စီးပွားရေး

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း စကာၤပူ ဘဏ်များမှ ချေးငွေ ယူမည်

This article has been converted from Zawgyi One to Unicode

မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း(MAPCO) အနေဖြင့် လုပ်ငန်းများတွင် လိုအပ်လာသည့် ရင်းနှီးမြှုပ်နှံမှု ငွေကြေး ကို စင်္ကာပူနိုင်ငံရှိ UOB ဘဏ်နှင့် OCBC ဘဏ်တို့မှ ချေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် MAPCO ၏လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၅ ဘီလီယံ ကျပ် လိုအပ်ပြီး ယင်း ငွေကို စင်္ကာပူ ဘဏ်များမှ အများဆုံး ချေးယူသွားမည်ဖြစ်ကြောင်း MAPCO အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။

သြဂုတ် ၁ ရက်က မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ပြုလုပ်သော MAPCO ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး တွင် အထက်ပါအတိုင်း ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဦးရဲမင်းအောင်က “၂၀ ဘီလီယံကို တော့ နိုင်ငံတကာ ချေးငွေ ယူဖို့ရှိပါတယ်။ ဒီချေးငွေကို ပြည်ပက ၁၅ ဘီလီယံ ယူမှာ ဖြစ်ပြီး ပြည်တွင်းမှာလည်း အများဆုံး ၅ ဘီလီယံလောက်tထိ ယူဖို့ ရှိပါတယ်။ ပြည်ပ ချေးငွေယူဖို့အတွက် စင်္ကာပူက UOB ဘဏ်ရော OCBC ဘဏ်ရော နှစ်ခုစလုံးနဲ့ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်”ဟု ပြောသည်။

ယင်းသို့ ချိတ်ဆက်ထားသည့် အခြေအနေနှင့်ပတ်သက်၍ ပြီးခဲ့သောရက် အနည်းငယ်အတွင်း UOB ဘဏ်၏ စီးအီးအို ဖြစ်သူနှင့် MAPCO ဥက္ကဌ ဦးချစ်ခိုင်တို့ နေပြည်တော်တွင် တွေ့ဆုံမှုရှိခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် UOB ဘဏ် စီးအီးအို က MAPCO သို့ ဒေါ်လာ သန်း ၅၀ ချေးရန် လျာထားကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ချေးငွေအတိုးနှုန်းများအနေဖြင့် အတိုးနှုန်းထား လျော့သည့် အနေအထားဖြစ်ပြီး ၅ ရာခိုင်နှုန်းအောက်သာ ရှိမည်ဟု ဦးရဲမင်းဦး က ပြောသည်။

“အတိုးနှုန်းက ၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ ပြည်တွင်း အတိုးနှုန်းကတော့ မြင့်မားလေ့ရှိတဲ့အတွက် တတ်နိုင်သမျှ ပြည်တွင်း ချေးငွေ နည်းပါးအောင် ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

MAPCO  က ထိုသို့ ပြည်ပချေးငွေနှင့် ပြည်တွင်းချေးငွေ နှစ်ခုပေါင်း၂၀ ဘီလီယံ ကျပ်နှင့်အတူ ၎င်းတို့၏ ထည့်ဝင်ငွေမှာလည်း ယခု ဘဏ္ဍာနှစ်ကုန်တွင် ၂၀ ဘီလီယံ ခန့်ရှိလာမည်ဖြစ်ကြောင်း၊ ချေးငွေနှင့် ထည့်ဝင်ငွေ အချိုး ညီမျှသည့် ပုံစံဖြင့် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ MAPCO ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၁၁.၅ ဘီလီယံ ကျပ်ခန့်သာ ရှိရာ ယင်းပမာဏသို့ ရောက်ရန်မှာ ၈ ဘီလီယံ ခန့် ထပ် မံ ထည့်ဝင်ရမည်လည်း ဖြစ်သည်။

MAPCO ဥက္ကဌ ဦးချစ်ခိုင်ကလည်း အောင်မြင်သည့် အများပိုင်ကုမ္ပဏီ တခုဖြစ်ရန် ယုံကြည်ထားသည့် အကြောင်းနှင့် ၎င်း ကိုယ် တိုင် ထည့်ဝင်ငွေကို မကြာသေးသောကာလတွင် ၂ ဘီလီယံ ထပ်မံ ထည့်ဝင်ကြောင်း ပြောဆိုသည်။

