သမ္မတ ဦးသိန်းစိန် ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ အရှိန်တန့်သွားပြီး ဘာသာရေး တင်းမာမှုတွေ ဖြစ်နေတာ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာတာ၊ ပြည်တွင်းစစ် ရပ်စဲရေး မဖော်ဆောင်နိုင်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေး ထင်သလောက် မကောင်းလာဘဲ ဒဏ်ခတ်ပိတ်ပင်မှုကလည်း လုံးဝရုတ်သိမ်းသွားရေး မဖြစ်နိုင်သေးဘဲ ရှိနေရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးလာစေဖို့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ် စလှမ်းခဲ့ပါတယ်။ အဲဒါကတော့ မြန်မာပြည်တွင်းမှာ အလုပ်သမား အခွင့်အရေးတွေ အားကောင်းလာစေရေးနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်လာစေရေး အတူတကွ လုပ်ဆောင်ဖို့ နှစ်နိုင်ငံကြား သဘောတူခဲ့ကြတာပါပဲ။ ဒီကိစ္စကို အိုင်အယ်လ်အိုကလည်း ထောက်ခံထားပြီး ကုန်သွယ်ရေးဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဖြစ်လာခဲ့တာပါ။ မိုက်ကယ်ဖရိုမန်းဟာ နေပြည်တော်မှာ အာဆီယံ စီးပွားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
အမေရိကန်-မြန်မာ နှစ်နိုင်ငံကြား သဘောတူညီချက်ဟာ မြန်မာပြည် အလုပ်သမားရေးရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေး နှစ်များစွာကြာမြင့်မယ့် ဗျူဟာကို ချမှတ်ဖော်ဆောင်ရာမှာ အမေရိကန်နဲ့ မြန်မာ အစိုးရ အရာရှိတွေသာမက စိတ်ပါဝင်စားတဲ့ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေနဲ့ အိုင်အယ်လ်အိုလို အလုပ်သမားရေးရာ အဖွဲ့တွေ ပါဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်က မြန်မာတွေ လုပ်ရည်ကိုင်ရည် တက်လာဖို့၊ နိုင်ငံတကာ စံတန်ဖိုးတွေနဲ့အညီ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဖော်ဆောင်ရေး လိုအပ်တဲ့ စည်းစနစ်တွေကို ဖော်ဆောင်နိုင်ဖို့နဲ့ လက်တွေ့ကျင့်သုံးဖို့ ကူညီရေးပါ။
ဥပမာပြရရင် မြန်မာပြည်မှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ရှိပါတယ်၊ အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဘယ်လို အပြန်အလှန် ဆောင်ရွက်လုပ်ကိုင်မလဲဆိုတာ သဘောပေါက်နားလည်မှု အနည်းငယ်မျှပဲ ရှိပါသေးတယ်။ ပြောရရင် အခြေခံလစာကိုတောင် မသတ်မှတ်နိုင်ကြသေးပါဘူး။ အခု နှစ်နိုင်ငံ သဘောတူညီချက်က ဒီအခြေခံ လုပ်ခလစာအရေး ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ အလုပ်သမားများကို လူလိုသူလို ဆက်ဆံဖို့နဲ့ လေးစားဖို့ဟာ ၂၁ ရာစု စီးပွားရေးရဲ့ တန်ဖိုးတခုလို့ မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မြင်လာစေအောင် ကြိုးပမ်းချက်မို့ ကောင်းပါတယ်။
