စီးပွားရေး

JICA ၏ စီမံကိန်းက ပဋိပက္ခများကို ပိုမိုဆိုးရွားစေနိုင်ဟု တက်ကြွလှုပ်ရှားသူများ ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

များစွာသော ကရင်လူမျိုးများနှင့် လူထုအကျိုးပြု အဖွဲ့အစည်းများက စုပေါင်း၍ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကို ယာယီ ရပ်ဆိုင်းပေးရန် တောင်းဆိုလိုက်သည်။

ကရင်တိုင်းရင်းသား လူထုအဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့ နီးပါး ပါဝင်သည့် ကွန်ရက်တခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KSPN) သည် JICA မှ လျာထားလျက်ရှိသော မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များအတွက် ဖွံ့ဖြိုးရေး စီမံကိန်းသည် ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရေး အတွက် အထောက်အကူပြု ပေးနိုင်မည့် အစီအစဉ်တခု ဖြစ်သော်လည်း ဒေသတွင်း၌ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ဒဏ်အား ကုစားနေသည့် ကာလအတွင်း ပဋိပက္ခ အခြေအနေများကိုပါ နောက်ဆက်တွဲ အနေနှင့် ပိုမိုဆိုးရွားလာစေနိုင်သည့်ဟု ထောက်ပြပြောဆိုခဲ့သည်။

“အခုအချိန်က ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နေတဲ့ အချိန်အခါပါ။ JICA ရဲ့ စီမံကိန်းက နိုင်ငံတော်အစိုးရရယ်၊ ကရင်ပြည်နယ် အစိုးရရယ်နဲ့ပဲ သဘောတူထားတဲ့ တဖက်သတ် စီမံကိန်းပုံစံမျိုး ဖြစ်နေပါတယ်။ ကျမတို့ လူထုတွေနဲ့ အဖွဲ့အစည်းတွေကို လျစ်လျူရှုထားတဲ့သဘော ဖြစ်နေတယ်” ဟု Karen Women’s Action Group (KWAG) မှ ဒါရိုက်တာ ဒေါ်ဆူဇန်နာလှလှစိုးက သတင်းထောက်များကို စက်တင်ဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြောသည်။

ကနဦး လေ့လာဆန်းစစ်ချက်များ ပြုလုပ်ပြီးနောက် JICA သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ၂ ခုတို့တွင် အကြီးစား စီမံကိန်းများဖြစ်သည့် လမ်းဖောက်လုပ်ရေး၊ စက်မှုဇုန်များ တည်ဆောက်ရေးနှင့် ရော်ဘာ စိုက်ပျိုးရေးတို့ကို လုပ်ဆောင်ရန် သင့်လျော်ကြောင်း ထောက်ခံချက်များ ပေးပို့ထားသည်။ JICA က ၎င်းတို့ ဆောင်ရွက်ရန် လျာထားလျက်ရှိသည့် စီမံကိန်းသည် ဆယ်စုနှစ်များစွာ ဖြစ်ပွားလျက်ရှိခဲ့သည့် ပြည်တွင်းစစ်များကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ရွေ့ပြောင်းနေထိုင်နေရသည့် ၁၃၀,၀၀၀ ဝန်းကျင်ရှိ မြန်မာ ဒုက္ခသည်များအတွက် အိမ်အပြန်လမ်းတခု ဖန်တီးပေးနိုင်မည် ဟုလည်း ဆိုသည်။

ကရင်အဖွဲ့အစည်းများက အကယ်၍ ဂျပန် အေဂျင်စီက ဒေသခံလူထု၏ အကျိုးစီးပွားနှင့် အမြင်များကို လျစ်လျူရှုကာ  စီးပွားရေးကဏ္ဍများကို ပံ့ပိုးပြီး မြန်မာအစိုးရ၏ အင်အားကို ထောက်ပံ့အားပေးမှု ပြုလုပ်ခဲ့လျှင် လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခများကို ပိုမို အရှိန်မြင့်ပေးသကဲ့သို့ နေမည်ဟု ထောက်ပြပြောဆိုကြသည်။ ယခင် သီတင်းပတ်က ထုတ်ပြန်ခဲ့သော KSPN ၏ ကြေညာချက်တွင် ငြိမ်းချမ်းရေး သဘောတူညီချက်၊ ဒီမိုကရေစီ အခွင့်အရေး ထောက်ခံချက်နှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တို့ကို ရယူပြီးသည့် အချိန်အထိ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ယာယီရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

