သမ္မတ ဦးသိန်းစိန် အစိုးရက ခေတ်နောက်ကျနေခဲ့တဲ့ မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အတွက် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၄ ခုကို ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခဲ့ပါတယ်။ ကာတာ နိုင်ငံ အခြေစိုက် အော်ရီဒူး ကုမ္ပဏီနဲ့ နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီ ၂ ခုက မြန်မာ့ ဆက်သွယ်ရေး အောပရေတာ အဖြစ် လုပ်ကိုင်ခွင့်ရတဲ့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ဖြစ်ပြီး ပြည်တွင်းမှာ အလိုအလျောက် လုပ်ပိုင်ခွင့် ရထားတာကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီတို့ ဖြစ်ပါတယ်။
ပြည်ပက လုပ်ပိုင်ခွင့် ရခဲ့ကြတဲ့ အော်ပရေတာ ကုမ္ပဏီ ၂ ခုကိုတော့ ၂၀၁၄ နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ လိုင်စင် ထုတ်ပေးခဲ့တာ ဖြစ်ပြီး ကုမ္ပဏီ ၂ ခု စလုံးကို ၁၅ နှစ် လုပ်ပိုင်ခွင့် လိုင်စင်ထုတ်ပေးခဲ့ တာပါ။ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောတို့က အပြိုင်အဆိုင် ထုတ်ပြန်ချက်တွေနဲ့ ဝန်ဆောင်မှုတွေ ပေးမယ့် အကြောင်းကြေညာလာခဲ့ကြပါတယ်။ မိုးဘိုင်းလ်ဖုန်း ပြောဆိုခ ကစလို့ အင်တာနက် ဝန်ဆောင်မှု အထိ မြန်နှုန်းမြှင့်ပေးပြီး ပြည်သူတွေ စိတ်ချမ်းသာစေမယ့် ဝန်ဆောင်မှုတွေပေးမယ် လို့ ထုတ်ပြန် ပြောဆိုပါတယ်။
စစ်အစိုးရ လက်ထက်ကတည်းက မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံ တယ်လီပို့စ်တို့ရဲ့ အလွန်နှေးကွေးလှတဲ့ အင်တာနက်လိုင်းနဲ့ ဈေးကြီးလွန်းလှတဲ့ မိုဘိုင်းလ် ဖုန်းလိုင်းတွေကို အံကြိတ်သည်းခံ သုံးစွဲခဲ့ရတဲ့ ပြည်သူတွေ အဖို့တော့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတွေရဲ့ အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်းဆိုင်ရာ ဝန်ဆောင်မှု ထုတ်ပြန် ကြေညာချက်တွေက အားတက်စရာ ဖြစ်စေပါတယ်။
လတ်တလော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ်ဖုန်း တမိနစ်ခေါ်ဆိုခ ၅၀ ကျပ် ကောက်ခံ နေချိန်မှာ တယ်လီနောက ဖုန်းခေါ်ဆိုခ တမိနစ် ၂၅ ကျပ်ယူမယ်လို့ ကြေညာထားပြီး အော်ရီဒူးက တော့ တမိနစ်ကို ၄၅ ကျပ် ကောက်ခံမယ် လို့ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်တွေက အမှန်တကယ် လက်တွေ့ ဈေးကွက်ထဲ ရောက်လာ ချိန်မှာ ကြေညာ ထားတဲ့ဈေးနှုန်းတွေ ပိုပြီးလျော့ကျတဲ့ နှုန်းထားနဲ့ အပြိုင်အဆိုင် ဝန်ဆောင်မှု ပေးကြမယ့် အခြေအနေ ရှိပါတယ်။
မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် ဈေးနှုန်းတွေကို တော့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီ ၂ ခု စလုံးက ငွေကျပ် ၁၅၀ဝ နဲ့ ကျေးလက် မြို့ပြ လွယ်လွယ်ကူကူ ဝယ်ယူနိုင်အောင် ဝန်ဆောင်မှု ပေးသွားမယ် လို့ ထုတ်ပြန်ပါတယ်။
တယ်လီနော ကုမ္ပဏီက ပြည်တွင်း နေရာအနှံ့အပြားမှာ အရောင်းဌာနပေါင်း များစွာကို ဖွင့်လှစ် သွားမှာ ဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက် ချိတ်ဆက် အသုံးပြုနိုင်မှု အပိုင်းမှာလည်း ပထမ ၅ နှစ်အတွင်းမှာ တနိုင်ငံလုံး အတိုင်း အတာအနေနဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း လွှမ်းခြုံမိမယ် လို့ ဆိုပါတယ်။ လက်ရှိ တယ်လီနောက မိုဘိုင်းလ်ဖုန်း 4G ကွန်ရက် အဆင့် အထိ ပေးနိုင်မယ် လို့ ဆိုပါတယ်။
