ဦးသိန်းစိန် အစိုးရသစ် သက်တမ်း ၃ နှစ်ခွဲကာလသို့ ရောက်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် တို့ကို ပြိုင်တူ ဖော်ဆောင်နေရသည် ဆိုသော အချက်ကို သမ္မတ က မိန့်ခွန်းများတွင် မကြာခဏ ထည့်သွင်း ပြောဆိုလေ့ရှိရင်း သက်တမ်း ၁ နှစ်ခွဲကျော် ကျော်သာ ကျန်တော့သည့် ယခု အချိန်သို့ ရောက်လာခဲ့သည်။
ထိုအခြေအနေ အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အတူ စီးပွားရေး ဘက်တွင် ပိတ်ဆို့အရေးယူမှု ဖြေလျှော့ ပေးသည့် အခြေအနေများ ရရှိခဲ့သည်။
အစိုးရသစ် လက်ထက် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့မှုများကို ကြည့်မည် ဆိုလျှင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခြင်း၊ အထူး စီးပွားရေးဇုန်များ အကောင်အထည်ဖော်မှုနှင့် အထူးစီးပွားရေးဇုန် ဥပဒေများကို ပေါင်းစည်းခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် မူဝါဒတခု အနေနှင့် ဆောင်ရွက်နေခြင်းတို့ ရှိခဲ့သည်။
ငွေကြေးကဏ္ဍနှင့် ပတ်သက်၍လည်း ငွေလဲနှုန်းကို အမေရိကန် တဒေါ်လာ ၆ ကျပ်နှုန်းမှ ဈေးကွက် အခြေခံ နှုန်းရှင် ပြောင်းလဲခဲ့ခြင်း၊ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း၊ ဗဟိုဘဏ်အား ဝန်ကြီးဌာန လက်အောက်တွင် မထားတော့ပဲ သီးခြား ရပ်တည်စေခဲ့ခြင်းနှင့် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များ ပြည်တွင်းဝင်ရောက် လုပ်ကိုင်ရန် စတင် အကောင်အထည် ဖော်နေခြင်းတို့ ရှိသည်။
ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ ဖော်ဆောင်မှုများ ရှိသကဲ့သို့ အရင်းအနှီးဈေးကွက် ဖော်ဆောင်မှု အတွက် စတော့အိတ်ချိန်း ထူထောင်ရန် လုပ်ဆောင်နေမှုမျိုးလည်း ရှိနေသည်။
ထို့ပြင် ကုန်သွယ်မှုအတွက် တချို့သော အခက်အခဲများ ကို ဝန်ကြီးဌာနဘက်မှ ဖြေလျှော့ပေးမှုများ၊ အခွန် စနစ် ပြောင်းလဲကျင့်သုံးမှုများ ရှိလာသကဲ့သို့ နိုင်ငံတော် ဘတ်ဂျက် ရေးဆွဲမှု ပုံစံကိုလည်း ပြောင်းလဲ ရေး ဆွဲမည့် အခြေအနေရှိသည်။
နိုင်ငံတကာ အကူအညီနှင့် ကြွေးမြီများ ပိုမိုရရှိနိုင်ရေး အတွက် ယခင်အစိုးရ အဆက်ဆက်က တင်ရှိခဲ့သော ကြွေးမြီများကို ညှိနှိုင်းဖြေရှင်းမှုများလည်း လုပ်ဆောင်ခဲ့သည်။
စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ကြည့်သည့်နေရာတွင် အဓိကကျသော ပြည်တွင်းအသားတင် စုစုပေါင်း ထုတ် ကုန်တန်ဖိုး (GDP) ရာခိုင်နှုန်းလည်း တက်လာသည့် အခြေအနေဖြစ်ပြီး အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈ ရာနှုန်း မှန်းထားသော်လည်း ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိရန် လုပ်ဆောင်မည်ဟု ဦးသိန်းစိန်က ပြောဆိုထား သည်။
ထိုသို့သော ဖြစ်စဉ်များနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်မှုတွင် နှေးကွေးမှုများ၊ မပီပြင်မှုများနှင့် ထင်ထားသလောက် မဖြစ်ခဲ့မှု များစွာတို့ ရှိနေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI များ ထင်ထားသလောက် ဝင်ရောက်မှု မရှိခြင်း၊ အရေးတကြီး ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေသည့် အသေးစား အလတ်စားလုပ်ငန်းများ (SME) မူဝါဒ ပီပြင်မှု မရှိခြင်း၊ အထူး စီးပွားရေးဇုန် SEZ အကောင်အထည် ဖော်နိုင်မှုများ နှေးကွေးနေခြင်း၊ ငွေဖောင်းပွမှုနှုန်းများ မြင့်တက်လာခြင်းနှင့် ဘတ် ဂျက် လိုငွေ များလာခြင်း၊ နိုင်ငံ၏ အင်အားဟု ဆိုရနိုင်သော စုဆောင်းငွေပမာဏ မြင့်တက် မလာခြင်း၊ နိုင်ငံ အတွင်း စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မှုအတွက် ခြစားမှုသည် ယခုအချိန်အထိ အဓိက အဟန့်အတား ဖြစ်နေသေးခြင်း စသော အချက်များစွာတို့က ၃ နှစ်ခွဲသက် တမ်းအစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နိုင်မှု အခြေအနေကို မီးမောင်းထိုးပြ နေကြသည်။
ထင်သလောက်မဝင်တဲ့ FDI
လက်ရှိ မြန်မာနိုင်ငံတွင် ရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၉ ဘီလီယံဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်မှ ယခုအချိန်ထိ စုစုပေါင်းလည်း ဖြစ်သည်။ အစိုးရသစ် လက်ထက် FDI ဝင်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အထိ ၅ ဒသမ ၈၂၄ ဘီလီယံခန့်သာ ရှိပြီး ယခုဘဏ္ဍာနှစ် မေလကုန် အထိ ဝင်ထားသည့် ဒေါ်လာသန်း ၃၀ဝ နှင့် ပေါင်းလျှင်ပင် ၆ ဘီလီယံ ကျော်ကျော်သာ ရှိသည်။
ယင်းပမာဏမှာ စုစုပေါင်း ရှိသည့် ပမာဏ ၄၆ ဒသမ ၉ ဘီလီယံ၏ အစွန်းထွက်မျှသာလည်း ဖြစ်သကဲ့သို့ သုံးနှစ်ခွဲ ကာလအတွင်း နိုင်ငံတကာနှင့် ဆက်ဆံရေး တံခါးဖွင့် တည်ဆောက်ထားသော အခြေအနေနှင့် ခြုံကြည့်မည် ဆိုလျှင် နည်းလွန်းလှသည်။
ထိုသို့ FDI ဝင်ရောက်မှု နည်းခြင်းမှာ စီးပွားရေး ရေခံမြေခံဖြစ်သော အခြေခံအဆောက်အဦ Infrastructure များ ချို့တဲ့မှု၊ လျှပ်စစ်မီး လိုအပ်ချက်၊ မြေဈေးနှုန်းများ ခေါင်ခိုက် ကြီးမြင့်မှု၊ စီးပွားရေး လုပ်ငန်းများ လုပ် ဆောင် ရာတွင် တရားဥပဒေအရ အကာအကွယ်ပေးနိုင်မှု အားနည်းမှု စသောအချက်များနှင့် သက်ဆိုင် နေသ ည် ဟု စီးပွားရေး ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆို ကြသည်။
မပီပြင်သေးသည့် SMEs မူဝါဒ
အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြည်တွင်းစီးပွားရေး ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အများဆုံး ပြောဆိုကြသည်မှာ မြန်မာပြည်ရှိ လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ရှိသော အသေးစားနှင့် အလတ် စား လုပ်ငန်းများ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရမည် ဆိုသော အချက်ဖြစ်သည်။
အစိုးရပိုင်းကလည်း ထိုအခြေအနေနှင့် ပတ်သက်၍ လုပ်ဆောင်မှုအဖြစ် SME Centre ကိုထောင်သည့် အပြင်၊ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်များ ဖွင့်၍၊ SME များကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ချေးငွေ အနည်းငယ် ထုတ်ပေးသည်။
သို့သော် ထိုသို့ အပြောများပြီး၊ အစိုးရပိုင်းကပါ အရေးပေး လုပ်ဆောင်နေသည်ဟုဆိုသော SME အတွက် အဓိက ကျသော ဥပဒေက ယခုအချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပေ၊ ဥပဒေ မထွက်လာသေးသည့် အတွက် SME ဆိုသည့် အဓိပ္ပာယ် သတ်မှတ်ချက်သည်လည်း လက်ရှိ အချိန်တွင် အသေအချာ မပြောနိုင်သေးသည် အခြေအနေပင်ဖြစ်သည်။
