ဗဟိုဘဏ်က နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်ပေးမယ်ဆိုတဲ့ အချိန်မှာ ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တွေရဲ့ ဝေဖန်ထောက်ပြ ပြောဆိုတဲ့အသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ခဲ့ပါတယ်။ နည်းပညာ၊ ငွေကြေးအရင်းအနှီးနဲ့ လုပ်ငန်းကျွမ်းကျင်မှုအဆုံး အစစအရာရာ သာလွန်ပြီး အတွေ့အကြုံများတဲ့ နိုင်ငံခြားဘဏ်တွေ ဝင်လာရင် ပြည်တွင်းကဘဏ်တွေ အနေနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိပါဘူးလို့ ဘဏ်လုပ်ငန်းရှင်တွေက တညီတညွတ်တည်း ပြောဆိုကြတာပါ။
နိုင်ငံခြားဘဏ်တွေ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း ကိုယ်တိုင်က ဗဟိုဘဏ်ကို ဝေဖန်ခဲ့သလို ဘဏ်လုပ်ငန်းရှင်များ အသင်းကလည်း ဝေဖန်တဲ့အသံတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရွေ့ကိုသွားနေတဲ့ နိုင်ငံအဖို့ အရင်းအနှီး ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေအတွက် နိုင်ငံခြားဘဏ်တွေ ဝင်လာဖို့ လိုတယ်ဆိုတာကိုတော့ ဦးအောင်သောင်း အပါအဝင် ဘဏ်လုပ်ငန်းရှင်တွေက လက်ခံပါတယ်။ သူတို့ဝေဖန်ခဲ့တာကတော့ ခွင့်ပြုဖို့ ဆုံးဖြတ်ချက်ဟာ စောလွန်းတယ်ဆိုတဲ့ အချက်ပါ။
ဗဟိုဘဏ်ကလည်း လက်ရှိကျင့်သုံးနေဆဲ ဥပဒေဖြစ်တဲ့ မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပါ အချက်အရ နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့် ပေးနိုင်သည်ဆိုတဲ့ အချက်အတိုင်း လုပ်ခဲ့တာပါ။ နိုင်ငံခြားဘဏ်တွေ ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က လက်ရှိ လုပ်ဆောင်နေတဲ့ အထူးစီးပွားရေးဇုန်တွေမှာ လာရောက်လုပ်ကိုင်မယ့် နိုင်ငံခြားလုပ်ငန်းတွေကို ငွေကြေးလည်ပတ်မှုကို ဆောင်ရွက်ပေးနိုင်ဖို့လို့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားဘဏ်များ ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှုး ဒေါ်မေတိုးဝင်းက ပြောဆိုခဲ့ပါတယ်။
ပြည်တွင်းဘဏ်တွေဟာ ဒါတွေအတွက် လုပ်ဆောင်ပေးနိုင်တဲ့ အင်အား၊ နည်းစနစ်နဲ့ အရည်အသွေး မရှိသေးတာကတော့ အားလုံးသိကြပါတယ်။ ဗဟိုဘဏ်က လုပ်ပိုင်ခွင့်ပေးတဲ့ နေရာမှာလည်း ပြည်တွင်းဘဏ်တွေ မထိခိုက်စေမယ့် သဘောကို အထူးအလေးပေး စဉ်းစားသွားမှာပါလို့ ဆိုပါတယ်။ အခု ဗဟိုဘဏ်က နိုင်ငံခြားဘဏ် အရေအတွက်ကို အနည်းဆုံး ၅ ခုကနေ ၁၀ ခုအထိ ခွင့်ပြုသွားမှာဖြစ်ပြီး လုပ်ပိုင်ခွင့်တွေကို အကန့်အသတ်နဲ့သာ ခွင့်ပြုသွားမှာလို့ ဆိုထားပါတယ်။ ပြည်တွင်းမှာ ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်ထားတဲ့ နိုင်ငံခြား ဘဏ် ၄၂ ခုထဲကနေပြီး ရွေးချယ်သွားမှာဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ စဉ်းစားလက်ခံရန် ကမ်းလှမ်းမှု Request for Perposal တင်ထားတာ ၂၅ ခုရှိတယ်လို့ သိရပါတယ်။
ရွေးချယ်မှုကတော့ လုပ်ကိုလုပ်တော့မှာပါ။ ဒီအချိန်မှာ စိတ်ဝင်စားစရာကောင်းတာက ဗဟိုဘဏ်က လုပ်ပိုင်ခွင့် အကန့်အသတ်တွေနဲ့ ခွင့်ပြုမယ်ဆိုတဲ့ အချက်ပါ။ လက်ရှိအချိန်ထိ သိကြရတာကတော့ ပြည်တွင်းဘဏ်တွေ အများစုလုပ်ကိုင်ပြီး ဝန်ဆောင်မှု ပေးနေတဲ့စနစ် Retail Banking ကို လုပ်ပိုင်ခွင့် မပေးဘဲ ငွေကြေးအဖွဲ့အစည်းတွေ၊ ကုန်သွယ်မှုဘဏ်တွေနဲ့ လုပ်ကိုင်တဲ့ Whole Sale Banking စနစ်ကိုသာ လုပ်ပိုင်ခွင့် ပေးမှာဖြစ်တယ်လို့ ဆိုတာပါ။
