စီးပွားရေး

မြန်မာ့ဆန်ဈေးကွက် တရုတ်နိုင်ငံကိုပဲ အားကိုးနေမလား

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ကဏ္ဍတွင် နှစ်ပေါင်း ၄၆ နှစ်တာ ကာလအတွင်း တင်ပို့မှုအများဆုံး စံချိန်တင်ခဲ့သည့် နှစ်တနှစ် ရှိခဲ့သည်။ ယင်းကား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဖြစ်သည်။ ထိုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄၇ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံက နယ်စပ်လမ်းကြောင်းမှ ဆန်တန်ချိန် ၈ သိန်းကျော် ဝယ်ယူခဲ့သည်။

ယခင်နှစ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ သိန်းခွဲ ၂ သိန်းသာ ပျမ်းမျှဝယ်ယူမှု ရှိခဲ့ရာမှ အဆိုပါနှစ်တွင် ဝယ်ယူမှု စတင်မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းတင်ပို့မှု ဆန်တန်ချိန် ၁ဒသမ၂ သန်း ဝန်းကျင်တွင် တရုတ်နိုင်ငံက တန်ချိန် ၇ သိန်းနီးပါး ဝယ်ယူမှု ရှိခဲ့သည်။

နှစ်နှစ်ဆက်တိုက် တရုတ်နိုင်ငံက ဝယ်ယူမှု ဆန်တန်ချိန်အရ  မြန်မာ့ဆန်တင်ပို့မှု၏ ၆၀ ရာခိုင် နှုန်းကို တရုတ်နိုင်ငံ တနိုင်ငံတည်းက ဝယ်ယူနေသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံက ၂ နှစ်ဆက်တိုက် ဝယ်ယူအား များလာခြင်းနှင့်အတူ ယခုနှစ်အတွင်း ဆန်တင်ပို့သူများက နယ်စပ်လမ်းကြောင်းမှတဆင့် တရုတ်သို့ ဆန်တင်ပို့မှု အရှိန်ကောင်းနေကြောင်း သိရသည်။ သို့သော် ထိုသို့တင်ပို့မှုသည် ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် ပျက်ပြားသွားလေသည်။

ဖြစ်စဉ်မှာ မြန်မာဘက်မှ တင်သွင်းသော ဆန်များကို တရုတ်အစိုးရက ဗဟိုစီမံချက်ဖြင့် ဖမ်းဆီးမှုများ ရှိလာခြင်းကြောင့် ဖြစ်သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုတွင် လက်ရှိအချိန်၌ မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှ တရားဝင် ဝယ်ယူခြင်း မဟုတ်ဟု ဆိုသည်။

ထိုအခြေအနေများအရ တရုတ်ဘက်မှ မြန်မာ့ဆန်များကို အဖမ်းအဆီး ရှိလာချိန်တွင် တင်ပို့သူများအတွက် အခက်အခဲများ ဖြစ်လာကြောင်း သိရသည်။

ထိုကြောင့် မြန်မာဆန်စပါးအသင်းချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တရုတ်အစိုးရနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်လာရသည်။

ညှိနှိုင်းမှုများကြောင့် ယခုလ၂၀ ရက်မှ ၂၆ ရက် အထိ နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးများ အစည်းအဝေးသို့ တရုတ်လယ်ယာ စိုက်ပျိုးရေးဝန်ကြီး တက်ရောက်ကာ နှစ်နိုင်ငံ တင်ပို့မှုအတွက် လက်မှတ်ရေးထိုးကြတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေး အဓိက လိုအပ်ချက်သည် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများ အရည်အသွေး စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး ထိန်းချုပ်မှုဌာန AQSIQ က ခွင့်ပြုသဘောတူမှသာ လက်မှတ်ရေးထိုးကြရမည် ဖြစ်သည်။

လက်မှတ်ရေးထိုးပြီးသည်နှင့် မြန်မာ့ဆန်များ တရုတ်သို့ ခွဲတမ်း Quota စနစ်ဖြင့် တင်ပို့နိုင်ရန် ညှိနှိုင်းရမည် ဖြစ်သည်။ ခွဲတမ်းကျ တန်ချိန်မည်မျှ တင်ပို့ရရှိမည်ကို မသိရသေးသော်လည်း လက်ရှိတင်ပို့နေသည် တန်ချိန် ၇ သိန်း ၈ သိန်းထက်မနည်း တင်ပို့နိုင်ရန် ညှိနှိုင်းသွားမည်ဟု မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ဆိုသည်။

