မြန်မာနိုင်ငံအနေဖြင့် ပြည်ပ အကူအညီနှင့် ချေးငွေများ ရယူရာ၌ အိမ်နီးချင်း တရုတ်နိုင်ငံမှ ယူသော အတိုးနှုန်းမှာ မြင့်မားသော် လည်း ချေးငွေယူရာတွင် လွယ်ကူသည့် အခြေအနေဖြစ်ကြောင်း သမ္မတ စီးပွားရေး အကြံပေး ဒေါက်တာ ဇော်ဦးက ပြောသည်။
“တရုတ်တိုးနှုန်းကတော့ မြင့်တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အလွယ်တကူ ချေးလို့ရတဲ့ အနေအထားမှာ ရှိတာပေါ့။ ဆိုလို တာ က သူတို့က သိပ်ပြီးတော့ စီးပွားရေး အပြောင်းအလဲ ဆောင်ရွက်မှုတွေအပေါ် ကြည့်တာမဟုတ်ဘူး။ ဒါပေမယ့် အခြားနိုင်ငံ တွေကကြ ကျနော်တို့ရဲ့လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြည့်ပြီးမှ ချေးတာ ဖြစ်တဲ့အတွက် ဒါကို အားကောင်း အောင် ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အခြားနိုင်ငံများမှ ချေးငွေများ လွယ်ကူစွာနှင့် အတိုးနှုန်းသက်သာစွာ ရရှိနိုင်ရန် အတွွက် စီးပွားရေးပြုပြင်ပြောင်းလဲမှု အရှိန် အားကောင်းစေရန် လုပ်ဆောင်နေရသည့် အခြေအနေဖြစ်သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံမှ ကြွေးမြီပေးရန် ကျန်ရှိသောနိုင်ငံများ ပါဝင်သည့် ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများက ၎င်းတို့၏ အကြွေးများ လျှော်ပစ်ရန် နှင့် ထပ်မံချေးနိုင်ရန်မှာ နိုင်ငံတကာ ငွေကြေး ဆိုင်ရာ ရန်ပုံငွေ အဖွဲ့(IMF)၏ သုံးသပ်မှုအပေါ်တွင် မူတည်လျက် ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် IMF ၏ မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အပေါ် စောင့်ကြည့် သုံးသပ်မှုနှင့် အတူ လုပ်ဆောင်သွားမည်ဟု ပါရီကလပ်နှင့် သွားရောက်ညှိနှိုင်းစဉ်က ကတိပြုခဲ့ရသည်။
လက်ရှိအချိန်တွင် ပြည်ပချေးငွေများပေးရန် အများဆုံးရှိနေသည်မှာ ဂျပန်နိုင်ငံ၊ ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ဖြစ် သည်။
ပါရီကလပ် နိုင်ငံများမှ အကြွေးများကို လျှော်ပစ်ပေးခဲ့ရာတွင် အမေရိကန်ဒေါ်လာ ၆ဘီလီယံကျော် သက်သာခဲ့ပြီး ယခု ၅ ဘီလီယံ ဝန်းကျင်သာ ကျန်ရှိတော့ကြောင်း၊ တရုတ်နိုင်ငံသို့ ပေးရန်ရှိသည့် ကြွေးမြီပမာဏမှာ အဆိုပါကျန်ရှိသည့် ပမာဏထက် လျော့နည်း ကြောင်း ဒေါက်တာ ဇော်ဦးက ပြောပြသည်။
“၆ ဘီလီယံလောက် လျှော်ပစ်နိုင်ခဲ့တယ်၊ ၅ ဘီလီယံလောက် ပျမ်းမျှကျန်မယ်ပေါ့။ ဒါကိုလည်း ချက်ချင်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ပြန်ဆပ်ခွင့်ရမယ်။ တရုတ်ကြွေးကတော့ ယူထားတဲ့ ပုံစံတွေက အမျိုးမျိုးပေါ့။ ဌာနတခုချင်းစီကနေ ယူထားတဲ့ အကြွေးပုံစံတွေက လည်း အမျိုးမျိုးရှိတယ်။ ခန့်မှန်းခြေကတော့ ပါရီကလပ်မှာတင်နေတဲ့ ကြွေးမြီတွေရဲ့ပမာဏကို မရှိဘူး”ဟုလည်း ၎င်းက ပြော သည်။
