အငြင်းပွားဖွယ် ဖြစ်နေသည့် ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတွင် ပါဝင်သောမြေများမှာ လျှို့ဝှှက်ထားသည် ဆိုသော်လည်း တရားဝင် သတင်းမထွက်ခင်ကတည်းက အရောင်းအဝယ် နေ့စဉ်ဖြစ်နေသည်မှာ ၂ လခန့် ရှိနေပြီ ဖြစ်ကြောင်း ယင်းနေရာများတွင် လယ်မြေယာမြေ အကျိုးဆောင်လုပ်နေသော ပွဲစားများက ပြောသည်။
ယင်းစီမံကိန်းနှင့် ပတ်သတ်၍ တရားဝင် သတင်းထွက်ပေါ်ခဲ့သည်မှာ ယခုလ ၂၂ ရက်နေ့ကဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မြို့တော်ဝန် ဦးလှမြင့်က သွားရောက် အသိပေးခဲ့ခြင်း ဖြစ်သည်။
ကြည့်မြင်တိုင်၊ ဆိပ်ကြီး ခနောင်တိုနှင့် တွံတေးမြိ့နယ်များရှိ မြေဧက ၃သောင်းတွင် အကောင်အထည် ဖော်မည်ဟုဆိုသော လျှို့ဝှက်ထားသည် ဆိုသည့် အဆိုပါ စီမံကိန်းသတင်း ထွက်ပေါ်လာသည်မှာ ၁ ပတ်မျှပင် ရှိသေးသော်လည်း ယင်းဧရိယာရှိ မြေများမှာ အရောင်းအဝယ်များ ကြိုတင်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
“ဒီသုံးနှစ်အတွင်း အဖြစ်အများဆုံးက အခု ၂ လအတွင်းပဲ။ အရောင်းအဝယ်က နေ့တိုင်းဖြစ်တယ်။ ကျနော်တို့ လချီနေပြီ။ တနေ့မှ ပွဲမပျက်သွားဘူး။ ပွဲဖြစ်တာ အနည်းအများပဲ ကွာတယ်” ဟု စီမံကိန်း မြေများ အရောင်းအဝယ် ဖြစ်နေသည့် အခြေအနေနှင့် ပတ်သတ်၍ လယ်မြေ၊ ရွာမြေ အကျိုးဆောင်လုပ်ငန်းကို ထိုနေရာတွင် လုပ်ကိုင်နေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်သော ဒေသခံ ချောင်းဝရွာသား ကိုမောင်ကြည်က ပြောသည်။
ယခုလက်ရှိအချိန်တွင် အရောင်းအဝယ် ဖြစ်နေသည်မှာ စီမံကိန်းဧရိယာပါ ရန်ကုန်-တွံတေး ကားလမ်းမဘေး ကပ်လျှက် လယ်မြေများနှင့် အတွင်းပိုင်းကျသော ရွာမြေ၊ လယ်မြေများ ဖြစ်ကြောင်း၊ ထိုအထဲတွင် အတွင်းပိုင်းကျသော မြေများ ပိုမို အရောင်းအဝယ် ဖြစ်နေကြောင်း ၎င်းက ပြောသည်။
မြေဈေးနှုန်းများမှာ လမ်းဘေးမေးတင် မြေဆိုပါက တဧကလျှင် ကျပ်သိန်း ၁၂၀၀ အထိ ပေါက်ပြီး ဈေးအရောင်းအဝယ် တည့်သွားသည်များလည်း ရှိကြောင်း၊ လမ်းမနှင့် ၁ မိုင်နီးပါးမျှဝေးသော မြေများမှာ ၁ ဧကလျှင် ကျပ်သိန်း ၅၀၀ ဝန်းကျင် ပေါက်ကြောင်း သိရသည်။
ရွာမြေဈေးနှုန်းများမှာ လယ်မြေဈေးနှုန်းထက် မြင့်ပြီး ၁ ပေပတ်လည်ဈေးနှင့် ဈေးဖွင့်ကြောင်း၊ လက်ရှိပေါက်ဈေးမှာ ၁ ပေပတ်လည်လျှင် ကျပ်၂ သိန်းခွဲနှင့် ၃ သိန်းကြား ပေါက်လျှက်ရှိသည်။
ဈေးနှုန်းပေါက်ဈေးမှာ ယခုအချိန်တွင် ရက်အလိုက် မြင့်တက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ကိုမောင်ကြည်က “တနေ့ကို ၁၀ သိန်း ၁၅ သိန်းလောက် တက်တယ်။ ဒီနေ့ သိန်း ၂၀၀ ခေါ်တဲ့သူက နောက်နေ့ သိန်း ၂၂၀၊ ၂၁၀ ခေါ်နေကြတယ်” ဟု ပြောသည်။