ကန့်သတ် အချိန်အပိုင်းအခြားနှင့် လုံခြုံရေး ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ

စက်တင်ဘာ ၉ ရက်နေ့၌ JICA က ကရင်အဖွဲ့အစည်း၏ ထောက်ပြချက်ကို ပြန်လည် ပြောဆိုခဲ့သည်။ “Karen Environmental and Social Action Network (KESAN) ကနေ အခုလို စိုးရိမ်ပူပန်ပြီး ထောက်ပြ ပြောဆိုသွားခဲ့တာကို ကြိုဆိုပါတယ်” ဟု ဘားအံမြို့ရှိ JICA မှ တာဝန်ရှိသူ ဟာရှိမိုတို (Hashimoto) က ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်မှ အကြီးဆုံး အဖွဲ့အစည်း၏ ထောက်ပြ ပြောဆိုချက်ကို တုန့်ပြန်ပြောကြားခဲ့သည်။

“သူတို့က သူတို့ရဲ့ ကရင်လူမျိုး အပါအဝင် တခြားသော တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အခွင့်အရေးကို ကာကွယ်မြှင့်တင် ပေးချင်တဲ့ စစ်မှန်တဲ့ စိတ်ထားရှိကြောင်း ပြသွားတာပါ” ဟု သူက ထပ်မံပြောကြားသွားခဲ့သည်။

သူက ၎င်းတို့၏ JICA သည် ယမန်နှစ် ကနဦး လေ့လာဆန်းစစ်ချက်များ ပြုလုပ်စဉ်က အစိုးရ အဖွဲ့ဝင်များနှင့်သာမက ဒေသခံ ကိုယ်စားပြုတချို့နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ “ကျနော်တို့ လူထုဆီက စစ်တမ်းတွေလည်း ကောက်ယူခဲ့ပါတယ်။ ဒါပေမယ့် ကန့်သတ်ထားတဲ့အချိန်တွေနဲ့ လုံခြုံရေးတွေကြောင့် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး” ဟု သူက ဆက်ပြောသည်။ ဆက်လက်ပြီး ၎င်းတို့ အေဂျင်စီမှ လူထုအခြေပြု အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်လာနိုင်ရေးကို လုပ်ဆောင်သွားရန်လည်း ကြိုးပမ်းနေကြောင်း ပြောကြားသွားခဲ့သည်။

မွန်ပြည်နယ်တွင် အစိုးရနှင့်အတူ တိုင်းရင်းသားများနှင့်ပါ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပြီး ကရင်ပြည်နယ်တွင်မူ ပြည်နယ်အစိုးရနှင့် တိုင်းရင်းသားများအကြား ဆက်ဆံရေး တင်းမာမှုများ ရှိခြင်းကြောင့် ထိုကဲ့သို့ တွေ့ဆုံမှုမျိုး အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း သူက ရှင်းပြခဲ့သည်။

“နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်စဉ်တွေကတော့ ကျနော်တို့လည်း ဘာမှ လိုက်လုပ်လို့ ရမှာမဟုတ်ဘူး။ တတ်လည်းမတတ်နိုင်ပါဘူး။ ဒါပေမယ့် အခုလုပ်နေတဲ့ နိုင်ငံရေးစကားဝိုင်းတွေ ပြောဆိုမှုတွေ ရလဒ်ကောင်းတွေနဲ့ အဆုံးသတ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်ခဲ့ရင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသဟာ JICA နဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန် အပြည့်နဲ့ လုပ်ဆောင်နိုင်ဖို့ အဆင့်သင့်ဖြစ်နေမှာဖြစ်ပါတယ်” ဟု ဟာရှိမိုတိုက ထပ်မံပြောကြားခဲ့သည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်သည် လွန်ခဲ့သော မတ်လ နှင့် ဇွန်လ တို့တွင် JICA မှတာဝန်ရှိသူများနှင့် ၎င်းတို့၏ စီမံကိန်းအစီအစဉ်များကို  JICA ဌာနချုပ်တွင် တွေ့ဆုံရန် တောင်းဆိုခဲဖူးသော်လည်း KESAN မှ အလုပ်အမှုဆောင်ဒါရိုက်တာ ပေါလ်စိန်ထွားနှင့် စပ်လျဉ်း၍ ပယ်ချခံခဲ့ရသည်။

“ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲကနေတဆင့် သူတို့ရဲ့ အစီအစဉ်တွေကို လေ့လာချင်ပါတယ်။ အဲဒါမှပဲ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ ပေးလို့ရမှာပါ။ အခုထိတော့ အဲဒီအဆင့်ကို မရောက်သေးဘူး” ဟု ဟာရှိမိုတိုက ဧရာဝတီသို့ ပြောသည်။

“ဒီ စီမံကိန်းမှာ  လူသားချင်း စာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ ဆက်စပ် ပါဝင်နေပါတယ်။ ကျနော်တို့ ဒီစီမံကိန်းထဲမှာ ဘယ်သူတွေ ပါဝင်မယ်၊ ဘာတွေ လိုအပ်မယ်၊ ဘယ်အချိန်စမယ်ဆိုတာ ဘာတခုမှ မသိရဘူး။ ကျနော်တို့ကတော့ တိုင်ပင်ဆွေးနွေးပြီး ဖြည်းဖြည်းချင်း ဆောင်ရွက်သွားဖို့ပဲ အကြံပြုချင်ပါတယ်” ဟု သူက ဆက်ပြောသွားခဲ့သည်။

ဂျပန် နိုင်ငံမှ ထောက်ပံ့သူများ

ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းများသည် မြန်မာအစိုးရနှင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို အရှိန်တိုးမြှင့် ထောက်ပံ့ ကူညီနေသည့်အပြင် လူသားချင်း စာနာထောက်ထားသည့် အကူအညီများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက်လည်း အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်နေကြသည်။

သြဂုတ်လအတွင်း၌ ဂျပန် အစိုးရအရာရှိများနှင့် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မည့် အဖွဲ့များမှ အစိုးရ အကြံပေးအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် အစိုးရအရာရှိများနှင့်အတူ ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများမှ အရာရှိများနှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီး လက်နက်ကိုင်တပ်များ၏ ထိန်းချုပ်နယ်မြေများတွင် ပြုလုပ်မည့် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့သော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို စတင်လုပ်ဆောင်နိုင်ရန် လျာထားချက်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးလှမောင်ရွှေက ထိုတွေ့ဆုံ ဆွေးနွေးပွဲ၌ ကရင်လက်နိုင်ကိုင် အဖွဲ့အစည်းမှ ခေါင်းဆောင်များက ဒေါ်လာ ၅ သန်းခန့် ကုန်ကျမည့် ဖွံ့ဖြိုးရေး အစီအစဉ်များကို လုပ်ကိုင်ရန်အတွက် အဆိုပြုခဲ့သည်ဟု ပြန်လည်ပြောကြားခဲ့သည်။ ၎င်းက အကြီးစား စီမံကိန်း မဟုတ်ကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။

“သူတို့ တင်ပြခဲ့တဲ့စီမံကိန်းတွေက ကျောင်းဆောက်တာ၊ ကျောင်းဝင်း ပြုပြင်တာ၊ ဆေးပေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်ရေး စင်တာတွေ၊ မွေးမြူရေးကဏ္ဍနဲ့ စိုက်ပျိုးရေးကဏ္ဍလိုမျိုး အသေးစား စီမံကိန်းတွေပါပဲ” ဟု ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ သံအမတ်နှင့်အတူ ဂျပန်နိုင်ငံမှ ထင်ရှားသည့် ကူညီထောက်ပံ့ရေး အဖွဲ့အစည်း တခုဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ စစ်ဘေးသင့် ဒေသများ၌ ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရန်အတွက် ဒေါ်လာ ၉၆ သန်းကို လာမည့် ၅ နှစ်အတွင်း သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရင်စနိုင်းနှင့် စောရန်နိုင် ပူးပေါင်း ရေးသားသည့် Japanese-Led Projects Risk Fueling Conflict in Burma: Activists ကို ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading