အခုရက်ပိုင်း ရုပ်မြင်သံကြား သတင်းဌာနတွေမှာ ကြေငြာချက်အရရော၊ သတင်းစာ၊ ဂျာနယ်တွေရဲ့ သတင်းဖော်ပြချက် အရပါ ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းတခုကတော့ တလ ကျပ် ၃ သောင်း (အမေရိကန် ဒေါ်လာ ၃၀ ဝန်းကျင်) သွင်းသွားရုံနဲ့ တိုက်ခန်း တခန်း ပိုင်ဆိုင်မယ့် အခွင့်အရေးပါပဲ။ တချို့ လူလတ်တန်းစား မိသားစုတွေအတွက်ဆို မီတာခသာသာ ငွေကြေးပမာဏပါ။ လောလောဆယ် မြေဈေးတွေ အလွန်ခေါင်ခိုက်၊ တိုက်ခန်းဈေး၊ အိမ်ဈေးတွေ ဒီလောက် မြင့်နေတဲ့ နိုင်ငံမှာ အဲလောက် ငွေလေး မှန်မှန်သွင်းရုံနဲ့ တိုက်ခန်း တခန်း ပိုင်နိုင်မယ်ဆိုတာ ယုံရခက်ကြီးလို ဖြစ်နေပါတယ်။ ဒါကို လုပ်ကိုင်မယ်ဆိုတဲ့ ကုမ္ပဏီက ဘယ်လို ကတိတွေ ပေးနေပါသလဲ၊ ဘယ်လို အကောင်အထည် ဖော်မှာပါတဲ့လဲ၊ ဖြစ်နိုင်ပါ့မလား၊ ဒါမျိုး အရင်တုန်းကရော နမူနာ ရှိခဲ့ပါသလား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒီစီမံကိန်းကို အကောင်အထည် ဖော်မယ့်အဖွဲ့ကတော့ The Infrastructure of Myanmar လုပ်ငန်းစုပါ။ ကုမ္ပဏီများရုံးမှာ မှတ်ပုံမတင်ရသေးပါဘူး။ စီစဉ်မယ့်သူကတော့ ၂၀၁၄ ခုနှစ်ကျမှ မှတ်ပုံတင်ထားတဲ့ Royal Summit ကုမ္ပဏီ တာဝန်ရှိသူ ဦးသန်းဦးနဲ့ တခြား ပုဂ္ဂိုလ်တွေပါ။ သူတို့ရဲ့ အစီအစဉ်ကတော့ ပြည်သူတွေ တလ ငွေကျပ် ၃ သောင်းလောက် ဘဏ်မှာ သွင်းရုံနဲ့ ၂ နှစ်လောက်ကြာရင် အဲဒီတိုက်ခန်းတွေမှာ တက်နေနိုင်မယ်၊ တိုက်ခန်းတန်ဖိုး ကြေအောင်တော့ နှစ်ပေါင်း ၃၀ ငွေပေးသွင်းရလိမ့်မယ်လို့ ဆိုပါတယ်။ ပြည်သူတွေ လိုအပ်နေတဲ့ အဲဒီလို တန်ဖိုးနည်း တိုက်ခန်းအိမ်ရာပေါင်း ရန်ကုန်မှာ ၂ သိန်း၊ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ စုစုပေါင်း ၂ သန်းလောက် အကောင်အထည်ဖော်ဖို့ ကြံရွယ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကတော့ အဲဒီအဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ နှစ်ရှည်စီမံကိန်းနဲ့ တန်ဖိုးနည်း အိမ်ရာပေါင်း မြောက်များစွာ ဆောက်လုပ်မယ့် စီမံကိန်းကို လုပ်ကြမယ်ဆိုပေမယ့် လူသိထင်ရှား ဆောက်လုပ်ရေး ကုမ္ပဏီလိုမျိုးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေလိုမျိုးလည်း ပါတာ မတွေ့ရပါဘူး။ သူတို့ ရှင်းပြတာကတော့ သူတို့အုပ်စုအနေနဲ့ ဒီလုပ်ငန်းကြီးလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု လုံး၀ ထည့်ဝင်စရာ မလိုဘူး။ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ပဲ တည်ဆောက်ပေးသွားမယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် တယောက်ကဆိုရင် တိုက်ခန်း ၂ သန်းအတွက် ပြည်သူတွေ တလ ကျပ် ၃ သောင်းစီ ထည့်လိုက်တယ် ဆိုရင်တောင် တလအတွင်း ကျပ် သန်းပေါင်း ၆ သောင်း၊ တနည်း ကျပ် ဘီလီယံ ၆၀ လောက်ရမှာမို့ အဲဒီ ငွေတွေနဲ့ စပြီး အကောင်အထည် ဖော်လို့ ရပြီလို့ ဆိုပါတယ်။
