မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေသည် ယခုနှစ်အတွက် အစိုးရ မျှော်မှန်းထား သည့် ဦးရေ ၃ သန်းထက်ပင် ကျော်လွန်ဖွယ်ရာ ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြော ဆိုသည်။ ထိုသို့ ခရီးသွားဦးရေ တိုးမြင့်လာသော်လည်း ခရီးသည်များ မျှော်မှန်းထားသည့် ဝန်ဆောင်မှုများနှင့် ပြည့်စုံစေရန် လုပ်ဆောင်နေရဆဲ ပင်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများအရ ၂၀၁၄ ခုနှစ် ပထမ ၇ လအတွင်း လာရောက်သော ကမ္ဘာလှည့်ခရီးသည် ဦးရေသည် ၁ ဒသမ ၆ သန်းကျော်ရှိခဲ့ပြီး ယမန်နှစ်က ဝင်ရောက်သော ဦးရေ ၁ ဒသမ ၁ သန်းကျော်ထက် သိသိသာသာ မြင့်တက်လာကြောင်း ထုတ်ပြန်ကြေညာသည်။
“အစိုးရ မျှော်မှန်းထားတဲ့ ကမ္ဘာလှည့် ခရီး သွားဦးရေ ၃ သန်းဆိုတာက သေချာပေါက် ဖြစ်လာမှာပါ။ ဘာလို့လဲ ဆိုတော့ အခုချိန်အထိကို ၅၀ ရာခိုင်နှုန်းကျော်နေပြီလေ” ဟု Myanmar Tourism Marketing မှ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးဝေရာဇာက ပြောဆိုခဲ့သည်။
သူက ထပ်မံ၍ ယခုလ စတင်အသုံးပြုသည့် e-visa စနစ်သစ်ကြောင့် ကမ္ဘာလှည့်ခရီးသွား ဦးရေ ပိုမို တိုးတက် လာလိမ့်မည်ဟုလည်း ဆိုသည်။ စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ကမ္ဘာလှည့် ခရီးသည်များသည် ဗီဇာကြေးများကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်တော့မည် ဖြစ်ပြီး နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများတွင် သွားရောက်စောင့်ဆိုင်းနေရန် မလိုတော့ပေ။
“မြန်မာနိုင်ငံကို စိတ်ဝင်စားလို့ လာရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအတွက် တကယ်ကို အဆင်ပြေပြေ သက်သက်သာသာ ဖြစ်စေမယ့် စနစ်တခု ဖြစ်ပါတယ်” ဟု ဦးဖြိုးဝေရာဇာက ထပ်မံပြောပြခဲ့သည်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသည် မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ကိုင်ချိန်မှ စ၍ တိုးတက်လာ ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားဦးရေ ၁ သန်းဖြင့် ပထမဆုံး စံချိန်သစ် တင်နိုင်ခဲ့သည်။ သို့သော် တိုးတက် လာသည့် ကမ္ဘာလှည့်ခရီးသွား ဦးရေနှင့် လိုအပ်ချက်များ လိုက်လျောညီထွေ ဖြစ်ရန် များစွာလုပ်ဆောင်နေရပြီး ဟိုတယ် တည်းခိုခများမှာလည်း ဈေးနှုန်းမြင့်မားနေကာ ဝန်ဆောင်မှုမှာလည်း နိုင်ငံတကာ စံချိန်စံနှုန်းနှင့် ကွာလှမ်းနေ သဖြင့် ဝေဖန်ခံနေရသည်။
“ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကြီးကြပ်တဲ့နေရာမှာ ကျနော်တို့က အမြတ်အစွန်း များများရဖို့က အဓိက မဟုတ်ပါဘူး။ ကိုယ့်ဆီလာတဲ့ ဧည့်သည် စိတ်ကျေနပ်အောင် ကျွန်တော်တို့ဘက်က ဝန်ဆောင်မှု ဘယ်လောက်ကောင်းကောင်း ပေးနိုင်မလဲ၊ သူတို့ကို ပုံမှန်လာ တည်းချင်အောင် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ အဓိက ထားရမှာပါ”ဟု ဦးဖြိုးဝေရာဇာက ရှင်းပြခဲ့သည်။
World Quest ခရီးသွားလုပ်ငန်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်ကလည်း ခရီးသွားလုပ်ငန်းတွင် ဈေးနှုန်း မြင့်မားသော်လည်း ဝန်ဆောင်မှု ညံ့ဖျင်းသည့် ဟိုတယ်များ ရှိကြောင်း ပြောဆိုသည်။
“ကြယ် ၃ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေက ကြယ် ၅ ပွင့်အဆင့် ဟိုတယ်တွေ တောင်းတဲ့ဈေးအတိုင်း တောင်းနေကြ တယ်။ ဒါပေမယ့် သူတို့က ဘာဝန်ဆောင်မှုမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ကြဘူး။ ဒါက ရန်ကုန်မှာတင် ဖြစ်နေတာ မဟုတ်ဘူး။ မန္တလေး၊ အင်းလေးနဲ့ ပုဂံတွေမှာပါ ဒီလိုတွေ ဖြစ်နေတာ” ဟု ပြောသည်။
ဦးမောင်မောင်က ဆက်လက်၍ ယခုနှစ် ကမ္ဘာလှည့်ခရီးသွား ဦးရေ တက်လာခြင်းမှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် လက်ခံကျင်းပသည့် ပွဲများကြောင့် ဖြစ်ပြီး လတ်တလော UNESCO မှ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် မြို့တော်အဖြစ် ပျူမြို့ဟောင်း ၃ မြို့ကို သတ်မှတ်လိုက်ခြင်း ကြောင့်လည်း ဖြစ်နိုင်သည် ဟု ဆိုသည်။
သို့ရာတွင် လာမည့်နှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား ဦးရေ ၅ သန်းအထိ လျာထားချက်မှာမူ ဝန်ဆောင်မှု ညံ့ဖျင်းပြီး ဈေးနှုန်း မြင့်မားသော ဟိုတယ်များကြောင့် ပြည့်မီရန် ခက်ခဲလိမ့်မည်ဟု ဦးမောင်မောင်က သုံးသပ်သည်။
ဖိလစ်ပိုင်လူမျိုး သတင်းစာဆရာ တဦးဖြစ်သူ Jef Tupas က မြန်မာနိုင်ငံသို့ ယခင်နှစ်က လာရောက် လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် နှိုင်းယှဉ်ပါက ခရီးသွားများ အတွက် ရွေးချယ်စရာ သိပ်မရှိဟု ဝေဖန်ခဲ့သည်။
“ရန်ကုန်မှာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ အများကြီး လိုအပ်နေပါသေးတယ်” ဟု သူက ပြောသည်။
“ဟိုတယ်ခတွေက ဈေးကြီးတဲ့ အပြင် ရန်ကုန်မြို့ထဲမှာ လည်ပတ်စရာ နေရာ မရှိပါဘူး။ ကျနော့် အမြင်တော့ မြန်မာလူမျိုးတွေ ကိုယ်တိုင်ကပဲ ခရီးသွားတွေ အတွက် နံပါတ် ၁ ဆွဲဆောင်နိုင်တဲ့ အရာ ဖြစ်ပါလိမ့်မယ်။ မြန်မာလူမျိုးတွေက ဖော်ရွေတယ်၊ ပျော်ပျော်နေတတ်ပြီး လိုက်လျောညီထွေ ဆက်ဆံတတ်ကြတယ်” ဟုလည်း ဆက်လက် ပြောကြားသည်။ ။