ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတခု ဖြစ်သည့် တယ်လီနော ကုမ္ပဏီက စတင်ရောင်းချမည့် ဖုန်းကတ် အရေအတွက်ကို ၁၀ သန်း အထိ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တယ်လီနော ဖုန်းကတ်များကို စက်တင်ဘာလ အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ဆင်းကတ် တကတ်လျှင် ကျပ် ၁၅၀၀ နှုန်း သတ် မှတ် ၍ ငွေဖြည့်ကတ်များပါ တပါတည်း ရောင်းချသွားမည် ဖြစ်သည်ဟု တယ်လီနော၏ ပြန်ကြားရေးတာဝန်ခံ ကိုစိုးသူထွန်းက ပြော သည်။
“၁၀ သန်း လတ်တလော ချပေးမှာ။ ကျနော်တို့က အစိုးရဆီက ဝယ်ထားတာ နံပါတ် ၁၀ သန်းပေါ့။ နောက်ပိုင်း ၁၀ သန်းကုန်တာ မြန် သွားပြီဆိုရင် ၁၀ သန်း ထပ်ထပ်ပြီး ဝယ်သွားမှာ”ဟု ၎င်းက ဆိုသည်။
ဖုန်းကတ်များ ရောင်းချသည့်အချိန်၌ တယ်လီနောဖုန်းကတ်များ ရောင်းချသည့် ဖုန်းအရောင်းဆိုင်များက ဈေးနှုန်းတင် ရောင်းချမှုမျိုး လုပ်ဆောင်ပါက တယ်လီနောကတ် ရောင်းချခွင့် ပိတ်သိမ်းအရေးယူသွားမည် ဖြစ်သည်ဟုလည်း ကိုစိုးသူထွန်းက ဆက်ပြောသည်။
တယ်လီနောနှင့်အတူ ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင် ရရှိထားသည့် အော်ရီဒူး ကုမ္ပဏီ၏ ဖုန်းကတ်များကို ယခုလ ၂ ရက် က ဈေးကွက်အတွင်း စတင် ရောင်းချခဲ့ရာ၌ ဖုန်းအရောင်းဆိုင်များက ဈေးနှုန်းမြှင့် ရောင်းချခြင်း၊ ဖုန်းကတ်ဝယ်ရန် ခက်ခဲမှုရှိခြင်း၊ ဖုန်းကတ်များ ပြတ်လပ်ခြင်း တို့ကို ကြုံတွေ့နေရသည်ဟု ဝယ်ယူသုံးစွဲသူများက ပြောသည်။
အော်ရီဒူးဖုန်းကတ် ဝယ်ယူအသုံးပြုခဲ့သူ သန်လျင်မြို့နယ်မှ ကိုနိုင်ဝင်းက“အော်ရီဒူး ဝယ်ရတုန်းက ဆိုင်တွေမှာ ဈေးနှုန်းမြှင့် ရောင်း တာ ကြုံရတယ်။ ကတ်ကုန်သွားတာလည်း တွေ့ရတယ်။ အဲဒါမျိုးတွေကို တယ်လီနော ရောင်းပြီဆိုရင် မရှိစေချင်ဘူး။ တယ်လီနော လည်း အော်ရီဒူးတုန်းက လိုမျိုး မဖြစ်အောင် လုပ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
တယ်လီနော ဖုန်းကတ်များကို စက်တင်ဘာတွင် ရောင်းချမည် ဆိုသော်လည်း အသုံးပြုနိုင်မည့် မြို့နယ်များကို လက်ရှိအချိန် အထိ ကြေညာခြင်း မရှိသေးသလို ဖုန်ခေါ်ဆိုခ နှုန်းထားများကိုလည်း ထုတ်ပြန်ကြေညာခြင်း မပြုသေးပေ။
တယ်လီနော ကုမ္ပဏီက ပေးမည့် ဖုန်းဝန်ဆောင်မှု ကွန်ရက်မှာ 2G 3G ကွန်ရက် အသုံးပြုနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၌ 4G ဟန်း ဆက်များ အသုံးပြုသူ ပေါများလာသည့် အချိန်တွင် ၎င်းတို့ဘက်မှ 4G ဝန်ဆောင်မှု ပေးရန်အထိ အသင့်ပြင်ဆင် ထားရှိကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုထားသည်။