ပြည်တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်ရာတွင် အစိုးရနှင့် ကုမ္ပဏီများအကြား သဘောတူညီမှု ယူရာတွင် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို အလေးပေး ထည့်သွင်းရန် လိုအပ်နေကြောင်း သိရသည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB က ထုတ်ပြန်သော ယခု ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ လူ့အခွင့်အရေးအပါ် သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာတွင် ယင်းကဲ့သိုပါရှိပြီး မြန်မာနိုင်ငံ၏ ဥပဒေပြုရေးဆိုင်ရာ မူဘောင်များတွင် သဘာဝပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးတို့ကို အကာအကွယ်ပေးရေးအတွက် လစ်ဟာချက်များ ရှိနေကြောင်းလည်း ဖော်ပြထားသည်။
MCRB သည် ယူကေအခြေစိုက် Institute of Human Rights and Business နှင့် ဒိန်းမတ်အခြေစိုက် Danish Institute for Human Rights တို့ ပူးပေါင်းထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားသော မြန်မာပြည်အခြေစိုက် အဖွဲ့အစည်းလည်းဖြစ်သည်။
ယခင် ဗြိတိသျှ သံအမတ်ဟောင်း၊ ယခု MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က “အစိုးရက ရေနံ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးကိစ္စတွေ ပိုပြီးတော့ ခွင့်ပြုသင့်ပါတယ်။ စံနှုန်းနဲ့ ဂိုက်လိုင်းတွေ ပါသင့်တယ်။ ကုမ္ပဏီတွေက ဂိုက်လိုင်း စံနှုန်းကို ချိုးဖောက်ရင် အစိုးရက ရပ်ဆိုင်းခိုင်းလို့ရတယ်။ အဲ့ဒါအခွင့်တခုပေါ့။ အရေးကြီးဆုံးက ကတိဝန်ခံချက် တခုခုဖြစ်ဖြစ် လုပ်လို့ရတယ်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းအတိုင်း လိုက်မယ်ဆိုတာ ကိုပေါ့။ အဲ့ဒါက ဒီနိုင်ငံမှာ အားနည်းချက် တော်တော်များများရှိတယ်” ဟု ပြောသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ ကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသော လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ကမ္ဘာ့ဘဏ်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး လမ်းညွှန်စည်းမျဉ်းများကို စီးပွားရေးလုပ်ငန်းများက လက်ခံဆောင်ရွက်စေရန် အစိုးရက သဘောတူစာချုပ်တွင် ထည့်သွင်းရန်လိုကြောင်း တိုက်တွန်းထားသည်။
MCRB ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာက ထောက်ပြအကြံပြုထားသည့် အချက်များတွင် မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် သယံဇာတ တူးဖော်ရေး လုပ်ငန်းများသည် တိုင်းရင်းသား လူမျိုးရေးဆိုင်ရာ ပဋိပက္ခများနှင့် ဆက်နွှယ်နီးစပ်နေပြီး လူနည်းစု တိုင်းရင်းသားများမှာ သယံဇာတကဏ္ဍနှင့် ပတ်သက်၍ အကျိုးခံစားခွင့် လွန်စွာနည်းကြောင်းလည်း ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ခက်ခဲ၍ အရှုပ်ထွေးဆုံးဖြစ်နေသော စိန်ခေါ်မှုမှာ မြေယာကိစ္စရပ်များ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ မြေယာမူဝါဒနှင့် မြေယာဥပဒေများကို ပြုပြင်ပြောင်းလဲသည့် လုပ်ငန်းစဉ်မှာ ပြည့်စုံပြီးမြောက်ခြင်း မရှိကြောင်း၊ ဥပဒေသစ်၊ စည်းမျဉ်းအသစ်နှင့် အဟောင်းများအကြား လစ်ဟာမှုများ ရှိနေကြောင်း၊ ထိုသို့လစ်ဟာသည့်အတွက် ဥပဒေတခုနှင့်တခု ထပ်နေခြင်း၊ ဆန့်ကျင်ဘက်များ ဖြစ်နေခြင်းတို့ ရှိနေကြောင်း၊ ယင်းအခြေအနေများအောက်တွင် ပြည်သူများမှာ ခံစားခွင့် ပစ်ပယ်ခံနေရသည့် အနေအထားဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍအတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကုန်းတွင်းလုပ်ကွက် ၁၆ ခုနှင့် ကမ်းလွန်လုပ်ကွက် ၂၀ ကို အစိုးရက လုပ်ပိုင်ခွင့် ချထားပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ ချပေးထားသော လုပ်ကွက်များတွင် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများထံသို့ အကျိုးအမြတ်နှင့် ပတ်သက်၍ နောက်ကွယ်မှ ပိုင်ရှင်အကျိုးခံစားသူများကို သိရှိရန် Global Witness အဖွဲ့က မေးမြန်းဆက်သွယ်မှုများ လုပ်ခဲ့သော်လည်း အနည်းငယ်သော ကုမ္ပဏီတချို့သာ ပြန်လည်ဖြေဆိုခဲ့သည်။ ကျန်သော ကုမ္ပဏီများက ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။
Global Witness အဖွဲ့အစည်းမှာ သဘာဝအရင်းအမြစ်များနှင့် ဆက်စပ်နေသော ပဋိပက္ခများ၊ အကျင့်ပျက် ခြစားမှုများ မဖြစ်ပေါ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်ပွားအောင် ကာကွယ်ရန် သုတေသနပြုလုပ်ခြင်း၊ ထောက်ခံအားပေးခြင်းတို့ လုပ်ဆောင်နေသည့် ယူကေအခြေစိုက် အဖွဲ့အစည်း တခုဖြစ်သည်။