၁၉၉၀ ခုနှစ်က ပြဋ္ဌာန်းသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေအရ သတ်မှတ်ထားသော အသေးစား၊ အလတ်စား လုပ်ငန်း သတ်မှတ် ချက်သာ ရှိသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဆိုသည်နှင့် စက်မှုလုပ်ငန်း တခုတည်းသာ မဟုတ်တော့ဘဲ ဝန်ဆောင်မှု လုပ်ငန်းများမှ အစ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအဆုံး အကုန်ပါဝင် နေရတော့မည် ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ တွင် ယနေ့အချိန်ထိ ထိုလုပ်ငန်းများ အားလုံးကို သတ်မှတ်ချက်နှင့် စနစ်တကျ မှတ်ပုံ တင် လုပ်ဆောင်ထားနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ယင်းလုပ်ငန်းများ ဖွံ့ဖြိုးမှု အတွက် အဓိက အခြေခံ လိုအပ်ချက်ဖြစ်သော ချေးငွေ ရရှိနိုင်မှု မှာလည်း အစိုးရ အနေဖြင့် အနည်းငယ်သာ လုပ်ပေးနိုင်ပြီး ရေတိုချေးငွေ အဖြစ်သာ ထုတ်ပေးနိုင်သည်ကို တွေ့ရသည်။
ထိုအနေအထားအရ SME များ ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေသည် ဆိုသည့် အပိုင်းမှာ လက်ရှိမူဝါဒပိုင်း အားနည်းလွန်း ပြီး အကောင်အထည်ဖော်မှု အပိုင်းတွင် လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်သကဲသို့ ဥပဒေပင် မထွက်နိုင်သေးဘဲ ရေရေရာရာ မရှိသည်ကို တွေ့မြင်ရသည်။
ငွေဖောင်းပွမှုနှုန်းနဲ့ ဘတ်ဂျက်လိုငွေ
အစိုးရသစ် လက်ထက်တွင် GDP ကို ကြည့်လျှင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း တက်လာသည့် အနေအထားကို တွေ့ရမည် ဖြစ်ပြီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်လာသည်။
ယခုဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း မှန်းထားပြီး၊ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး အားကောင်းလာမှုမှာ ဓာတ်ငွေ့ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနှင့် လူသုံးကုန်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှု အားကောင်းလာခြင်း ကြောင့်ဟု ပြောဆိုထားသည်။
သို့သော် တချိန်တည်းမှာပင် ငွေဖောင်းပွမှုနှုန်းများ မြင့်တက်လျက် ရှိကြောင်း၊ ၂၀၁၃ နှစ်လယ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း အထိ ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု နှုန်းကို စားသုံးသူ ဝယ်လိုအား စံနှုန်းဖြင့် တိုင်းတာခြင်း ဖြစ်ပြီး ယင်းသို့ တိုင်းတာရာတွင် စားသောက်ကုန်ပစ္စည်း ၈၃ မျိုးနှင့် အစားအသောက် မဟုတ်သော တခြားပစ္စည်း ၇၅ မျိုး စုစုပေါင်း တိုင်းတာပစ္စည်း ၁၅၈ မျိုးဖြင့် ဆုံးဖြတ် တွက်ချက်ခြင်း ဖြစ်သည်။
ငွေဖောင်းပွမှုနှုန်း မြင့်တက်နေခြင်းက အခြေခံလူတန်းစား အများဆုံးဖြစ်သော မြန်မာနိုင်ငံ၏ လူထုအတွက် ဝယ်ယူလို နိုင်စွမ်းအား အလိုလိုကျ ဆင်းနေမည် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် Staff Monitored Programme နှင့် မြန်မာပြည်တွင် တနှစ်တာ လုပ်ဆောင်မှု အပြီး ခန့်မှန်းချက်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ၇၅ ရာနှုန်း ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်း ဖြစ်သည်။
ငွေဖောင်းပွမှုနှုန်းနှင့် ဘတ်ဂျက်လိုငွေသည် ဆက်စပ်နေပြီး၊ ယခင်ခေတ်အခါက ဘတ်ဂျက်လိုငွေပြမှုကို ငွေကြေး ရိုက်ထုတ်သော နည်းဖြင့် ဖြေရှင်းမှုများ ရှိတတ်ခဲ့ခြင်း ကြောင့် ငွေဖောင်းပွမှုနှုန်း ပိုမိုဖြစ်ခဲ့သည်။
