လက်ရှိ ထိုင်းစစ်အစိုးရသည် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ပို့ကုန်တင်ပို့မှုကဏ္ဍ ပွင့်လန်းလာသည် နှင့်အမျှ မြန်မာနိုင်ငံနှင့် အထူးနယ်စပ်ကုန်သွယ်ရေး ဧရိယာဇုန်များ ဖွင့်လှစ်သွားရန် ကြိုးပမ်းလျက်ရှိပြီး ရင်းနှီးမြှပ်နှံသူများကို နယ်စပ်၌ စက်ရုံများ ဖွင့်လှစ်သွားရန် တွန်းအားပေး တိုက်တွန်းလျက်ရှိသည်။
ထိုင်းနယ်စပ် တကြော အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ၁၀ စုနှစ် ၁ ခု ကျော်မျှ ဆွေးနွေး ညှိနှိုင်းဆဲ အဆင့်တွင် ငြိမ်သက် နေခဲ့ရပြီး ယခုအခါ ထိုင်းအာဏာသိမ်း စစ်ကောင်စီ National Council for Peace and Order (NCPO) မှ ပြန်လည် အသက်သွင်း ပေးတော့မည် ဖြစ်သည်။
ထိုင်းစစ်ဗိုလ်ချုပ်ကြီး Prayuth Chan-ocha ဦးဆောင်သော NCPO ကို ထိုင်းနိုင်ငံ လူထုအုံကြွမှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း မေလအတွင်း၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံရှိ ထိုင်းသံရုံးမှ ထုတ်ပြန်ချက် တခုတွင် “ကော်မတီသည် ထိုင်းနယ်စပ် တလျှောက်၌ စီးပွားရေး ဇုန် ၁၂ ခု အကောင်အထည်ဖော် ဖွင့်လှစ်သွားနိုင်ရန် လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း။ အစိုးရမှ ပံ့ပိုးထားသည့် စီမံကိန်း အေဂျင်စီ တခုဖြစ်သည့် National Economic and Social Development Board ကလည်း နေရာပေါင်း ၁၂ ခု ရှိ စီးပွားရေး ဇုန်များ၏ တိုးတက်မှု အခြေအနေကို လေ့လာရန် အကြံပေး ကုမ္ပဏီ တခု ငှားရမ်းထားပြီး ဖြစ်ကြောင်း” ဖော်ပြထားသည်။
အစိုးရပိုင် ရေဒီယို အသံလွှင့်နှင့် ရုပ်သံလွှင့် ဌာနဖြစ်သော MCOT မှလည်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှား နိုင်ငံတို့နှင့် ထိစပ် နေသော နေရာရှိ ဇုန် ၅ ခုကို ဦးစားပေး လုပ်ကိုင်သွားမည်ဟု ပြောဆိုထားသည်။
MCOT သည် ထိုင်းနိုင်ငံက ပထမဦးဆုံး စတင်လုပ်ဆောင်သွားမည့် ဇုန်မှာ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အဓိက အလုပ်အကိုင် အချက်အချာ ဖြစ်သော မြန်မာနိုင်ငံရှိ မြဝတီမြို့၏ တဖက်ကမ်း မဲဆောက်မြို့ရှိ စီးပွား ရေးဇုန် ဖြစ်သည် ဟုလည်း ဆက်လက်ဖော်ပြသည်။