“ကျနော်က MAPCO ကိုအောင်မြင်ရမယ်လို့ အပြည့်အ၀ ယုံကြည်ထားပါတယ်။ မကြာခင်ကပဲ MAPCO နဲ့ ပတ်သတ်ပြီး နောက် ထပ်ရင်းနှီးမြှုပ်နှံမှု ထပ်မံ ထည့်ဝင်ထားပါတယ်။ မူလက ၁ ဘီလီယံ ထည့်ဝင်ထားတာပါ၊ ဒါရိုက်တာတွေရဲ့ သဘောတူညီမှုနဲ့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ၂ ဘီလီယံ ထည့်ဝင်ထားပါတယ်”ဟုလည်း ၎င်းက ပြောသည်။

MAPCO သည် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် စင်္ကာပူတွင် မှတ်ပုံတင်ထားသော ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားသည့် MAPCO Overseas Pte Ltd ၊ ဂျပန်နိုင်ငံ မစ်ဇူရီ ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသည့် MJRI Co Ltd အပါအဝင် MAPCO Golden Lace Co Ltd၊ MAPCO Logistics Co Ltd၊ MAPCO Engineering & Contracting Co Ltd စသော ကုမ္ပဏီခွဲ များနှင့် လုပ်ငန်းများစွာကို လုပ်ကိုင်လျက်ရှိသည်။

ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီအနေဖြင့် ဆန်စပါး ပြည်ပတင်ပို့ခြင်း၊ ဓာတ်မြေသြဇာ ဖြန့်ဖြူး ရောင်းချခြင်း၊ ဆန်စက် အခြောက်ခံစက်များနှင့် လယ်ယာသုံး စက်များ တင်သွင်းရောင်းချခြင်း စသည့် ကုန်သွယ်လုပ်ငန်းများ၊ နေပြည်တော်၊ ကျိုက်လတ်၊ တွံတေး စသောမြို့များတွင် လုပ်ဆောင်လျက်ရှိသည့် အဆင့်မြင့်ဆန်စက်များ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။

MAPCO သည် သီလဝါ အထူးစီးပွားရေးဇုန် ရင်းနှီးတည်ထောင်သူ Devoloper ကုမ္ပဏီဖြစ်သည့် မြန်မာ သီလဝါ အက်စ်အီးဇက် ဟိုလ်ဒင်း ပတ်ဘလစ် လီမိတက် MTSH ၏ ကနဦး ရှယ်ယာရှင် အများပိုင်ကုမ္ပဏီ ၉ ခုထဲမှ တခုလည်း ဖြစ်သည်။

အများပိုင်ကုမ္ပဏီ သက်တမ်း ၂နှစ်ခန့်သာ ရှိသေးသည်ဖြစ်ရာ လုပ်ငန်း အခြေခံ အဆောက်အအုံများ ပြည့်စုံမှု မရှိသေးသည့် အတွက် ရင်းနှီးမြှုပ်နှံမှုကို ကနဦး အခြေတည်နေရဆဲလည်း ဖြစ်သည်။

MAPCO က ငွေချေးယူမည့် UOB ဘဏ်သည် ၁၉၃၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အာရှတိုက်ဧ။် ရှေ့ဆောင်ဘဏ်တစ်ခုဖြစ်သည်။ အာရှပစိဖိတ်၊ အနောက် ဥရောပ နှင့် မြောက်အမေရိကရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ရုံးခွဲပေါင်း ၅၀၀ ကျော်ဖြင့် ချိတ်ဆက် လုပ်ကိုင်နေသည်။ အာရှဒေသ အတွင်း တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ရုံးခွဲများနှင့် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားသည်။

UOB သည် ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် သဘာ၀ သယံဇာတ စသည့် စီးပွားရေးလုပ်ငန်းများကို ချေးငွေများထုတ်ပေးခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်း လုပ်ငန်းများကို ဆောင်ရွက်သည်။

OCBC ဘဏ်သည် ချေးငွေများထုတ်ချေးပေးလေ့ရှိသည့် စင်္ကပူ အခြေစိုက် ဘဏ်တခု ဖြစ်ပြီး ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံ တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Loading