ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့်ဆည်များ တည်ဆောက်ရန် ယခင် မြန်မာစစ်အစိုးရနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးထားခဲ့သည့် တရုတ်ကုမ္ပဏီ တခုက တချို့စီမံကိန်းများတွင် ထွက်ရှိသော လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပေးပို့ရခြင်းကို ပြည်တွင်းသုံးစွဲမှုအတွက် ပိုမိုခွင့်ပြုပေးခြင်းအားဖြင့် စည်းကမ်း သတ်မှတ်ချက်များကို ပြန်လည်ညှိနှိုင်း ပေးနိုင်ကြောင်း ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ၏ တည်ငြိမ်မှုမရှိသော လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုစနစ်က ၄၉ နှစ်ကြာ စစ်အာဏာရှင် အုပ်ချုပ်ရေး လက်အောက်မှ လွတ်မြောက်လာသော အာရှ ဒုတိယ အဆင်းရဲဆုံး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နေစေသည်။
ကြွယ်ဝသည့် သယံဇာတ အရင်းအမြစ်များကို အိမ်နီးချင်းနိုင်ငံများသို့၊ အထူးသဖြင့် တရုတ်နိုင်ငံသို့ ဝေစုအများစုပေး၍ ရောင်းချနေခြင်းနှင့် ပတ်သက်၍ လက်မခံ ဆန့်ကျင်မှုများလည်း မြန်မာနိုင်ငံတွင် တိုးပွားလာနေသည်။
“တကယ်လို့ အစိုးရသစ်က မြန်မာနိုင်ငံအတွက် စွမ်းအင် ပိုပြီးလိုအပ်နေတယ်လို့ တွေးမယ်ဆိုရင်လည်း ပြည်တွင်းလိုအပ်ချက်ကို ပြည့်စုံအောင် အရင်ဖြည့်ဆည်းပေးရင်လည်း ကျနော်တို့အတွက် ပြဿနာမရှိပါဘူး” ဟု တရုတ်နိုင်ငံမှ Power Construction Corp ၏ ဒုတိယ ဥက္ကဋ္ဌ Sun Hongshui က Reuters သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ အမြောက်အမြားနှင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် နေရာများရှိသော်လည်း လူဦးရေ သန်း ၆၀ ၏ ၄ ပုံ ၁ ပုံသာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သဖြင့် အာရှတွင် အနိမ့်ဆုံးအဆင့် ဖြစ်နေကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာအစိုးရကမူ ၂၀၃၀ ခုနှစ်တွင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မည်ဟု ကတိပြုထားသည်။
အဆိုပါ ရည်မှန်းချက် ပြည့်မီနိုင်ရေးအတွက် မူလသဘောတူညီချက်များကို ပြန်လည်ပြင်ဆင် ညှိနှိုင်းရန် သူ၏ကုမ္ပဏီက ဆန္ဒရှိနေသည်ဟု Sun Hongshui ကဆိုသည်။
“တကယ်လို့ လျှပ်စစ်ဓာတ်အား ပိုလျှံမှုရှိမယ် ဆိုရင်တော့ တရုတ်နိုင်ငံ ဒါမှမဟုတ် တခြား အိမ်နီးချင်း နိုင်ငံတခုကို တင်ပို့ပေးနိုင်ပါလိမ့်မယ်” ဟု Sun Hongshui က မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ယခင်အပတ်က ပြုလုပ်ခဲ့သည့် စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတရပ်တွင် ပြောကြားလိုက်သည်။
မြန်မာ့လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကမူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသည့်အတွက် ယခုဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုသည် မူလခန့်မှန်းထားသည်ထက် မြင့်မားပြီး ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိနိုင်သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောခဲ့သည်။
“တည်ငြိမ်ပြီး တိုးတက်လာနေတဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု မရှိဘဲနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍကို ဒီတိုင်းပြည်က ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အတားအဆီး ဖြစ်စေပါတယ်” ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Kyosuke Inada က ပြောသည်။
“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးက နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်” ဟု သူကဆိုသည်။ JICA သည် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု တိုးတက်ရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ကီလိုဝပ် နာရီ ၁၃ ဒသမ ဝ၄၈ ဘီလီယံ ရှိခဲ့ရာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ကီလိုဝပ် နာရီ ၁၀ ဒသမ ၉၆၄ ဘီလီယံ နှင့် ၂၀၁၁-၁၂ ခုနှစ်တွင် ကီလိုဝပ် နာရီ ၈ ဒသမ ၆၂၅ ဘီလီယံ ရှိခဲ့ရာမှ တိုးတက်လာခြင်း ဖြစ်သည်ဟု အစိုးရ ဗဟိုစာရင်းအဖွဲ့ (Central Statistical Organization) ၏အဆိုအရ သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အစီအစဉ်တွင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ပြည့်မြဲစွမ်းအင် စသဖြင့် ဘက်ပေါင်းစုံမှ မြင်တွေ့ရဖွယ်ရှိသည်။ “အကောင်းဆုံး ပေါင်းစပ်မှုကို ရှာဖွေနိုင်ဖို့ အစိုးရနဲ့ ကျနော်တို့ ဆွေးနွေးနေပါတယ်” ဟု Kyosuke Inada က ဆိုသည်။
အစိုးရ၏ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မတီမှ ပုဂ္ဂလိက အကြံပေးတဦးဖြစ်သော ဦးသောင်းဝင်းက ၂၀၃၀ ခုနှစ် ရောက်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး လောင်စာသုံး စက်ရုံများမှ ၃၀ ရာခိုင်နှုန်း၊ နေရောင်ခြည်နှင့် လေတို့ကဲ့သို့ စွမ်းအင်များမှာ ၃၀ ရာခိုင်နှုန်းနှင့် ရေအားမှ ၄၀ ရာခိုင်နှုန်း ထုတ်လုပ်သွားမည်ဟု ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် စွမ်းအင်စီမံကိန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး နစ်နာဆုံးရှုံးမှုများကို ဟန်ချက်မျှအောင် ပြုလုပ်ပေးနိုင်ရမည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည့် တရုတ်နိုင်ငံမှ ဦးစီးတည်ဆောက်သော မြစ်ဆုံစီမံကိန်းကို ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ၏ တောင်းဆိုမှုကြောင့် ရွှေ့ဆိုင်းပေးခဲ့သည်။