အစိုးရသစ် လက်ထက် ဘတ်ဂျက်လိုငွေပြမှုမှာ ကမ္ဘာ့ဘဏ်နှင့် IMF တို့၏ တွက်ချက်ခန့်မှန်းမှု အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် GDP ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ၅ ရာခိုင်နှုန်းနှင့် ယခုဘဏ္ဍာနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။
နိုင်ငံတိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အတူ ဘတ်ဂျက်လိုငွေ ရှိကြသည်မှာ မှန်သော်လည်း ဖြေရှင်းမှု စနစ် မမှန်ကန် ပါက ငွေဖောင်းမှုနှုန်းကို ထိန်းနိုင်မည် မဟုတ်ပေ။
နိုင်ငံတကာ ကြွေးမြီနှင့် စုဆောင်းငွေ
စစ်အစိုးရခေတ် လက်ထက်က ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာသို့ တင်ရှိနေသော ကြွေးမြီ များကို အစိုးရသစ်က အဆင်ပြေသော နည်းဖြင့် ညှိနှိုင်းဖြေရှင်းမှုများ လုပ်ရသည်။
ထိုအဖွဲ့ အစည်းများနှင့် နိုင်ငံတကာသို့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၄၈ ဘီလီယံ တင်ရှိခဲ့ပြီး တရုတ်နိုင်ငံသို့ ၃ ဒသမ ၃ ဘီလီယံ ဆပ်ရန်ရှိခဲ့သည်။
ထိုကြွေးမြီများ အတွင်းမှ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို ဂျပန်နိုင်ငံမှ ငွေယူ၍ ဆပ်ခဲ့ပြီး၊ ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများသို့ ပေးရန် ရှိသည့် ကြွေးမြီများကို ၆၀ ရာခိုင်နှုန်းကျော် လျှော်ပစ်နိုင်ခဲ့သည်။
ယခု ကျန်ရှိနေသော ကြွေးမြီပမာဏမှာ ဂျပန်ဆီမှ ယူသောငွေ၊ တရုတ်နိုင်ငံ ချေးငွေနှင့် ပါရီကလပ် လက်ကျန်ငွေများ ဖြစ်ပြီး ကြွေးကျန်ပမာဏကို အစိုးရက ပြန်လည်ထုတ်ပြန်ခြင်း မရှိသေးပေ။
အမာခံ အင်အားဟု ခေါ်ရမည့် နိုင်ငံစုငွေနှင့် ပတ်သက်၍လည်း ၂၀၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံ၏ အရန်ငွေ၊ အရန်ရွှေနှင့် ပြည်တွင်းစုဆောင်းငွေ အားလုံးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အထက်တွင်ရှိသော်လည်း လက်ရှိပမာဏ အတိအကျကို မသိရပေ။
သို့သော် ထိုပမာဏမှာ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ၄၇ ဘီလီယံ နီးပါးနှင့် ယှဉ်လျှင် လွန်စွာ နည်းနေပြီး စုငွေတိုးအောင် လုပ်နိုင်လာမှသာ နိုင်ငံ၏ အမှန်တကယ် စီးပွားရေး ဖွံ့ဖြိုးမှုကို ဖြစ်စေသည်ဟု ပညာရှင်များက ပြောဆိုထားသည်။
အချက်လက်များနှင့် လုပ်ဆောင်ခဲ့မှုများကို ကြည့်ကြမည် ဆိုပါက အစိုးရသစ်၏ စီးပွားရေး ပြုပြင်ပြောင်း လဲမှု ဖော်ဆောင်ရေး တွင် လုပ်ဆောင်နေမှုများ ရှိသော်လည်း အကောင်အထည်ဖော်မှု အပိုင်းတွင် နှေးကွေး မှုများ၊ ထင်ထားသည့် အတိုင်း မဖြစ်လာသေးသည်များကို တွေ့ရသည်။
မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို ဒေသတွင်း နိုင်ငံတော် တော်များများထက် နောက်ကျစွာ လုပ် ဆောင် ရခြင်း ကြောင့် ရှေ့တွင် လုပ်ဆောင်သွားခဲ့ကြသော နိုင်ငံများ၏ အဆိုးအကောင်းများကို သိရှိအတုယူပြီး ပိုမိုစနစ်တကျ လုပ်နိုင်မည် ဟု ပညာရှင်များက ပြောကြသည်။
သို့သော် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ သူများနိုင်ငံများထက် နောက်ကျပြီး ယခုမှ ကုန်းရုန်းထရသည့် အခြေ အနေတွင်ရှိပြီး ၊ အခြားနိုင်ငံများလည်း ရပ်နေကြသည်မဟုတ်ပါ။
ထို့ကြောင့် သူများထက် ပိုပြေးနှုန်းမြန်မြန်နှင့် မူဝါဒများအပေါ် အကောင်အထည်ဖော်နိုင်မှ တော် ကာကြမည်ဖြစ်သည်။