ချက်ခြင်းဆိုသလို မန္တလေးတိုင်း ဒေသကြီးအတွင်းက မြင်းခြံခရိုင် နဘူးအိုင်နဲ့ မိထ္တီလာခရိုင် ဝမ်းတွင်း ဒေသမှာ အမေရိကန်က ACO ရင်းနှီးမြှုပ်နှံမှုအဖွဲ့က မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့အတူ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မယ့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ဖို့ ဒေါ်လာ သန်း ၄၈၀ ထည့်ဝင်မယ်လို့ သဘောတူညီချက် လက်မှတ်ရေးထိုးပါတယ်။ ဒီပရောဂျက်က ၂၀၁၆ ခုနှစ်မှာ ပြီးစီးမှာဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်မှုဟာ တနိုင်ငံလုံး ပါဝါဂရစ်ရဲ့ ၁၀ ရာခိုင်နှုန်းက ၁၂ ရာခိုင်နှုန်းထိ ရှိပါမယ်။ မြို့သာစက်မှုဇုံအပါအဝင် မြင်းခြံနဲ့ မိတီ္ထလာခရိုင်တွေကို မီးပေးဖို့ များပါတယ်။
ဦးသိန်းစိန်တက်လာပြီးစ နိုင်ငံရေး ပွင့်လင်းလာမှု၊ စီးပွားရေး တံခါးဖွင့်လိုမှုတွေကြောင့် အိုဘားမားအစိုးရဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားပြီး မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှု ပြန်လုပ်လာခဲ့တယ်။ အမေရိကန်အစိုးရကိုယ်စားလှယ်တွေ မြန်မာပြည်ကို ဒီနှစ်ထဲ ချောင်းပေါက်မတတ် လာနေခဲ့ပြီး စစ်ဘက်ဆိုင်ရာဆက်ဆံရေး စတင်ဖို့နဲ့ ဒဏ်ခတ်မှု စာရင်းတွေ လျှော့ပေါ့ဖို့တွေ ပြောတာ စကြားလာရပါတယ်။ မကြာသေးခင်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာသွားခဲ့သလို နိုဝင်ဘာမှာ သမ္မတ အိုဘားမား နေပြည်တော်လာဖို့လည်း ရှိပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်း တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့အပတ် နေပြည်တော်က အာဆီယံ စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေးလုပ်ငန်းတွေက အကောင်းမြင်တယ်လို့လည်း သိရတယ်။ ၂၀၁၅ မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း စအကောင်အထည်ဖော်မှာကို အကောင်းမြင်တဲ့အပြင် ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ဖို့၊ အလုပ်အင်အားစု ကြီးထွားလာဖို့၊ အမြတ် ပိုကျန်ဖို့တွေကို မျှော်လင့်ကြကြောင်း နေပြည်တော်အစည်းအဝေးမှာ ကောက်ယူခဲ့တဲ့ အာဆီယံ စီးပွားရေး အမြင် စစ်တမ်း Asean Business Outlook Survey က ပြသခဲ့တယ်လို့ ဘန်ကောက်ထုတ် The Nation သတင်းစာမှာ ရေးပါတယ်။
အဲဒီစစ်တမ်းကို အမေရိကန်ကုန်သည်ကြီးများအသင်းနဲ့ အာဆီယံ ၁၀ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမေရိကန် ကုမ္ပဏီ ၅၈၈ ခု ပါဝင်တဲ့ အာဆီယံဆိုင်ရာ အမေရိကန်ကုန်သည်များအဖွဲ့ကနေ ဒီဇိုင်းဆွဲ ကောက်ယူခဲ့တာပါ။ စစ်တမ်းမှာ ဖြေကြားသူ ၉၁ ရာခိုင်နှုန်းက မြန်မာပြည်မှာ လုပ်ငန်းချဲ့ထွင်ဖို့ စဉ်းစားနေတယ်လို့ ဆိုတယ်။
အာဆီယံ စီးပွားရေး အမြင် စစ်တမ်းမှာ မြန်မာဟာ အာဆီယံထဲ စီးပွားရေးချဲ့ထွင်ချင်စရာ အကောင်းဆုံး နိုင်ငံတနိုင်ငံဖြစ်ကြောင်း ဖော်ပြပါတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်များအသင်း မြန်မာဌာနခွဲ ဥက္ကဋ္ဌ Mariano Vela က ပြောကြောင်း သိရတယ်။
