မြန်မာ့ဆန်များ နယ်စပ်မှ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့မှု ရရှိရေးအတွက် တရုတ်အစိုးရနှင့် ဆွေးနွေးမှုပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
“ဒီကိစ္စအတွက် ဆန်စပါးလုပ်ငန်း အသင်းချုပ်က ကော်မတီ ဖွဲ့ထားပါတယ်။ အဲဒီကော်မတီနဲ့ လယ်ယာ၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကိုယ်စားလှယ်တို့ ပေါင်းပြီး တရုတ်အစိုးရဘက်ကို သွားဆွေးနွေးမယ်။ မကြာခင်ပဲ သွားဆွေးနွေးကြမယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။
နယ်စပ်ဒေသမှ တဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုတွင် မြန်မာဘက်က တရားဝင် တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်က တရားဝင် တင်ဒါမှာယူခြင်း မရှိခဲ့ကြောင်း နယ်စပ် ဒေသ၌ ဆန်တင်ပို့ ရောင်းချသူများက ပြောပြသည်။
လက်ရှိတွင် တရုတ်အစိုးရက နယ်စပ်မှတဆင့် တင်သွင်းသော မြန်မာ့ဆန်များကို ဗဟိုစီမံချက်အရ ဖမ်းစီးမှုများ လုပ်ဆောင်နေသဖြင့် မူဆယ် နယ်စပ်လမ်းကြောင်း ဆန်ကုန်သွယ်မှုမှာ ပုံမှန်အခြေအနေ မရှိကြောင်း ရှမ်းပြည်နယ် မူဆယ်မြို့ ဆန်စပါးလုပ်ငန်း အသင်း ဒု ဥက္ကဌ ဦးချမ်းသာဦးကလည်း ဧရာဝတီကို ပြောသည်။
“အခု အနေအထားက ပုံမှန်ကုန်သွယ်ရေး မဟုတ်တာပေါ့၊ သူ့ဟာနဲ့ သူတော့ ရောင်းကြတယ်၊ ဝယ်ကြတယ်။ ဗဟိုအစိုးရရဲ့ စီမံချက် နဲ့ ဖမ်းနေတဲ့အတွက် မဖမ်းတဲ့အချိန် ပို့ကြတယ်။ ဖမ်းတဲ့ အချိန်ကြရင် ပြန်ငြိမ်တယ်”ဟု ၎င်းက ပြောဆိုသည်။
တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆန်ကို ဝယ်ယူလိုကြသော်လည်း အဖမ်းအဆီးများ ရှိနေသည့် အတွက် ဆန် တင်ပို့မှုကို မဖမ်း သည့် အချိန်အတွင်းသာ လုပ်ဆောင်ခိုင်းထားသည်ဟု ဆန်တင်ပို့ရောင်းချသူများက ဆိုသည်။
ဦးချမ်းသာဦးက“တရုတ်ကုန်သည်ကလည်း အရမ်းကြီး မလုပ်ရဲဘူး။ ဒီနေ့ဆိုရင် ကုန်စည်ဒိုင် စာရင်းအရ အိတ်ရေ ၃ သောင်းကျော် ၄ သောင်းကျော်လောက် ရောင်းရတယ်ပေါ့။ ဝယ်သွားတယ်။ ဒါပေမယ့် တရုတ်ဘက်က ဖမ်းဆီးနေတဲ့အတွက် မပို့နဲ့ဦးပေါ့၊ ဟိုဘက် က ဖမ်းပြီဆိုရင် မပို့ရဲကြတော့ဘူး”ဟု ဆက်ပြောသည်။
ယင်းအခြေအနေများကြောင့် ဆန် အဝင်နှင့် အထွက် မမျှတမှု ဖြစ်ပေါ်နေပြီး တရုတ်နယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်တွင် ဆန် စုပုံ မှုများ ရှိနေသည် သိရသည်။
တရုတ်နိုင်ငံတွင် ယခုကဲ့သို့ ဗဟိုစီမံချက် အရ ဖမ်းဆီးမှုကို ပြီးခဲ့သည့် ဇူလိုင် ၂၇၊ ၂၈ ရက်များက စတင်ခဲ့ကြောင်း၊ ဗီယက်နမ် ဘက် မှ တရုတ်ဘက်သို့ မှောင်ခိုဝင်သည့် ဆန်များကို ဖမ်းဆီးမှုဂယက်နှင့် ဆက်စပ်ကြောင်း မူဆယ်မြို့ရှိ ဆန်ကုန်သည်များက ပြောဆိုကြ သည်။
“အဓိက ကတော့ ဗီယက်နမ် ဆန်တွေကို ဖမ်းဆီးရာကနေ စဖြစ်တယ်ပေါ့။ အဲဒီ ဂယက်ကြောင့်ပေါ့”ဟု မူဆယ်အခြေစိုက် ဆန် ကုန် သည် တဦးက ပြောသည်။
မြန်မာနိုင်ငံမှ ဆန်များ တရုတ်သို့ တင်ပို့မှုမှာ တရားဝင် တင်ပို့မှု မဟုတ်ခြင်းနှင့်အတူ အကြွေးစနစ်ဖြင့် တင်ပို့ရခြင်း ဖြစ်ပြီး တပတ် ဆိုင်း၊ ၁၅ ရက်ဆိုင်းဖြင့် တင်ပို့ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
မူဆယ် နယ်စပ်သို့ ဝင်ရောက်သည့် ဆန်အများစုမှာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း ရွှေဘို၊ ပဲခူး တိုင်း အရှေ့၊ အနောက်တို့မှ ဖြစ်ပြီး ဧည့်မထ အမျိုးအစား ဆန် အများဆုံး ဖြစ်ကြောင်း သိရသည်။
တန်းမြင့်ဆန် ၅ မှတ်၊ ၁၀ မှတ် အမျိုးအစား ဆန်များ တင်ပို့သကဲ့သို့ တန်းနိမ့် ၂၅ မှတ်နှင့် တန်းလတ် ၁၅ မှတ်ဆန်များ အစုံတင်ပို့ပြီး အများဆုံး တင်ပို့သည့် ဆန်မှာ တန်းနိမ့် ၂၅ မှတ်ဆန်နှင့် တန်းလတ် ၁၅ မှတ် ဆန် တို့ဖြစ်သည်ဟု ဆန်တင်ပို့ ရောင်းချသူများက ပြောသည်။
ဆန်လောကတွင် ၅ မှတ်ဆန်၊ ၁၀ မှတ်ဆန်တို့ကို သတ်မှတ်သည်မှာ အကျိုးအကျေ ပါဝင်မှု ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။
မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်တွင် သြဂုတ်လ ၅ ရက်အထိ ၅ မှတ်ဆန် တအိတ် ပေါက်ဈေးသည် တရုတ် ယွမ် ၁၅၀ ရှိကြောင်း သိရ သည်။