ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်မြို့အထိ သွယ်တန်းသော ရထားလမ်းနှင့် ကားလမ်းစီမံကိန်းကို တရုတ်အစိုးရဘက်မှ ပယ်ချခြင်းမဟုတ်ဘဲ “မြန်မာအစိုးရနှင့် မြန်မာပြည်သူလူထုများ ထောက်ခံမည်ဆိုလျှင်” ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောဆိုသည်။
ကျောက်ဖြူ၊ ကူမင် ရထားလမ်းစီမံကိန်း တည်ဆောက်ရန်အတွက် ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့အကြား သဘောတူညီမှုစာချုပ် MoU လက်မှတ်ရေးထိုးထားခဲ့ပြီး စာချုပ်အရ ၃ နှစ်အတွင်း ရထားလမ်းဖောက်လုပ်မှု အစွန်း တစမျှ အကောင်အထည် မဖော်နိုင်သည့်အတွက် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်ရန် မရှိ
တော့ကြောင်း ဇူလိုင် ၁၈ ရက်နေ့က ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ယင်းသည် မြစ်ဆုံရေကာတာစီမံကိန်းပြီးလျှင် သမ္မတ ဦးသိန်းစိန်လက်ထက် ပယ်ဖျက်ခဲ့သော တရုတ်စီမံကိန်းဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ကြောင်း ကြေညာစဉ်ကကဲ့သို့ ယခု လမ်းစီမံကိန်း ပယ်ဖျက်မှုတွင်လည်း တရုတ်ဘက်က မြန်မာအပေါ် သဘောထား ခံစားချက် မကောင်းပေ။
ဇူလိုင် ၂၄ ရက်နေ့ တရုတ်သံအမတ်ကြီး၏ အိမ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်သံအမတ်ကြီး မစ္စတာ Yang Houlan က လက်ရှိအချိန်အထိ တရုတ်ကုမ္ပဏီနှင့် အစိုးရပိုင်းဘက်မှ စီမံကိန်းတလျှောက် ဒေသခံပြည်သူများနှင့် တွေဆုံခဲ့ရာတွင် အဆိုပါ ရထားလမ်းနှင့် ကားလမ်းစီမံကိန်းကို လုံးဝကန့်ကွက်သော အသံများကို မကြားမိသော်လည်း
မြန်မာအစိုးရနှင့် အစိုးရ အရာရှိများဘက်ကသာ ဒေသခံများ ကန့်ကွက်နေသည့် အသံများကို ပြောကြားနေသည်ဟု ပြောကြားခဲ့သည်။
“ဒီကျောက်ဖြူ၊ ကူမင် ရထားလမ်းစီမံကိန်းက အဲဒီဒေသတွေသာမကပဲ မြန်မာတပြည်လုံး ဖွဲ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးပါတယ်။ ကျနော်တို့လေ့လာချက်တွေအရ စီမံကိန်းကို ဆန့်ကျင်တယ်ဆိုတာမျိုး မကြားမိဘူး။ အိမ်အပြောင်းအရွှေ့ နဲ့ ပက်သက်ပြီး အငြင်းပွားတာမျိုးလောက်ပဲ ကြားမိတယ်။ ဒီစီမံကိန်းကို ဒေသခံများသောအားဖြင့် ထောက်ခံကြပါတယ်။
ပြည်သူတွေ အမှန်တကယ် မထောက်ခံဘူးလား ဆိုတာ ကျနော်တို့လည်း အမှန်တိုင်း သိချင်တယ်။ သတင်းစာတွေမှာ အစိုးရ အရာရှိတွေကသာ ဒီလိုစကားမျိုးပြောတာတွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့က မြန်မာအစိုးရ၊ ပြည်သူလူထုတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် စီမံကိန်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ဖြင့် အကောင်အထည်ဖော်မှုသည် စီမံကိန်းအတွက် လောက်ငှမှု မရှိသည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးမှုများရှိနေခြင်း၊ ဒေသခံ ပြည်သူများ ကန့်ကွက်နေခြင်းကြောင့် စီမံကိန်းကို ဆက်လက်အကောင်အထည် မဖော်တော့ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ
အရာရှိတဦးက ဧရာဝတီကို ပြောကြားသည်။