မြန်မာမှာ အလုပ်လာလုပ်နေကြတဲ့ နိုင်ငံခြားသားအလုပ်အင်အားစုဟာ ဒီမှာ နေထိုင်ရတာနဲ့ အလုပ်လုပ်ရတာ စိတ်ကျေနပ်မှု ရှိတယ်။ ၉၁ ရာခိုင်နှုန်းက သူတို့အလုပ်ကို ကျေနပ်ပြီး ၇၇ ရာခိုင်နှုန်းက အချိန် ပိုနေချင်တယ်လို့လည်း ဆိုတယ်။ ဒါပေမယ့် ရုံးနဲ့ အိမ်ငှားခ၊ နိုင်ငံ့အခြေခံအဆောက်အဦ (infrastructure)၊ စနစ်တကျ လေ့ကျင့်သင်ကြားထားသူ ရှားပါးမှုတို့က ပြဿနာလို့ ဆိုတယ်။
အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာပြည်ဟာ အခက်အခဲတွေ ရှိနေဆဲပါ။ အိုဘားမားအစိုးရဟာ မြန်မာပြည်မှာ ဒေါ်လာ ၅ သိန်းထက်မနည်း ဒါမှမဟုတ် ရေနံနဲ့ ဂတ်စ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူ အမေရိကန်တွေဟာ စီးပွားရေးလုပ်ငန်းနဲ့ အစီအစဉ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို အစီရင်ခံရပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်က စပြီး ကုမ္ပဏီ ၁၅ ခု အစီရင်ခံပါတယ်။ ၂၀၁၃ ဇွန်မှာ စက်ရုံစဖွင့်ခဲ့တဲ့ ကိုကာကိုလာ Coca-Cola ရဲ့ အဓိကပြိုင်ဘက် ပက်စီ PepsiCo လည်း အခု မြန်မာပြည် ဝင်လာခဲ့ပါပြီ။ ဆန်ဖရန်စစ်စကို အခြေစိုက် Gap အဝတ်အထည်လုပ်ငန်းကလည်း စက်ရုံ ၂ ရုံ ထောင်ဖို့ ပြင်နေပါတယ်။ Gap ရဲ့ ကြေညာချက်ထဲမှာ “မြန်မာပြည်မှာ အထည်အပ်ဖို့ စလုပ်တဲ့ အမေရိကန် အထည် လက်လီ အရောင်းလုပ်ငန်းအနေနဲ့ ကျနော်တို့နဲ့ တွဲလုပ်မယ့်သူတွေဟာ အလုပ်သမားတွေကို လုံခြုံပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သင့်တင့်မျှတမယ့် အလုပ်ခွင်ကို အာမခံဖို့ ကျနော်တို့ တာဝန်ယူရမယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်” လို့ ရေးပါတယ်။
အမေရိကန်တွေရဲ့ မြန်မာပြည်ဆိုင်ရာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုကို အာမခံနိုင်ရေးနဲ့လည်း တိုက်ရိုက် ပတ်သက်နေပြန်ပါတယ်။ PARAMI ENERGY ကုမ္ပဏီရဲ့ အကြံပေး ဦးတင်ချိုက “လက်ရှိ ပြည်တွင်း ပဋိပက္ခတွေကို သူတို့စိုးရိမ်တယ်။ တကယ်လို့ အရေးခင်းတွေက မထိန်းနိုင်အောင်ဖြစ်လို့၊ Constitution ထဲမှာကလည်း မပြင်သေးတော့ တပ်မတော်က အချိန်မရွေး အာဏာပြန်သိမ်းလို့ရမယ်။ ဒီလိုနောက်ကြောင်းပြန်လှည့်သွားပြီဆို သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ဒီမှာ လက်လွန်နေရင် သူတို့ နှုတ်ရခက်မယ်”လို့ ဧရာဝတီကို ပြောပါတယ်။ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကလည်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလာတုန်းက တိုက်တွန်း ပြောဆိုသွားတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ် မျှတပြီး ပွင့်လင်းဖို့ လိုတယ်ဆိုတာကို ထောက်ပြပြီး “ဒီအချက်ကလည်း အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အရေးကြီးတဲ့ အချက်တချက် ဖြစ်နေသေးတယ်လို့ တွေ့ရပါတယ်။ ၂၀၁၅ အလွန် နိုင်ငံရေးအကူးအပြောင်း တည်ငြိမ်မှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်လာနိုင်မှာပါ”လို့ ပြောပါတယ်။
(သစ်နေမိုး ပါဝင်ရေးသားသည်)