ထိုအခြေအနေအရ မြန်မာ့ဆန် ပြည်ပတင်ပို့ ရောင်းချနိုင်ရေး ဈေးကွက်အနေအထားသည် တရုတ်နိုင်ငံ တနိုင်ငံတည်းကိုသာ ဦးစားပေး လုပ်ဆောင်နေရသည်ကို တွေ့မြင်ရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရ ၂၀ဝ၁ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ မြန်မာ့ဆန်ကို ဝယ်ယူသည့် နိုင်ငံပေါင်း ၄၃ နိုင်ငံအထိ ရှိသော်လည်း ပုံမှန်ကုန်သွယ်မှု မရှိဟု ဖော်ပြထားသည်။

ပြည်ပသို့ ဆန်တင်ပို့ရာ၌ တန်းမြင့်ဆန်နှင့် တန်းနိမ့်ဆန် ၂ မျိုးစလုံး တင်ပို့ရပြီး အများဆုံး တင်ပို့မှုမှာ တန်းနိမ့်ဆန်များ ဖြစ်သည်။ အဓိကတင်ပို့သည့် ဈေးကွက်မှာ အာဖရိကနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ဥရောပသမဂ္ဂ (EU) နိုင်ငံများသို့ တင်ပို့ခွင့် ရလာသည်။

တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ နယ်စပ်ကုန်သွယ်ရေး Border Trade တင်ပို့မှုဖြစ်ပြီး အခြားနိုင်ငံများသို့ တင်ပို့ရာတွင် သင်္ဘောလမ်းကြောင်း Normal Trade မှ ပုံမှန်တင်ပို့ရခြင်း ဖြစ်သည်။

ထိုအနေအထားနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က “ ပုံမှန် ကုန်သွယ်မှု လမ်းကြောင်းကို ပစ်ပယ်လို့ မရဘူး။ Border Trade ကြီးလည်း အားကိုးလို့ မရဘူး။ ခုလောလောဆယ်ကတော့ Border Trade က တရားမဝင် ဖြစ်နေတာရယ်၊ ဝယ်လိုအားလည်း ရှိနေတာရယ်ကြောင့် လူတွေစိတ်ဝင်စားတဲ့ ခေါင်းစဉ်တခု ဖြစ်လာတာပေါ့” ဟု ဆိုသည်။

ဈေးကွက် လက်တလော အခြေအနေအရ တရုတ်နိုင်ငံ တနိုင်ငံတည်းကို ယခုလို  ညှိနှိုင်း ဆောင်ရွက်နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က “ပညာရှင်တွေလည်း အကုန်လုံး ပြောထားတယ်။ နိုင်ငံတနိုင်ငံတည်းကို တင်ပို့ရတဲ့ ဈေးကွက်ဟာ အင်မတန်ခက်တယ်။ ရေရှည်အတွက် မကောင်းဘူး။ တတ်နိုင်သမျှ ဈေးကွက်ကို ချဲ့သင့်တယ်ပေါ့။ အခု ခွဲတမ်းစနစ် ဆိုတာလည်း ရေရှည်အတွက် ခိုင်မာတဲ့ဟာ မဟုတ်သေးဘူး။ ကာလတိုပဲ ဖြေရှင်းလို့ရတဲ့ ကိစ္စတခုပေါ့။ ရေရှည်အတွက် အများကြီး ဆွေးနွေးရဦးမယ်” ဟု ပြောသည်။

ယခုကဲ့သို့ နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု များနေရခြင်းသည် ဈေးနှုန်းပိုမို ရရှိခြင်းကြောင့် ဖြစ်ကြောင်း ဆန်တင်ပို့သူများက ဆိုသည်။ မြန်မာ့ဆန်များကို တရုတ်မှဝယ်ယူသော ဈေးနှုန်းသည် ဆန်တင်ပို့ ရောင်းချမှု ဈေးကွက်၌ ဈေးနှုန်းအမြင့်ဆုံး ရရှိသည့် (EU) နိုင်ငံများကပေးသည့် ဈေးနှုန်းနီးပါး ရရှိနေခြင်းကြောင့် ဖြစ်သည်။