” နှစ်ဘက်လုံးက လက်မှတ်ထိုးခဲ့တာပဲ ရှိတယ်။ အခုချိန်မှာ လုပ်ငန်းစတင်ဖို့အတွက် သဘောတူညီမှု ဘာတခုမှ မရယူခဲ့ပါဘူး။ အခုတော့ ဒါ့ကြောင့် ကျနော်တို့ ပြောနိုင်တာကတော့ ဒီစီမံကိန်းက လုံး၀ မလုပ်တော့ဘူးဆိုတာပါပဲ” ဟု ၎င်းက ဆိုသည်။
လေ့လာစောင့်ကြည့်သူများကမူ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ခြင်းသည် မြန်မာအစိုးရအဖို့ နှစ်ပေါင်းများစွာကြာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားပြုနေခြင်းမှ ခွဲထွက်တော့မည်ဖြစ်ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့်လည်း ပုံမှန်ဆက်ဆံရေး ပြန်စလိုကြောင်း အချက်ပြခဲ့ခြင်းဟု ထောက်ပြကြကာ ယခုကဲ့သို့ ဒေါ်လာဘီလျံနှင့် ချီသော တရုတ်စီမံကိန်းကို ဖျက်သိမ်းလိုက်ခြင်းသည်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နေပြည်တော်သို့ လာရောက်လည်ပတ်ခါနီးနှင့် တိုက်ဆိုင်နေပြန်သည်ဟုလည်း သုံးသပ်နေကြသည်။
တရုတ်သံအမတ်ကြီးက ထိုသို့ သုံးသပ်မှုအပေါ် တိုက်ရိုက်မရည်ညွှန်းသော်လည်း တရုတ်နှင့် မြန်မာတို့ နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးများ ဆက်လက်တည်ရှိနေကြောင်း၊ သို့သော် အမြင်လွဲမှုတချို့ရှိနေကြောင်း၊ ထိုအကြောင်းများကြောင့်လည်း တရုတ်နှင့် မြန်မာတို့အကြား ဆက်ဆံရေး ပြောင်းလဲသွားမှာမဟုတ်ဟု ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ကျောက်ဖြူ၊ ကူမင် ရထားလမ်းစီမံကိန်းအတွက် လိုအပ်သော နည်းပညာများနှင့် ရင်းနှီးမြုပ်နှံမှုများ အဆင်သင့်ရှိကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။
ထိုစီမံကိန်းကို ယခင်ရထားပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း၊ တာဝန်မှ အနားယူခဲ့သော ဒုတိယ သမ္မတဟောင်း သီဟသူရ တင်အောင်မြင့်ဦးတို့ ဦးဆောင်ပြီး China Railway Engineering Corporation ( CREC ) တို့ နှင့် ၂၀၁၁ ခုနှစ် ဧပြီလတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ အသုံးပြုရာတွင် တရုတ်နိုင်ငံဘက်မှ အများဆုံး အကုန်ကျခံ တည်ဆောက်မည်ဖြစ်ကြောင်း၊ နှစ် ၂၀ ကြာ ကြာမြင့်မည့် BOT စီမံကိန်းဖြစ်ကြောင်း သိရသည်။ ယင်းသည် ကျောက်ဖြူနှင့် ကူမင်းအကြား သွယ်တန်းမည့် ရေနံနှင့် ဂတ်စ်ပိုက်လိုင်းများနှင့် ယှဉ်၍ ဖောက်လုပ်ရန် ရာထားထားသော စီမံကိန်းဖြစ်သည်။
ထိုစီမံကိန်းအတွက် လူမှုအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများက ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ၊ လူမှုဘ၀ ပျက်ယွင်းစေနိုင် မှုများကို ဝေဖန်ထောက်ပြခဲ့ကြပြီး ကန့်ကွက်ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးပညာရှင်များကလည်း ထိုရထား လမ်းကြောင့် မြန်မာပြည်က ရရှိမည့် အကျိုးအမြတ်မှာ နည်းလွန်းပြီး မြန်မာပြည်ကို ထက်ခြမ်းခြမ်းလိုက်သကဲ့သို့ ဖြစ်သွားစေမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ကဏ္ဍမျိုးစုံတွင် ရင်းနှီးမြုပ်နှံလျှက်ရှိပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်များအရ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှ ဦးဆောင်လျှက်ရှိပြီး အမေရိကန်ဒေါ်လာ ၄၀ ဘီလျံ ကျော်ရှိကြောင်း သိရသည်။