ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်(AGD) ဘဏ်၏ အစုရှယ်ယာ ၆၀ရာခိုင်နှုန်းကို ဗိုလ်ချုပ်ကြီး ဟောင်း ဦးနေဝင်း၏မိသားစု ထံသို့ ရောင်းချမည့် ကိစ္စကို ပြန်လည် စဉ်းစားသုံးသပ်နေကြောင်း ဦးတေဇက ယနေ့ ရန်ကုန် မြို့ တွင် ကျင်းပသည့် UMFCCI ၏ ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးအပြီး မီဒီယာများ နှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဇူလိုင်လအတွင်းက ဦးတေဇပိုင် AGD ဘဏ်၏ ရှယ်ယာ ၆၀ရာနှုန်းနှင့် အထက်ကို ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးများက ဝယ်ယူရန် သဘောတူညီမှုရခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သတ်၍ မေးမြန်းရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးတေဇက “ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းတော့ ရောင်းမှာပဲ။ ဒါပေမယ့် အချိန်အခါ ကြည့်ပြီးတော့ ပြန်စဉ်းစား တယ်ကွ။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘယ်သူမှ မထိခိုက်စေချင်ဘူး” ဟု ပြောသည်။
AGD ဘဏ်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကျော်ကို ရောင်းချရန် ရှိသည်မှာ မှန်သော်လည်း ဦးနေဝင်း၏ မြေးများထံသို့ ယခု ရောင်းချထားသည်မှာ ၁၅ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ ထိုပမာဏအတွက် ငွေပင် မချေရသေးသည့် အနေအထား ဖြစ် ကြောင်း သိရသည်။
ဦးတေဇက AGD ဘဏ်ရှယ်ယာ ၆၀ရာခိုင်နှုန်းအထိ ရောင်းချရန် စဉ်းစားဖြစ်ခဲ့ရခြင်းမှာ ၎င်းအပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ရှိနေသည့် အခြေအနေနှင့် သက်ဆိုင်ကြောင်း၊ထို့ပြင် ရှယ်ယာ ဝယ်ယူမည်ဖြစ်သော ဦးနေဝင်း မြေးများနှင့် ချိတ်ဆက်သည့် ကုမ္ပဏီ၏ နိုင်ငံတကာဝင်ဆန့်မှုအခြေအနေနှင့်လည်း သက်ဆိုင်ကြောင်း ပြောသည်။
“နိုင်ငံခြားဘဏ်တွေလာကြတယ်။ နိုင်ငံရေးပိတ်ဆို့မှုကြောင့် ကိုယ်တို့ဘဏ်က Master Card ဆိုလည်း နောက်ဆုံးမှ လုပ်ရတယ်။ ဘာပဲလုပ်လုပ်နောက်ကျမှ ရတယ်။ လာတဲ့အချိန်ကျလည်း ကိုယ်တို့နဲ့ Warmly မရှိဘူး။ရောင်းမယ်လို့ ဆုံးဖြတ်တဲ့ အကြောင်းက အစောက အကြောင်းတွေလည်း ပါတာပေါ့။ နောက်ပြီးတော့ Capital ပါလာပါတယ်။ ၄ ဒသမ ၉ ဘီလီယံလောက်ရှိတယ်။ အဲ့ကုမ္ပဏီကို ပြန်ကြည့်တော့လည်း နိုင်ငံပေါင်း ၁၀၀ ကို ငွေကြေး support လုပ်နေတဲ့ ကုမ္ပဏီကြီးပါ” ဟု ပြောသည်။
ဦးနေဝင်း၏မြေးများနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ကုမ္ပဏီသည် တရုတ်နိုင်ငံမှ China National Corporation for Overseas Economic Cooporation (CCOEC) ကုမ္ပဏီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်း ခဲ့သည်ဟု ဦးနေဝင်း၏ မြေးအကြီးဆုံးဖြစ်သူ ဦးအေးနေဝင်းကလည်း ဧရာဝတီသု့ိ ပြောကြားခဲ့သည်။