MCOT မှ ယခုကဲ့သို့ စီးပွားရေးဇုန်များ အပေါ် ထိုင်းအစိုးရက အာရုံစိုက် လုပ်ကိုင်လာခြင်းသည် မြန်မာနိုင်ငံနှင့် ၂ နိုင်ငံကြား သွင်းကုန်၊ ပို့ကုန် မညီမမျှ ဖြစ်နေခြင်း လျော့ပါးကာ နယ်စပ်ဒေသမှ တဆင့် ပို့ကုန်မြှင့်တင်ရေး အားပေး လုပ်ကိုင်လျက်ရှိကြောင်း ထင်ဟပ်နေသည်။
မြန်မာနှင့် ထိုင်းနိုင်ငံ ကုန်သွယ်မှုတွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို ပမာဏ ကြီးကြီးမားမား ဝယ်ယူ တင်သွင်းနေမှု ကြောင့် ပို့ကုန် သွင်းကုန် မညီမမျှ ဖြစ်နေခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ထိုင်းနိုင်ငံသည် နယ်မြေဖြတ်ကျော် ကုန်သွယ်မှု အဖြစ် ဒီဇယ်ဆီ၊ မော်တော်ယာဉ် ပစ္စည်းများနှင့် အထည်လိပ်များမှ အစ စားသောက် ကုန်များ အထိပါ တင်သွင်းလျက်ရှိပြီး ကုန်သွယ်မှု ခြားနားချက်ကို လျှော့ချရန် ကြိုးစားနေကြသည်။
ယခု အပတ်အတွင်း၌ Bangkok Bank မှ ပြုလုပ်ခဲ့သော လေ့လာချက် အရ မြန်မာနိုင်ငံ စစ်အစိုးရ အုပ်ချုပ်မှု လက်အောက်မှ လွတ်မြောက်ပြီး နောက်ပိုင်း ကာလများမှ စ၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့ကုန်သည် ၁၇ ရာခိုင်နှုန်းခန့် အထိ တိုးတက်လာခဲ့သည် ဟု သိရသည်။
နှစ်နိုင်ငံကြားရှိ ကုန်သွယ်မှု ကွာဟချက်သည် ထိုင်းနိုင်ငံက မြန်မာနိုင်ငံထံမှ သဘာဝဓာတ်ငွေ့ အမြောက်အမြား ဝယ်ယူတင်သွင်း မှုကြောင့် ၂၀ဝဝ ပြည့်နှစ်မှစ၍ နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံခန့် ပျှမ်းမျှရှိခဲ့ ရာ ယခုနှစ်တွင် ဒေါ်လာ ၆၂၆ သန်းအထိ လျော့ကျ သွားနိုင်ဖွယ်ရာ ရှိသည်ဟု Bangkok Bank မှ သုံးသပ် ထားသည်။
Bangkok Bank မှ အမှုဆောင် ဒု ဥက္ကဋ္ဌဖြစ် သူ Kobsak Pootrakool က ဘန်ကောက်တွင် ပြုလုပ်သော အစီရင်ခံစာ တင်ပြချက်တွင် ထိုင်းနိုင်ငံကုန်သွယ်မှု ကွာခြားချက်သည် ၂၀၁၆ ခုနှစ် အတွင်း လုံးဝ ပပျောက် သွားလိမ့်မည်ဟု သုံးသပ် ပြောဆိုခဲ့သည်။
Bangkok Bank မှ ဆက်လက်ပြီး ကုန်ထုတ် လုပ်သူများနှင့် ကုန်ပစ္စည်း တင်သွင်းသူများသည် ပွင့်လန်းလာဖွယ် အလားအလာများ မြင်တွေ့နေရသော မြန်မာ့ဈေးကွက်ကို ကောင်းမွန်စွာ အသုံးချနိုင်ရန် နယ်စပ်ဒေသ များတွင် စက်ရုံများ တည်ဆောက် ဖွင့်လှစ် လုပ်ကိုင်သင့်ကြောင်းလည်း အကြံပေး ပြောဆိုခဲ့သည်။
လက်ရှိတွင် အကြီးဆုံးသော ပို့ကုန်လမ်းကြောင်းမှာ မဲဆောက် – မြဝတီနယ်စပ် ဖြစ်ပြီး ယခု NCPO မှ စီမံကိန်း ပြုလုပ်ရန် စီစဉ်လျက်ရှိသော နေရာမှာ ထိုင်းနိုင်ငံဘက်အခြမ်း ဖြစ်သည်။
