All Nippon Airways (ANA) က မြန်မာပြည်မှ လေကြောင်းလိုင်းတခုဖြစ်သော Asia Wings Airways (AWA) တွင် အမေရိကန် ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံရန် ၂၀၁၃ ခုနှစ်က သဘောတူညီချက်ကို ယခု သီတင်းပတ်အတွင်းက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်ယူရန် သဘောတူထားသော ANA က မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းသစ်နှင့် လိုင်းဟောင်းများ ယှဉ်ပြိုင်မှု ပြင်းထန်ခြင်း၊ အပြောင်းအလဲများ မြန်ဆန်ခြင်း စသည်တို့ကြောင့် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ဆိုသည်။ သဘောတူညီချက် အသက်ဝင်ရန် Asia Wings Airways နှင့် ညှိနိုင်ရန်လည်း ဖြစ်နိုင်မည် မဟုတ်ကြောင်းနှင့် နောက်ဆုံးရလဒ်အားဖြင့် ရင်းနှီးမြှုပ်နှံရန် အစီအစဉ် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းလည်း ANA က ထုတ်ပြန်ထားသည်။
၂၀၁၃ ခုနှစ်က သဘောတူညီမှုသည် နိုင်ငံတကာ လေကြောင်းလိုင်း တခုက မြန်မာနိုင်ငံ အခြေစိုက် စီးပွားဖြစ် လေကြောင်းလိုင်း တခုတွင် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှု အဖြစ်မှတ်တမ်းဝင်ခဲ့သည်။
အဆိုပါ သဘောတူညီမှုသည် ၎င်းတို့ အဖွဲ့၏ နည်းဗျူဟာ ဖြစ်သော “အသစ်ဖွံ့ဖြိုးလာသည့် ဒေသများသို့ ဝင်ရောက်ပြီး ဈေးကွက်သစ်ရှာဖွေရေး၊ အထူးသဖြင့် အာရှ ဒေသတွင်း မှ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းနှင့် စပ်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများတွင် အဓိကထား လုပ်ကိုင်ရေး” စသည့် အချက်များနှင့် ကိုက်ညီခဲ့၍ဖြစ်ကြောင်း ANA က ထုတ်ပြန်ထားသည်။
ဦးတေဇက ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြည်တွင်း ပျံသန်းမည့် Asia Wings ဟု အမည်ပေးထားသော လေကြောင်းလိုင်းအသစ် တခု ဖွင့်ရန် စီစဉ်နေကြောင်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် စတင် သတင်းထွက်ပေါ်ခဲ့သည်။
၂၀၁၁ ဇန်နဝါရီလ Asia Wings Airways လေကြောင်းလိုင်း စတင်မည့်အချိန်တွင် Sun Far ကုမ္ပဏီနှင့် နီးစပ်သူတဦးက “မန်နေဂျင်း ဒါရိုက်တာက အစ လုပ်ပိုင်ခွင့် တော်တော် များများကို Sun Far က တာဝန် ယူရတယ်၊ (ဦးတေဇပိုင်ဆိုင်သည့်) Air Bagan က စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ လောလော ဆယ်တော့ အဲပုဂံ ရုံးချုပ်မှာပဲ ရုံးဖွင့်ထားတယ်” ဟု ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
လျင်မြန်စွာ ကြီးထွားလာနေသော အာရှ လေကြောင်းလိုင်း ဈေးကွက်၏ တိုးပွားလာနေသော အစုရှယ်ယာများကို အမိအရ ဖမ်းဆုပ်နိုင်ရန်ဟုဆိုကာ Asia Wings Airways ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ရန် ၂၀၁၃ တွင် ဂျပန်မှ ANA က စီစဉ်ခဲ့သည်။
၂၀၁၃ သြဂုတ်လတွင် ကျင်းပသည့် ANA ၏ သတင်းစာရှင်းလင်းပွဲတွင် AWA အမှုဆောင် ဒါရိုက်တာ ဦးလွင်မိုးက ၎င်းတို့အနေဖြင့် ဦးတေဇပိုင် Air Bagan နှင့် မပတ်သက်ကြောင်း၊ ဦးလွင်မိုးက ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး၊ ဦးသန်းဦးက ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ ပြည်တွင်းခရီးစဉ်များ ပျံသန်းနေကြောင်း ငြင်းဆိုခဲ့သည်။
ဆက်စပ်သတင်းများ