ရွာမြေဈေးနှုန်းများ အမြင့်ဈေးပေးဝယ်မှုများ ရှိခြင်းကြောင့် အချို့သော ရွာသားများမှာ ဈေးအမြင့် စောင့်နေကြသူူများလည်း ရှိနေကြသေးသည်။
“ရွာမြေက ရှိကိုမရှိတော့တာ။ ကုန်သလောက်ကို ဖြစ်သွားတာ။ ရွာကွက်တွေက တပေကို ၂ သိန်းခွဲ ၃ သိန်း ပေါက်တယ်။ အရင် တခြံလုံးမှ ၈ သိန်း ၉ သိန်းလောက်ပဲရှှိတာ။ ကျနော်လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဝယ်တာ ၆ သိန်း၊ အခု သိန်း ၁၅၀ ပေးတာ မရောင်းရဲဘူး” ဟု စီမံကိန်းဧရိယာတွင် ပါဝင်သည့် တမာတကောရွာသား တဦးက ပြောသည်။
ယခုရက်များအတွင်း မြို့သစ်စီမံကိန်းသတင်း ထွက်ပေါ်လာခြင်းနှင့်အတူ ရန်ကုန်-တွံတေး ကားလမ်းဘေး ကျေးရွာများဖြစ်သော တမာတကော၊ လေးအိမ်၊ ချောင်းဝ၊ တမံကြီး စသောရွာများတွင် လယ်မြေ၊ ရွာမြေ အရောင်းအဝယ်လုပ်သည့် ပွဲစားများနှင့် လာရောက်ဝယ်ယူကြသူများ ရှုပ်ထွေးလျက်ရှိသည်။
“မြေလာကြည့်ကြတဲ့ သူတွေကတော့ အများကြီးပဲ။ အရောင်းအဝယ် တည့်သွားတာလည်း ရှိတယ်။ ကြည့်ပြီး ပြန်သွားတာလည်း ရှိတယ်။ ရှမ်းတရုတ်တွေ တော်တော်များများ လာကြတယ်” ဟု တမံကြီးရွာမှ အကျိုးဆောင် ပွဲစားတဦးက ပြောသည်။
လက်ရှိ အရောင်းအဝယ် လုပ်နေကြသော အကျိုးဆောင်ပွဲစားများ၏ အဆိုအရ စီမံကိန်းဧရိယာ ဧက ၃ သောင်းတွင် ၂ သောင်းကျော်မှာ စီးပွားရေးသမားများနှင့် လုပ်ငန်းရှင်များလက်ဝယ်တွင် ရောက်ရှိသွားပြီဖြစ်ကြောင်း၊ ဧက ၁ သောင်းဝန်းကျင်သာ လယ်သမားများ လက်ဝယ်တွင် ရှိတော့ကြောင်း သိရသည်။
ယခု စီမံကိန်း မြေနေရာများမှာ ယခင် လွန်ခဲ့သည့် ၃ နှစ် ၄ နှစ်ဝန်းကျင်မှစ၍ အရောင်းအဝယ် ရှိခဲ့သော်လည်း ထိုအချိန်က ဈေးနှုန်းမှာ ၁ ဧကလျှင် ကျပ်သိန်း ၃၀ ဝန်းကျင်သာ ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်အထိ သိန်း ၅၀၀ ဝန်းကျင် ပေါက်သော်လည်း အရောင်းအဝယ် အဖြစ်နည်းကြောင်း၊ ယခု နှစ်အတွင်းမှ သိန်း ၈၀၀၊ သိန်း ၁၀၀၀ ဈေးဖြစ်လာပြီး အရောင်းအဝယ်များ တောက်လျှောက် ဖြစ်လာကြောင်း သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက တည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံနှင့် ငွေကျပ် ဘီလီယံ ၇၀၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။ အကောင်အထည် ဖော်မှုကို ၃ နှစ်အတွင်း ၇၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု သိရပြီး မြစ်ကူးတံတား ၅ စင်းနှင့် တန်းဖိုးနည်းအိမ်ယာများ အပါအဝင် တခြားအခြေခံ အဆောက်အဦများ ပါဝင်မည်ဟု သိရသည်။
စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကို မကြားဖူးကြခြင်း၊ ရန်ကုန်တိုင်းလွှတ်တော်ကို အသိမပေးခြင်း စသည်တို့ကြောင့် ဝေဖန်မှုများ ပြင်းထန်စွာ ပေါ်ပေါက်နေသည်။