ထိုင်း ပုဂ္ဂလိကပိုင် ဘန်ကောက် အဲဝေး (Bangkok Airways) လေကြောင်းလိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန် နှင့် မန္တလေးမြို့များသို့ တိုက်ရိုက် ပျံသန်းပြေးဆွဲရန် စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက် အဲဝေး ၏ ချင်းမိုင်- ရန်ကုန် – မန္တလေး သို့ ပျံသန်းပြေးဆွဲမည့် ခရီးစဉ်ကို လာမည့် အောက်တိုဘာလတွင် စတင် မည် ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်အရ စီစဉ်ပျံသန်းခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ခရီးစဉ် အရ ချင်းမိုင်- ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ခရီးစဉ် ၄ ခု ၊ ချင်းမိုင်- မန္တလေး ခရီးစဉ်ကို တပတ်လျှင် ၃ ခု ပျံသန်းပြေးဆွဲမည်ဟု သိရသည်။ ခရီးစဉ်အတွက် လေယာဉ် လက်မှတ်နှုန်းထားများကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။
တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ် ၃ ခု အတွက် ဘန်ကောက်အဲဝေးက ခရီးသည်ဦးရေ ၇၀ တင်ဆောင်နိုင်သည့် ATR-72 turboprop လေယာဉ်များကို အသုံးပြုမည် ဖြစ်ပြီး ခရီးသည် ပိုမိုများပြား လာပါက ဂျက်လေယာဉ်များဖြင့် အဆင့်မြှင့်သွားရန် စဉ်းစားထား သည်ဟုလည်း ယင်းဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။
ဘန်ကောက် အဲဝေးသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့ အပတ်စဉ် ပြေး ဆွဲ လျက်ရှိသည်။
ချင်းမိုင်နှင့် ရန်ကုန်သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် အဖြစ် လက်ရှိတွင် ဦးတေဇပိုင် အဲပုဂံ (Air Bagan) လေကြောင်း လိုင်း က ပြေးဆွဲလျက်ရှိပြီး၊ လာမည့် လအနည်းငယ် အတွင်း ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ ဖြစ်သည့် အဲကမ္ဘောဇ နှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့က ချင်းမိုင်-ရန်ကုန် တိုက်ရိုက် ပြေးဆွဲမည်ဟု သိရသည်။
ချင်းမိုင်မြို့သို့ တိုးချဲ့ပျံသန်းမည့် ခရီးစဉ်တွင် ထိုင်းနှင့် လာအိုနိုင်ငံ နယ်စပ်မြို့ ဖြစ်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း အူဒုံထနီမြို့လည်း ပါဝင်မည်ဟု ဆိုသည်။