စာရင်းများကို အခြေခံပြီး ကုမ္ပဏီ ၆၀ ကို ရွေးချယ်ကာ အမှတ်ပေး စနစ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။

ယင်းအစီရင်ခံစာနှင့် ပတ်သတ်ပြီး MCRB ၏ ဆက်သွယ်ရေး တာဝန်ခံ ကိုဝင်းကျော်ကျော်က “ဒီအစီရင်ခံစာကို နိုင်ငံတကာနဲ့ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေကို ပေးပို့ပါမယ်၊ အခြားသက်ဆိုင်တဲ့ လွှတ်တော် အမတ်တွေ အပါအဝင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့  သက်ဆိုင်ရာ အစိုးရ ဌာနတွေကိုလည်း ပေးပို့သွားမှာပါ”ဟု ပြောသည်။

ကုမ္ပဏီ ပွင့်လင်းမြင်သာရှိမှုကို အကဲဖြတ် အမှတ်ပေးရာတွင် ကဏ္ဍသုံးခုဖြင့် ခွဲခြား သုသေသန ပြုခဲ့ကြောင်း၊ ယင်းတို့မှာ  အဂတိ တိုက်ဖျက်ရေး လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ခြင်း၊ အဖွဲ့အစည်း ဆိုင်ရာ ပွင့်လင်းမြင်သာမှု ထုတ်ပြန်ခြင်းနှင့် လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထုတ်ပြန်ခြင်းတို့ ဖြစ်သည်ဟု သိရသည်။

ယင်းအချက် သုံးချက်အရ တခုချင်းစီ အလိုက်တွင် မက်စ်မြန်မာ ကုမ္ပဏီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆိုင်ရာတွင် အမှတ်အများဆုံး ဖြစ်ပြီး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုတွင် ကမ္ဘောဇ ကုမ္ပဏီက အမှတ်များဆုံး ဖြစ်သည်။ ပါရမီ ကုမ္ပဏီ အနေဖြင့် အဖွဲ့အစည်း ပွင့်လင်းမြင်သာရှိမှုတွင် ကမ္ဘောဇ ကုမ္ပဏီနှင့်အတူ ထိပ်ဆုံးမှ လိုက်ပြီး လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထုတ်ပြန်မှုတွင် ဒုတိယ နေရာတွင် လိုက်ခဲ့သည်။

လူ့အခွင့်အရေး ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာနှင့် ပတ်သက်သည့် ထုတ်ပြန်မှုတွင် Myanmar Petroleum Resources Ltd E&P ကုမ္ပဏီကလည်း အမှတ်အများဆုံး ရရှိသည်။

စုစုပေါင်းအမှတ်များ အားလုံး ထုတ်ပြန်ချက် အစဉ်လိုက်တွင်  ကမ္ဘောဇ ကုမ္ပဏီက ထိပ်ဆုံးဖြစ်ပြီး ပါရမီ ကုမ္ပဏီနှင့် မက်စ်မြန်မာ ကုမ္ပဏီတို့က အစဉ်လိုက် ဖြစ်သည်။ အခြား ပြည်တွင်း ကုမ္ပဏီကြီးများဖြစ်သည့် ဦးပိုင်နှင့် MEC တို့မှာ  အဆင့် ၅၅ နှင့် ၄၇ တို့တွင် ပါရှိကာ ထူးဂရုစ်မှာ အဆင့် ၃၂ တွင် ရှိနေသည်။ ဇေကမ္ဘာ ကုမ္ပဏီမှာ သုသေသနပြုခဲ့သော ကုမ္ပဏီ ၆၀တွင် နောက်ဆုံအဆင့်တွင် ရှိနေသည်ကို တွေ့ရသည်။

MCRB ၏ ယခု သုတေသနပြုမှုတွင် ပါဝင်ခဲ့သော ကုမ္ပဏီများအား လာမည့် စက်တင်ဘာလထဲတွင် တွေ့ဆုံ ဆွေးနွေးမှုတရပ် ပြုလုပ် သွားမည် ဖြစ်ကြောင်း MCRB ၏ ဒါရိုက်တာ မစ္စ ဗစ်ကီဘိုးမန်း က ပြောသည်။

“ကုမ္ပဏီတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာလမှာ လုပ်သွားမှာပါ၊ ဒီအစီရင်ခံစာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာလည်း ထပ်မံ ထုတ်ပြန်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

MCRB သုသေတနပြုခဲ့သော ကုမ္ပဏီ ၆၀ တွင် ကုမ္ပဏီ ၃၅ ခုသာ ဝက်ဆိုဒ်ထားရှိပြီး အခြား ကုမ္ပဏီများမှာ ဝက်ဆိုဒ် မရှိကြသည် ကို ထူးခြားစွာ တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဝက်ဆိုဒ် မရှိသည့် ကုမ္ပဏီ စာရင်းတွင် နာမည်ကြီး ကုမ္ပဏီကြီး များ ဖြစ်သည့် အိုင်ဂျီအီး၊ ဧဒင်၊ ဦးပိုင်၊ MEC၊ ယုဇန၊ ဇေကမ္ဘာ ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

MCRB သည် ယူကေ အခြေစိုက် လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့ IHRB နှင့် ဒိန်းမတ် လူ့အခွင့်အရေးအဖွဲ့ DIHR တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွဲ့စည်းထားသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး ယူကေ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် အိုင်ယာလန်တို့မှ ရန်ပုံငွေ ထောက်ပံ့ထားသည့် အဖွဲ့အစည်းဖြစ်သည်။

Loading