စီးပွားရေး

နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု အမေရိကန် အများဆုံးဖြစ်လာ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံသို့ လက်ရှိ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု အများဆုံးသည် အမေရိကန်နိုင်ငံမှ ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခြေအနေကို အစိုးရနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အမေရိကန်နိုင်ငံ နယူးယောက် မြို့သို့ သွားရောက် ဆွေးနွေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး မီဒီယာများနှင့် စက်တင်ဘာ ၁၄ ရက်က တွေ့ဆုံ ရှင်းလင်းသည့် အခမ်းအနား တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုအချိန်မှာ အများဆုံးဝင်လာတာဟာ အမေရိကန် နိုင်ငံသားပဲ ဖြစ်ပါတယ်။ အရင် ကျနော်တို့ဆီမှာ ဂျာမနီ၊ပြင်သစ်၊အီတလီ တို့ဟာ ပ၊ဒု၊တ အလိုက် သွားနေတာပါ။ ဒီနေ့ဒီအခါမှာတော့ အမေရိကန်ဟာပထမပါ၊ ဟိုအဖွဲ့တွေက ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း ရှိနေ တဲ့ အချိန်မှာ အမေရိကန်ဟာ လက်ရှိ ၆ ရာခိုင်နှုန်း ကျော်သွားပါပြီ”ဟု ဝန်ကြီး ဦးဌေးအောင်က ပြောသည်။

အမေရိကန်အနေဖြင့် ထိုသို့ ခရီးသွား ဝင်ရောက်မှုအပြင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြန်လည် အဆင်ပြေလာသည့် ၂၀၁၁ ခုနှစ် ကာလနောက်ပိုင်း ကိုကာကိုလာ၊ ဖို့ဒ်၊ ကိုးလ်ဂိတ် နှင့် အခြား အမေရိကန် လုပ်ငန်းများလည်း မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ တဆင့် သွယ်ဝိုက်ရင်းနှီးမြှုပ်နှံမှုများ ရှိလာခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် လအတွင်းကလည်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်နှင့် မိထ္တီလာခရိုင်များတွင် လျှပ်စစ် ဓာတ် အား မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မည့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ရန် ဒေါ်လာ သန်း ၄၈၀ ထည့်ဝင် မည်ဆိုသော သဘောတူညီမှုကို အမေရိကန် ACO ရင်းနှီးမြှုပ်နှံမှုအဖွဲနှင့် မြန်မာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး ခဲ့ကြသည်။

အစိုးရသစ်အပြောင်းအလဲနှင့် အတူ နိုင်ငံတကာနှင့် သံတမန် ဆက်ဆံရေး ပိုမိုကျယ်ပြန့်လာသော မြန်မာနိုင်ငံမှာ လက်ရှိတွင် တိုက်ရိုက် သံတမန်ဆက်သွယ်မှုရှိသည့် နိုင်ငံပေါင်း ၅၀ ကျော်ရှိနေကြောင်း၊ ခရီးသွားဝင်ရောက်မှု ကဏ္ဍတွင်  သံတမန် အဆက် အသွယ် မရှိသည့် နိုင်ငံများပါ လက်ရှိအချိန်တွင် ဝင်ရောက်နေကြောင်း သိရသည်။

“ဟိုတုန်းကတော့ အကြောင်းကြောင်းတွေကြောင့် မလာနိုင်ကြဘူး၊အခုတော့ ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ အတူ ၂၀၁၁ ခုနှစ် ကစပြီး တဖြည်းဖြည်း တက်လာပါတယ်။ တိုက်ရိုက် သံတမန် ဆက်သွယ်မှု မရှိတဲ့ စပိန်လို နိုင်ငံမျိုးကအစ လာနေတာတွေရှိလာ ပါတယ်”ဟု ဌေးအောင်က ပြောသည်။

ပြည်တွင်းသို့ ခရီးသွားဝင်ရောက်မှု အခြေအနေအနေမှာ ၂၀၁၂ ခုနှစ်တွင် ၁ သန်းကျော်သာ ဝင်ရောက်ခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် စုစုပေါင်းဦးရေ ၂.၀၄ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ယခုနှစ် သြဂုတ်လကုန်အထိ စာရင်းတွင် ၁.၈ သန်း ဝင်ရောက်ပြီးဖြစ်ရာ နှစ်ကုန် အထိ ၃ သန်း ဝင်ရောက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

ယင်းကဲ့သို့ ခရီးသွားဝင်ရောက်မှုနှုန်းများ တိုးလာမှုနှင့်အတူ လေကြောင်းဖြင့် ဝင်ရောက်မှုနှုန်းမှာလည်း တိုးလာကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဝင်ရောက်မှု ၂.၀၄ သန်းတွင် လေကြောင်းဖြင့် ဝင်ရောက်မှုနှုန်းမှာ ၁ သန်းပင် မပြည့်သော်လည်း ယခုနှစ် လက်ရှိအချိန်အထိ ဝင်ရောက်နေသည့် ၁.၈ သန်းကျော်တွင် လေကြောင်းဖြင့် ဝင်ရောက်မှုနှုန်းမှာ ၁ သန်းကျော် သွားပြီဖြစ်ကြောင်း သိရ သည်။

Loading