တယ်လီနော ကုမ္ပဏီရဲ့ တာဝန်ရှိသူ တဦးက “အခုဆောက်နေတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေက 4G ကွန်ရက် ချိတ်ဆက် သုံးနိုင်တယ်။ ဒါကို အဆင့်မြှင့်ဖို့ပဲ ရှိတယ်။ ပြည်တွင်းမှာ 4G မိုဘိုင်းဖုန်းတွေ များလာဖို့ အရေးကြီးတယ်ပေါ့ နော်။ ဒီဝန်ဆောင်မှုကို သုံးမယ့်သူ များလာရင် ကျနော်တို့ဘက်က 4G ကိုပေးသွားဖို့ အသင့်ပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ရဲ့ အခြေခံအဆောက်အဦက 4G ကွန်ရက် အတွက် အဆင်သင့်ပဲ မို့ပါ” ဟု ပြောပါတယ်။
တယ်လီနောက ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ ထားပြီး လာမယ့် စက်တင်ဘာလ မှာ သူရဲ့ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်တွေကို စတင်ရောင်းချဖို့ ကြေညာထားပါ တယ်။
အော်ရီဒူးကတော့ ဖုန်းဆင်းမ်ကတ် ရောင်းချမယ့် အချိန်ကို အတိအကျ မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် လုပ်ငန်း စတင်ပြီး ပထမ ၅ နှစ်အတွင်းမှာ ပြည်တွင်း သုံးစွဲမှု ၈၄ ရာခိုင်နှုန်း အထိ အသုံးပြုနိုင်အောင် လုပ်ဆောင် သွားမယ် လို့ မီဒီယာတွေကို ပြောကြားခဲ့ပြီး လူမှုတာဝန် သိတက်မှု Corporate Social Responsibility (CSR) လည်း လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုင်းနှင့်ပြည်နယ် အသီးသီးက ဝယ်ယူသုံးစွဲသူတွေ လွယ်ကူ အဆင်ပြေစွာ သုံးစွဲနိုင်ဖို့ အတွက် ဖြန့်ချိရေး ကုမ္ပဏီ ၆ ခုကို ယခုလ ၁၉ ရက်နေ့မှာပဲ အော်ရီဒူးက ခန့်အပ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ ပါတယ်။
ပြည်သူတွေကတော့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီရဲ့ ထုတ်ပြန် ပြောဆိုချက်တွေ အပေါ်မှာ အားရ ကျေနပ်မှု ရှိပြီး လက်တွေ့ ဈေးကွက်ထဲ ရောက်လာရင် ဝယ်ယူအသုံးပြုဖို့ အားခဲနေကြပါတယ်။ ကုမ္ပဏီ ၂ ခုကလည်း ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ လုပ်ဆောင်နေဆဲ ကာလမှာ ကြော်ငြာအား ကောင်းကောင်းနဲ့ ဈေးကွက်အာရုံစိုက်မှုကို အပြိုင်အဆိုင် အရယူနေကြ ပါတယ်။
ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ ၂ ခုထဲမှာ အစ္စလမ်နိုင်ငံဖြစ်တဲ့ ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီက လုပ်ဆောင်မယ့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို အသုံး မပြုဖို့ လှုံ့ဆော်မှုတွေ ရှိနေတာမို့ ဒီ လှုံ့ဆော်မှုက တယ်လီနောကုမ္ပဏီ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အော်ရီဒူး ကုမ္ပဏီကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိကြောင်း ပြသနိုင်ဖို့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေကို ကူညီထောက်ပံ့တာတွေ လုပ်နေတာမို့ ဒီလုပ်ဆောင် ချက်တွေက အော်ရီဒူး အသုံးမပြုဖို့ လှုံ့ဆော်ချက်တွေကို ရေရှည်မှာ ချေဖျက်နိုင်မယ့် အလားအလာ ရှိနိုင်ပါတယ်။
“ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ရာတွေ မြန်မာပြည်မှာ ဖြစ်ပေါ်နေပါပြီ” ဆိုတဲ့ ဆွဲဆောင်မှု အားပြင်းတဲ့ ကြော်ငြာစာသား ဆိုင်းဘုတ်တွေနဲ့ ပြည်သူကြားမှာ အမှတ်တံဆိပ် အာရုံကို ရရှိအောင် စွမ်းဆောင်နိုင်ပေမယ့် နိုင်ငံတွင်းမှာ မကြာခဏ ဆိုသလို ဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေကြောင့် အော်ရီဒူးဆန့်ကျင် ရေးလှုပ်ရှားမှု ကြီးထွား လာမလား၊ ရပ်တန့်သွားမလား ဆိုတဲ့ အဖြေက အော်ရီဒူးကုမ္ပဏီ မြန်မာနိုင်ငံမှာ ဆက်လက်ရှင်သန်နိုင်ရေး အတွက် စိန်ခေါ်မှု တရပ်ပါပဲ။
တယ်လီနော ကုမ္ပဏီကတော့ နော်ဝေနိုင်ငံ အခြေစိုက် ကုမ္ပဏီလည်းဖြစ် ဒီမိုကရေစီတိုက်ပွဲ ကာလတလျှောက်နဲ့ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အထောက်အကူများစွာ ပေးခဲ့တဲ့ နိုင်ငံလည်းဖြစ်၊ ပါရီကလပ် ကြွေးမြီတွေ မြန်မာက ဆပ်တုန်းက ကြွေးအားလုံးကို လျှော်ပစ်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်တာနဲ့ အညီ တည်တည်ငြိမ်ငြိမ်လေး လုပ်ငန်း ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိပါတယ်။
အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတို့က အပြိုင်အဆိုင် ဈေးကွက်တိုးချဲ့ နေချိန်မှာ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) နဲ့ ပုဂ္ဂလိကနဲ့ အစိုးရ ဖက်စပ် ပိုင်ဆိုင်တဲ့ ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီတွေကလည်း ပူးပေါင်းဆောင် ရွက်မယ့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ရှာဖွေ နေကြပြီး MPT က ဂျပန်ကုမ္ပဏီ ၂ ခုနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ လက်မှတ်ရေးထိုး လိုက်ပါပြီ။
MPT က ဂျပန်နည်းပညာ ကုမ္ပဏီ KDDI နဲ့ Sumitomo Corporation တို့နဲ့ လက်တွဲဖို့ သဘော တူလိုက်ပြီး ကနဦး လုပ်ပိုင်ခွင့် စာချုပ်သက်တမ်း ၁၀ နှစ်နဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အကျိုးတူ ပူးတွဲ ဆောင်ရွက်သွားကြဖို့ ရှိပါတယ်။ ဂျပန် ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက တယ်လီနောရဲ့ ရင်းနှီး မြှုပ်နှံမှုထက် ပိုများပါတယ်။
ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီက လက်ရှိ အချိန်ထိ လက်တွဲဖော် ပြည်ပ ကုမ္ပဏီတွေကို ရွေးချယ်နေဆဲ ဖြစ်တာမို့ ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီက ရွေးချယ်မယ့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီရဲ့ အင်အားကြီးမှုတွေ ကလည်း မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု ဈေးကွက်ပေါ်ကို သက်ရောက်မှု ကြီးမားမှာ အမှန်ပါပဲ။
လတ်တလော MPT နဲ့ ပူးပေါင်း ဆောင်ရွက်ကြမယ့် KDDI ကုမ္ပဏီက ကမ္ဘာ့အော်ပရေတာ ဝန်ဆောင်မှုတွေမှာ နံပတ် ၁၁ နေရာမှာ ရှိနေတဲ့ ကုမ္ပဏီဖြစ်သလို Sumitomo Corporation ဆိုတာကလည်း မြန်မာပြည်နဲ့ လက်တွဲလာတာ နှစ် ၃၀ ကျော်ရှိပြီ ဖြစ်တဲ့ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီပါ။
မြန်မာ့ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက်အအုံတွေမှာ ပူးတွဲလုပ်ဆောင်ခဲ့သလို ပြီးခဲ့တဲ့ ဆီးဂိမ်းမှာလည်း ဆက်သွယ် ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပူးပေါင်းလုပ်ဆောင်ဖူးတဲ့ လက်တွဲဖော် ဟောင်းပါ။ ဒီဂျပန်ကုမ္ပဏီ နှစ်ခု ပေါင်းဖွဲ့ထားတဲ့ KSGM ကုမ္ပဏီသစ်က MPT နဲ့ လက်တွဲပြီး အော်ရီဒူးနဲ့ တယ်လီနော်တို့လို ပြည်ပ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ကြမှာပါ။