“ဗိုလ်ချုပ် Prayuthက ဒီ စီးပွားရေးဇုန်တွေမှာ အိမ်နီးချင်း နိုင်ငံတွေဆီက ကုန်ကြမ်းတွေကို တင်သွင်း အသုံးပြုပြီး နိုင်ငံခြားသား အလုပ်သမားတွေ သက်သောင့်သက်သာနဲ့ အလုပ် လုပ်ကိုင်နိုင်ဖို့ကို ရည်ရွယ်ပါတယ်” ဟု အမေရိကန်ရှိ ထိုင်းသံရုံး website တွင် ရေးသားခဲ့သည်။
ယခုကဲ့သို့ NCPO မှ ဆယ်စုနှစ် သက်တမ်း ရှိပြီ ဖြစ်သော စီမံကိန်းကို ပြန်လည် အသက်သွင်းလိုသည့် အခြားသော အကြောင်းအရင်းမှာ ရွှေ့ပြောင်းလုပ်သားများကို စစ်တပ်နှင့် အလှမ်းနီးသော နေရာများတွင် ထိန်းသိမ်းထား လိုခြင်းလည်း ဖြစ်သည်။
“နောက်ထပ် အကျိုးကျေးဇူး တွေကတော့ မြို့ကြီးတွေထဲကို ပြောင်းရွေ့လုပ်သားတွေ ဝင်လာရင် ပါလာတတ်တဲ့ သူတို့တွေနဲ့ ဆက်စပ်နေတဲ့ လူမှုရေး အရှုပ်အရှင်းတွေကို တားဆီးသွားနိုင်မှာ ဖြစ်တယ်” ဟု ထိုင်းသံရုံးက ဆိုသည်။
မေလအတွင်း စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်းတွင် ထိုင်းစစ်တပ်သည် နိုင်ငံတွင်းရှိ ရွှေ့ပြောင်း လုပ်သားများကို လိုက်လံနှိမ်နင်း လျက်ရှိသည်။ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများမှ ကမ္ဘောဒီးယား လုပ်သားများနှင့် အတူ မြန်မာလုပ်သားများ (တရားဝင်လုပ်ကိုင်နေသူများပင်လျှင်) လိုက်လံနှောင့်ယှက် ခံနေရသည် ဟု ဆိုသည်။
ခန့်မှန်းခြေအားဖြင့် ထိုင်းနိုင်ငံတွင် ပြောင်းရွေ့ လုပ်သား ဦးရေမှာ ၂ သန်းကျော် ရှိပြီး ၎င်း၏ ၈၀ ရာခိုင်နှုန်းမှာ မြန်မာ လူမျိုးများ ဖြစ်သည်။ လူဦးရေ အတိအကျမှာမူ စာရင်းပြုစု၍ မရသေးပေ။
မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေး မငြိမ်မသက်မှု များကြောင့် အခြေ မတည်မငြိမ် ဖြစ်နေရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေကို ပြန်လည် ကုစားရန်အတွက် NCPO အကြီးအကဲများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။
NCPO က နိုင်ငံတွင်းရှိ အစိုးရပိုင် ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို မြန်မာနိုင်ငံ၌ အခြေချ လုပ်ကိုင်နိုင် စေရန် ကူညီပံ့ပိုးမှုများ ပေးနေသည်။ ယခုအခါ စစ်တပ်မှ ထိပ်တန်း အရာရှိကြီးများသည် မြန်မာနိုင်ငံ၌ ရေနံနှင့် အခြား သဘာဝဓာတ်ငွေ့ လုပ်ကွက်များစွာ ရရှိထားသော ထိုင်းနိုင်ငံ၏ အင်အားကြီး စွမ်းအင်ကုမ္မဏီဖြစ်သည့် PTT ကုမ္မဏီ၏ ဘုတ်အဖွဲ့တွင် ဝင်ရောက်နေရာယူပြီး ဖြစ်သည်။ ။