ဈေးနှုန်းရရှိမှုနှင့် ပတ်သက်ပြီး  Shwe Wah Yaung Agriculture Production Co.,Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလူမော်မြင့်မောင်က “အဓိကက လက်ရှိဈေးပေါ့။ တရုတ်က ဈေးရနေတယ်။ တရုတ်ကိုယှဉ်ပြီး ပေးနိုင်တာကလည်း EU နိုင်ငံတွေပဲ။ ဒါပေမယ့် EU မှာက ကန့်သတ်ချက်တွေက များတယ်။ အရည်အသွေးပိုင်းက အစပေါ့။ တရုတ်ဘက်မှာတော့ နယ်စပ်ကသွားတာ အဲဒီလိုသိပ်မရှိဘူး။ ကုန်သည် ဆိုတာတော့ ဈေးသာတဲ့ဘက်ကို ရောင်းနေကြတာပေါ့။ Border နဲ့ Normal Trade ကတော့ ဒီလိုပဲ အားသာတဲ့ဘက်ကို သွားနေကြတာ ပဲ” ဟု ပြောသည်။

ဆန်လုပ်ငန်းရှင်များ၏ ပြောဆိုမှုအရ ကမ္ဘာ့ဆန်ဈေးကွက်တွင်  မြန်မာက ပုံမှန်တင်ပို့သော အာဖရိက ဈေးကွက်မှာ ယခုနှစ် တင်ပို့မှုအတွက် ဝေစုပိုမို ရရှိလာနိုင်ကြောင်း၊ ထိုသို့ခန်မှန်းရသည်မှာ ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်သီးနိုင်ငံများဖြစ်သည့် ထိုင် နိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့၏ လက်ရှိအခြေအနေများနှင့် သက်ဆိုင်သည်ဟု ဆိုကြသည်။

ဦးလူမော်မြင့်မောင်က “အိန္ဒိယက မနှစ်ကအထိ ဆန်အများဆုံး ပို့ခဲ့တယ်။ ဒီနှစ်မှာ သူ့နိုင်ငံရဲ့ ရာသီဥတု အခြေအနေကြောင့် import တောင် ပြန်လုပ်မယ်လို့ ကြေညာထားတာ။ လုပ်ဖြစ် မလုပ်ဖြစ်တော့ မသိဘူးပေါ့။ အရင်က ထိုင်းက သူ့ရဲ့စတော့တွေကို ထုတ်ရောင်းတယ်။ အခု ထိုင်းမှာလည်း နိုင်ငံရေးအခြေအနေက ပြောင်းနေတော့ အများကြီး ထုတ်မရောင်းနိုင်တော့ဘူး။ ဗီယက်နမ်လည်း ဖိလစ်ပိုင်ကို ရောင်းအားသာနေတယ်။ ဖိလစ်ပိုင်ကလည်း တောက်လျှောက် ဝယ်နေတယ်။ ဒါကြောင့် သူသည် အာဖရိကကိုပို့ဖို့ အားမသာဘူး ဖြစ်နေတယ်။ ဒီအခြေအနေက ကျနော်တို့ရဲ့ အခွင့်အရေး တခုပေါ့။ ဒီလို မှန်းထားပါတယ်” ဟု ဆက်ပြောသည်။

နှစ်စဉ် ဆန်တင်ပို့နေရသည့် အာဖရိက ဈေးကွက်တွင် အခွင့်အလမ်း ပိုမိုရလာနိုင်သလို ဈေးကွက် စတင် ထိုးဖောက်ခါစ ဥရောပနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း ဈေးကွက်တွင်လည်း တဖြည်းဖြည်း ဈေးကွက်ဝေစု ချဲ့လာသည်နိုင်ဟု သုံးသပ်ကြသည်။

လက်ရှိအခြေအနေအရ ဈေးနှုန်းရရှိမှုနှင့် ဈေးကွက် အနေအထားကြောင့် နယ်စပ်လမ်းကြောင်း ကုန်သွယ်မှုကိုသာ အားထားနေရပြီး ပုံမှန်လမ်းကြောင်း ကုန်သွယ်မှု၌ ဈေးကွက်အမာခံ ချိတ်ဆက်ချဲ့ထွင်မှု လျော့နည်းလာသည့်ကို တွေ့ကြုံနေ ရသည်။

သို့သော် ဆန်တင်ပို့သူများသည် လက်ရှိကာလအတွင်း ဈေးကောင်းရရှိရာ နယ်စပ်လမ်းကြောင်းကို အားထားနေရခြင်းထက် ရေရှည်အတွက် ပုံမှန် ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့နေသော နိုင်ငံများသို့ regular supply လုပ်ပေးနိုင်သည့် ယုံကြည်မှုကို တည်ဆောက်လျက် ဈေးကွက်ချဲ့ထွင်မှုကို ဦးစားပေးဖို့ လိုအပ်နေပြီ ဖြစ်သည်ဟု ဆန်စပါးလုပ်ငန်း လေ့လာကျွမ်းကျင်သူများက ပြောဆိုသည်။

Loading