ဒီအခြေအနေအပေါ် ကမ္ဘောဇဘဏ်ရဲ့ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှုး ဦးဇော်လင်းထွဏ်းက ”သူတို့ကို Retail ကို ပေးမထားဘူး။ Retail Market ကို ချေးငှားလုပ်ခွင့် မရှိဘူးပေါ့။ လုပ်ချင်တယ်ဆိုရင် ပြည်တွင်းဘဏ်က တဆင့်ပဲ ချေးငှားလုပ်ခွင့်ရှိတဲ့ ပုံစံပေါ့။ အဲလိုပဲထင်တယ်။ အဲဒီတော့ ပြည်တွင်းဘဏ်တွေက သူတို့ဆီကနေ အတိုးနှုန်းတခုနဲ့ ယူမယ်။ အဲ့ဒီကနေ ပြန်ပြီး Retail Market ကို ပြန်ချေးနိုင်မယ်ပေါ့” လို့ ပြောပါတယ်။
ဒီအချိန်မှာ ပြည်တွင်း လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားဘဏ်တွေဆီက အကူအညီတွေ လိုချင်ကြမှာ ဖြစ်သလို နိုင်ငံတကာစံနှုန်းနဲ့ပေးတဲ့ ဝန်ဆောင်မှုတွေကိုလည်း သူတို့လုပ်ငန်း လည်ပတ်မှုတွေအတွက် လိုချင်ကြမှာပါ။ ဒီအချက်တွေကို မျှော်လင့်ကြလို့လည်း နိုင်ငံခြားဘဏ်တွေ စောစီးစွာ ဝင်လာရေးကို လုပ်ငန်းရှင်တွေက မျှော်ကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး Farmer Auto Car Showroom က ဒေါက်တာစိုးထွန်းက “နိုင်ငံတကာ ဘဏ်တွေကို ဖွင့်ခွင့်ပေးတယ် ဆိုမှတော့ ပြည်တွင်းလုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိမှ အဆင်ပြေမယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ အရင်းအနှီးအတွက် နိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်ခွင့်ပေးရမှာ။ မဟုတ်ရင် ဖွင့်တဲ့ဟာ ပြည်သူတွေအတွက် မဟုတ်ဘူး ဖြစ်နေမှာပေါ့” လို့ ပြောပါတယ်။
အခြားအချက်တွေဖြစ်တဲ့ နိုင်ငံခြားငွေကိုပဲ လုပ်ပိုင်ခွင့်ပေးမှာလား၊ ပြည်တွင်း ကျပ်ငွေကိုရော လုပ်ပိုင်ခွင့်ပေးမှာလား၊ ဖက်စပ်စနစ် လုပ်ပိုင်ခွင့်ပါမှာလား၊ ပြည်တွင်းဘဏ်တွေကို အကာအကွယ်ပေးမယ့် အချက်တွေကရော ဘာတွေလဲစတဲ့ မေးစရာတွေက ဗဟိုဘဏ်မှာ အများကြီးရှိနေပါတယ်။ အခုအချိန်အထိတော့ ဗဟိုဘဏ်က သူတို့ရဲ့ သတ်မှတ်ချက်၊ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ပြည်တွင်းဘဏ်တွေနဲ့ ဖက်စပ်လုပ်ပိုင်ခွင့် (JV) စနစ်ပါ ပေးခဲ့မယ်ဆိုရင်လည်း ဒါနဲ့ပတ်သက်တဲ့ ရာခိုင်နှုန်း ဘယ်လောက်စီ သတ်မှတ်ချက်ဆိုတာမျိုးက အခုလက်ရှိ ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေမှာ မပါရှိဘူးလို့ ကမ္ဘောဇဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က ပြောပါတယ်။ “ဘဏ်တွေအတွက် (JV) နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းက သူ့ဥပဒေ ပြန်ထွက်လာမှရမှာ။ ငွေရေးကြေးရေး ဥပဒေက မထွက်သေးဘူး။ ငွေရေးကြေးရေး ဥပဒေအဟောင်းက ဖက်စပ်စနစ်နဲ့ ပတ်သက်ပြီး မပါဘူး။ သူကနိုင်ငံခြားဘဏ်တွေ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာလောက်ပဲပါတာ” လို့ ပြောပါတယ်။