MPT နဲ့ ဂျပန်ကုမ္ပဏီတွေက သူတို့လုပ်မယ့် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ဖော် ပြောဆို တာတွေ မလုပ်သေးပါဘူး။ ဘယ်လို ဆက်သွယ်ရေး ဝန်ဆောင်မှုမျိုးတွေ ပေးမယ်၊ ဖုန်းခေါ်ဆိုခ ဘယ်လောက်၊ အလုပ်အကိုင် အခွင့်အလမ်းက ဘယ်လောက် စသဖြင့် ဒါတွေကို ပြောဆိုခြင်း မရှိခဲ့ပါဘူး။ အကောင်းဆုံးနဲ့ အမြန်ဆုံး လုပ်ဆောင်သွားမယ် ဆိုတာလောက်ပဲ ပြောဆိုခဲ့ပါတယ်။
ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ပိုင်းမှာ MPT က အခြားဆက်သွယ်ရေး ကုမ္ပဏီတွေထက် ပိုမို အရှိန်နေရပြီး ဝန်ထမ်းတွေရဲ့ အရည်အသွေး၊ နည်းပညာနဲ့ စက်ပစ္စည်း ကောင်းမွန်မှုတွေပဲ လိုအပ်နေတာပါ။ ဒါကို ဂျပန်ကုမ္ပဏီတွေက သူတို့ နည်းပညာနဲ့ စက်ပစ္စည်းတွေ ပူးပေါင်းလိုက်ရင် အော်ရီဒူးနဲ့ တယ်လီနော တို့ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပြီလို့ ယုံကြည်ပြောဆိုပါတယ်။
ဒါပေမယ့် MPTကို မြန်မာ ပြည်သူတွေ အများစုက ဝန်ဆောင်မှု မကောင်းဘဲ အချိန်တော်တော်ကြာ မရှိသုံး သုံးခဲ့ရ တာမို့ စိတ်နာနေကြတဲ့ အချက်ကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီက မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်တွေ ရောင်းပြီဆိုရင် MPT ဖုန်းကတ်တွေကို လွှင့်ပစ်မယ်လို့ ကြွေးကြော်နေတဲ့ သူတွေ တပုံကြီး ရှိနေတာမို့ MPT အနေနဲ့ အသုံးပြုမယ့် ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ တော်တော်ကို ရုန်းကန်ရဦးမှာပါပဲ။
မိုဘိုင်းလ်ဖုန်းကတ် ဈေးနှုန်းတွေ မတရား ကြီးမြင့်ခဲ့မှု၊ အင်တာနက် ကွန်နက်ရှင် နှေးကွေးလွန်းမှု၊ ဖုန်းပြောဆို ရတဲ့ နေရာမှာ အသံ မကြားတချက်၊ ကြားတချက်နဲ့ အဆင်မပြေခဲ့မှု တွေကြောင့် ပြည်သူအများစုက MPT ရဲ့ ဝန်ဆောင်မှု တွေကို မသုံးချင်ကြတော့ပါဘူး။ ဒါကိုတော့ အခု ဂျပန်ကုမ္ပဏီနဲ့ ပေါင်းပြီး အဖတ်ဆယ်နိုင်မယ်၊ မဆယ်နိုင်ဘူးဆိုတာ စောင့်ကြည့်ရဦး မှာပါ။
ခြုံငုံကြည့်ရင်တော့ အော်ရီဒူး၊ တယ်လီနောတို့လို ပြည်ပအော်ပရေတာတွေက MPT နဲ့ ရတနာ ပုံတယ်လီပို့စ် ကုမ္ပဏီ တွေနဲ့ အပြိုင်လုပ်လာကြတာမို့ ပြည်သူတွေ အတွက်တော့ ရွေးချယ်စရာတွေများ လာမှာ အသေအချာပါပဲ။
လတ်တလော အနေအထားမှာတော့ MPT နဲ့ ရတနာပုံ တယ်လီပို့စ်က အစိုးရ ဝန်ကြီးဌာနပုံစံ အုပ်ချုပ်ရေးထဲက ခွဲထွက်လာတာ မကြာသေးတဲ့ အတွက် စီးပွားရေး လုပ်ပြီး ကမ္ဘာမှာ နာမည်ကြီး ကျော်ကြားအောင်မြင်နေတဲ့ တယ်လီနောနဲ့ အော်ရီဒူးတို့လို ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေနဲ့ အတော်ကို ယှဉ်ပြိုင်ရမှာပါ။
ဒါ့အပြင် အော်ရီဒူးနဲ့ တယ်လီနော် ကုမ္ပဏီတွေက အကျင့်ပျက် ခြစားမှုနည်းတဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေ ဖြစ်တာနဲ့ အညီဝန်ဆောင်မှုတွေ ပေးတဲ့ နေရာမှာလည်း သုံးစွဲသူကိုသာ အဓိက ထားမယ့် ကုမ္ပဏီတွေ ဖြစ်တာမို့ အလား အလာကောင်းတွေ ရှိနေတာတော့ အသေအချာပါပဲ။