ပါရီကလပ် နိုင်ငံများသို့ ယခုကျန်ရှိနေသည့် ကြွေးမြီများကို ကြွေးသစ်အဖြစ် ပြန်လည်ထားပြီး ၁၅ နှစ်ကြာ နှစ်ရှည် ဆပ်ခွင့်လည်း ရရှိခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံသို့ ပေးရန်ရှိနေသည့် ကြွေးမြီမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံခန့် ရှိသည်ဟု ၂၀၁၃ ခုနှစ်က ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုထားဖူးသည်။
တရုတ်နိုင်ငံမှ ချေးငွေများ ချေးယူရာတွင် ပေးရသော အတိုးနှုန်းမှာ ၄ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းနီးပါးရှိကြောင်း စီးပွားရေး ပညာရှင် ဦးမော်သန်းက ပြောသည်။
လက်ရှိ ချေးငွေများနှင့် ပတ်သက်၍ ဦးမော်သန်းက“စွန့်စားမှုတော့ အများကြီး ရှိတာပေါ့။ လွယ်လွယ်ရပြီး လွယ်လွယ်သုံးရင်တော့ အန္တရာယ်အများကြီး ရှိပါတယ်။ ပေးရတဲ့အတိုးကလည်း အများကြီး။ အခုဟာ စီးပွားရေးက ဖွင့်ထားတယ်။ တိုးတက်မှုအတွက် ငွေချေးတယ်။ အရေးကြီးတာက ယူထားတဲ့ ကြွေးတွေကို ထိထိရောက်ရောက် သုံးဖို့ လိုတယ်။ လက်ရှိအခြေအနေကို သေသေချာချာ စီမံခန့်ခွဲဖို့ လိုတယ်လို့မြင်ပါတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်အစိုးရ အဆက်ဆက်က တင်ရှိခဲ့သောကြွေးမြီများကို အစိုးရသစ်တက်ချိန်တွင် ညှိနှိုင်းမှုများဖြင့် ဖြေရှင်း ခဲ့ရသည်။
ကမ္ဘာဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)တို့မှ တင်ရှိနေသော ကြွေးမြီများကို ဂျပန်နိုင်ငံက အတိုးနှုန်းသက်သာစွာဖြင့် ယူ၍ ဖြေ ရှင်းခဲ့ရ သကဲ့သို့ ပါရီကလပ် ကြွေးမြီများကိုလည်း လျှော်ချပေးရန် သွားရောက်ညှိနှိုင်းမှုများ လုပ်ခဲ့ရသည်။
သို့သော် တရုတ်နိုင်ငံ၏ ချေးငွေများ အခြေအနေနှင့် ပတ်သက်သည့် ညှိနှိုင်းမှုမျိုးမှာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ပါရီကလပ် အဖွ့ဲဝင်နိုင်ငံများတွင် ပါဝင်သည့် နော်ဝေ၊ ဒိန်းမတ်နိုင်ငံများမှာ အကြွေးအားလုံးကို လျှော်ပစ်ပေးခဲ့ပြီး အီတလီနှင့် ကနေဒါ နိုင်ငံများမှာ ကျန်ရှိသည့် ကြွေးမြီများကို ဖွံ့ဖြိုးရေးအကူအညီ ချေးငွေ အသွင်အဖြစ် ပြောင်းလဲပေးခဲ့သည်။
ပါရီကလပ်သည် အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံဖြင့် ဖွဲ့စည်းထားသော ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သည့် အဖွဲ့အစည်း တခု ဖြစ် သည်။