အခု မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး ဥပဒေ အသစ်ထွက်ရှိဖို့အတွက် ပြန်လည်ရေးဆွဲနေဆဲပါ။ ဗဟိုဘဏ်ကတော့ နိုင်ငံခြားဘဏ်တွေကို လိုင်စင်ချပေးမယ့် အချိန်မှာ လက်ရှိရေးဆွဲနေတဲ့ ငွေရေးကြေးရေး ဥပဒေအသစ်ကလည်း ပြီးလောက်ပြီလို့ ယူဆထားတဲ့အကြောင်း ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှုဖြစ်တဲ့ ဒေါ်မေတိုးဝင်းက ပြောဆိုဖူးပါတယ်။
ဗဟိုဘဏ်ရဲ့ အကန့်အသတ်တွေကို အသေအချာ မသိကြရသေးတဲ့ ဒီလိုအချိန်မှာတော့ ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တွေက စိုးရိမ်ကြတာ အမှန်ပါပဲ။
နိုင်ငံခြားဘဏ်တွေ ဝင်လာရင် အရင်းအနှီးနည်းတဲ့ သူတို့ဘဏ်တွေ လက်ဝေခံဖြစ်သွားနိုင်မှု၊ ကျွမ်းကျင်ဝန်ထမ်းတွေ စီးဝင်သွားနိုင်မှု၊ လက်ရှိ လုပ်ပိုင်ခွင့်ရထားတဲ့ နိုင်ငံခြားငွေ ဝန်ဆောင်မှုအပိုင်းတွေကို ပိုကောင်းမွန်တဲ့ နိုင်ငံခြားဘဏ်တွေဆီ ရောက်ရှိသွားနိုင်မှု၊ အတိုးနှုန်းနည်းတဲ့ ချေးငွေများ ရှိလာနိုင်မှုစတဲ့ အချက်တွေအများကြီးပါပဲ။ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍက လုပ်ငန်းရှင်တွေကလည်း နိုင်ငံတကာနဲ့ လုပ်ငန်းတွေ ချိတ်ဆက်လုပ်တဲ့ နေရာမှာ ပြည်တွင်းဘဏ်တွေ မပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို နိုင်ငံခြားဘဏ်တွေကပေးဖို့ မျှော်လင့်ကြသလို သူတို့ လုပ်ငန်းတွေအတွက် ငွေကြေးအရင်းအနှီး ချေးငှားနိုင်ခွင့်ကိုလည်း လိုချင်ကြဦးမှာပါ။ ဒါ့ကြောင့် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ရေး ရည်ရွယ်မှုမှာ အထူးစီးပွားရေး ဇုန်တွေအတွက် Finacing ပေးနိုင်ဖို့အပြင် တခြား စဉ်းစားချက်တွေ ထည့်သွင်းသင့်တယ်လို့ လေ့လာသူတွေက ဆိုနေကြပါတယ်။
မြန်မာနိုင်ငံ လုပ်ငန်းတွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ နည်းပညာနဲ့ ငွေကြေးအကူအညီ အလွန်အမင်း လိုအပ်နေတယ်ဆိုတာ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ အားလုံးသိကြပါတယ်။ ဒီနေရာမှာ ပထမအရေးအကြီးဆုံးက အရင်းအနှီးပါ။ ဒီငွေကြေးကို ပြည်တွင်းဘဏ်တွေမှာ အပေါင်စနစ်နဲ့ အတိုးနှုန်း မြင့်မြင့်ချေးပြီး မလုပ်ကိုင်နိုင်ကြသလို ပြည်တွင်းဘဏ်တွေကလည်း အတိုးနှုန်းနည်းနည်းနဲ့ မချေးပေးပါဘူး။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးဖို့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ တိုးတက်လာမှသာ ဖြစ်မယ်လို့ ပြောဆိုနေကြပေမယ့် အစိုးရကလည်း ဒါကို မကူညီပါဘူး။
ဒီအခြေအနေမှာ ငွေကြေးအရင်းအနှီး အင်အားများစွာရှိတဲ့ နိုင်ငံခြားဘဏ်တွေ ပြည်တွင်းကို ဝင်လာတော့မယ့် အခြေအနေက ဖြစ်နေပါပြီ။ ဒီ အခြေအနေမှာ အရေးကြီးတယ်လို့ဆိုတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် အထောက်အကူပြုမှု ဘာပါမလဲဆိုတာ ဗဟိုဘဏ်က ဘာမှရှင်းလင်းမှု မရှိသေးပါဘူး။ ဒါ့ကြောင့် နိုင်ငံခြားဘဏ်တွေ ဝင်လာရေးဟာ ဘဏ်လုပ်ငန်းရှင်တွေကိုလည်း သတ်သလို မဖြစ်ဘဲ တဖက်မှာလည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံရဲ့ အများဆုံးလုပ်ငန်းတွေ ဖြစ်တဲ့ SMEs တွေ လိုအပ်နေတဲ့ ဈေးချိုတဲ့ အရင်းအနှီး ရယူနိုင်ခွင့်ပေးဖို့ကို ဗဟိုဘဏ်က အမြန်စဉ်းစားဆုံးဖြတ်ဖို့ လိုနေကြောင်း တင်ပြအပ်ပါတယ်။