ဘယ်နေရာတွေမှာ တိုက်ခန်းတွေ ဆောက်ပေးမလဲဆိုတော့ ပြည်သူတွေ လိုအပ်တဲ့နေရာတွေမှာ ဆောက်ပေးမယ်လို့ ဆိုပါတယ်။ ပထမ အဆင့် သတင်းစာ၊ ဂျာနယ်တွေကနေတဆင့် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု အဆိုပြုလွှာတွေ ခေါ်မယ်၊ အဲဒီ အဆိုပြုလွှာတွေကို ကြည့်ပြီး ပြည်သူတွေ လိုချင်တဲ့နေရာမှာ အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဒီအတွက် သူတို့အနေနဲ့ မြေနေရာ ရဖို့ကိုလည်း စိတ်မပူပါဘူးလို့ ဆိုပါတယ်။ လယ်ပိုင်တဲ့ လယ်သမားတွေ၊ မြေပိုင်တဲ့ မြေပိုင်ရှင်တွေနဲ့ ဆွေးနွေးမယ်၊ အဲဒီ လယ်ပိုင်ရှင်၊ မြေပိုင်ရှင်တွေကို ထွက်လာတဲ့ အခန်းရဲ့ ၂၀ ရာခိုင်နှုန်းပေးမယ်၊ လယ်တဧက မြေပေါ်မှာ ဆောက်ရင် အခန်းပေါင်း ၁၆၀ ထွက်ပြီး လယ်သမားက ၃၂ ခန်းရမယ်၊ ဆိုတော့ လယ်တဧက ကျပ်သိန်း ၅ ထောင်ကျော် ရမှာမို့ လယ်သမားတွေ မလွဲမသွေ ပူးပေါင်းလာကြလိမ့်မယ်ဆိုပြီး ပြန်ဖြေပါတယ်။
သူတို့ စီမံကိန်းကို အသေအချာ ဆန်းစစ်ကြည့်ရင် စတုရန်း ပေ ၆၀၀ ရှိတဲ့ တိုက်ခန်းတခန်းကို ကျပ် ၁၀၈ သိန်းလောက်နဲ့ တွက်ချက်ထားတာ တွေ့ရပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း ဖြစ်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှုကို ထည့်မတွက်ဘဲ သတ်မှတ်ထားတာပါ။ ရန်ကုန်တခုတည်း အခန်းပေါင်း ၂ သိန်းလောက် အကောင်အထည် ဖော်မယ်ဆိုတော့ ဒေါ်လာ ၂ ဘီလီယံကျော် ပမာဏရှိတဲ့ စီမံကိန်းကြီး ဖြစ်နေတာ သွားတွေ့ရပါတယ်။ တနိုင်ငံလုံးမှာ အခန်းပေါင်း ၂ သန်းလောက် အကောင်အထည် ဖော်မယ်လို့ ပြောထားလေတော့ ဒေါ်လာ ၂၁ ဘီလီယံ ပမာဏ ရှိနေပါတယ်။ မကြာသေးမီကမှ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ တင်ပြတဲ့ ဒေါ်လာ ၁၅ ဘီလီယံတန် ရန်ကုန်မြို့သစ် စီမံကိန်း၊ အစိုးရအဖွဲ့သစ် လက်ထက် မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးလို့ ဆိုနိုင်တဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း၊ အားလုံး အားလုံးထက် ပမာဏ များနေတာ တွေ့မြင်ရပါလိမ့်မယ်။ ငွေအရင်းအနှီး လုံး၀ မစိုက်ထုတ်ဘဲ ဒီစီမံကိန်းကြီး အကောင်အထည် ဖော်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောဆိုချက်အရကတော့ ပြည်သူတွေဟာ တနှစ်လောက် ဒီငွေကို ထည့်ဝင်နေရမယ်၊ တနှစ်ပြည့်ရင် သူတို့ လုပ်ငန်းစမယ်၊ နှစ်နှစ်ပြည့်တာနဲ့ ငွေသွင်းသူတွေကို အခန်းမှာ တက်နေနိုင်အောင် လုပ်မယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ပြည်သူတယောက်ဟာ သူငွေသွင်းတာ ၂ နှစ်ပြည့်တဲ့အချိန် ရှိမယ့်ငွေ စုစုပေါင်းဟာ ကျပ် ၇ သိန်း ၂ သောင်းပဲ ရှိမှာပါ။ ပြည်သူ ဘယ်နှယောက်ပဲ ငွေသွင်းသွင်း တယောက်ကို အဲဒီ ပမာဏစီပဲ ရှိမှာပါ။ ငွေ ၇သိန်း ၂ သောင်းသွင်းပြီးတာနဲ့ တိုက်ခန်းပေါ် တက်နေခွင့်ရသည်အထိ တည်ဆောက်ရေး လုပ်မယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ တခုတော့ ရှိပါတယ်။ ပြည်သူတွေ တလ ကျပ် ၃ သောင်း မှန်မှန်သွင်း၊ ၂ နှစ်ပြည့်ရင် တည်ဆောက်ပြီးတဲ့ တိုက်ခန်း တချို့ ထွက်လာမယ်၊ အဲဒီမှာ ပြည်သူတချို့ကို နေရာချထားပေးနိုင်မယ် ဆိုတာမျိုးပါ။ အဓိပ္ပာယ်ကတော့ ငွေသွင်းတာ ၂ နှစ်ပြည့်သူတိုင်းကို တိုက်ခန်းပေးနိုင်ဦးမှာ မဟုတ်သေးသလို၊ ငွေပေးသွင်းသူ ပြည်သူတိုင်း ဘယ်အချိန် ဘယ်ကာလရောက်ရင် တိုက်ခန်းပေါ် တက်နေနိုင်မလဲ ဆိုတာ တိတိကျကျ သိနိုင်ဦးမှာ မဟုတ်ပါဘူး။ ပြည်သူတွေ ဘဏ်ထဲ ထည့်ဝင်ငွေ ရှိလာရင် ရှိလာသလောက် သူတို့ တည်ဆောက်ရေး လုပ်မယ်၊ ပြီးတာတွေကို ပြီးသလောက် ချထားပေးမယ်ဆိုတဲ့ သဘောလောက်ပဲ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဒီလို အစီအစဉ်မျိုး အခုမှ ပေါ်လာတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့ဖူးပြီး သတင်းမီဒီယာတွေရဲ့ စုံစမ်းဖော်ထုတ်၊ ဖွင့်ချရေးသားမှုကြောင့် နောက်ပိုင်း ရပ်ဆိုင်းသွားခဲ့ရဖူးတဲ့ သာဓက ရှိပါတယ်။ အဲဒီ အစီအစဉ်က ဒီလိုပါ။ ၁၉၉၉ ဒီဇင်ဘာလမှာ “ပန်” ဆောက်လုပ်ရေး ကုမ္ပဏီက ကာလတန်ဖိုးရဲ့ လေးပုံတပုံလောက်ပဲ ကုန်ကျမယ့် တိုက်ခန်းတွေကို ရောင်းချပေးမယ်၊ ဝယ်ယူလိုသူ ပြည်သူတွေဟာ ရိုးမဘဏ်က သူတို့ အကောင့်ထဲကို ကျပ်ငွေ ၃ သောင်းစီ သွင်းပေးရမယ်။ အဲဒီငွေကို ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရဘဲ ၂၀၀၃ ခုနှစ် မတိုင်ခင် လုံး၀ ပြန်ထုတ်ယူလို့ မရတဲ့ Invariable Instruction နဲ့ အပ်နှံထားရမယ်။ အဲဒီ အပ်နှံထားတဲ့ငွေက ရလာမယ့် အတိုးတွေကို ကုမ္ပဏီက ထုတ်ယူခွင့်ရှိမယ်။ အဲဒီ အတိုးငွေတွေကို အသုံးပြုပြီး တိုက်ခန်းတွေဆောက်၊ ဆောက်လို့ရလာတဲ့ အခန်းတွေကို မဲနှိုက် ရောင်းချပေးမယ်ဆိုတဲ့ အစီအစဉ်မျိုးပါ။ ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ၆ လွှာအတွက် ကျပ် ၃ သိန်း၊ ၅ လွှာအတွက် ကျပ် ၃ သိန်းခွဲ၊ ၄ လွှာအတွက် ကျပ် ၄ သိန်း၊ ၃ လွှာအတွက် ကျပ် ၄ သိန်းခွဲ၊ ၂ လွှာအတွက် ကျပ် ၅ သိန်း၊ မြေညီထပ်အတွက် ကျပ် ၅ သိန်း ၉ သောင်းနှုန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ မဲပေါက်သူဟာ အခန်းတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းကို လစဉ် ပေးသွင်းကြရမယ်လို့ သတ်မှတ်ထားပါတယ်။ (အဲဒီအချိန်က အခေါက်ရွှေ တကျပ်သား ကျပ် ၅၅၀၀၀ ကျော် ရှိပါတယ်။)
အဲဒီ အစီအစဉ်ကို ပန်ဆောက်လုပ်ရေး ကုမ္ပဏီက တိုက်ခန်း ပဒေသာပင်ကို “ စုပေါင်းစနစ်၊ အလှည့်ကျစနစ်” နဲ့ ရောင်းချပေးတယ် ဆိုပြီး ခေါ်ဆိုပါတယ်။ ကံစမ်းမဲနှိုက် ရောင်းပေးတယ်လို့ မသုံးနှုန်းပါဘူး။ ကုမ္ပဏီဟာ အဆောက်အဦတခု ဖောင်ဒေးရှင်း ချစဉ် ၂၀၀၀ ခုနှစ်မှာ ပထမအကြိမ်အဖြစ် ငွေ ၃ သောင်းစီ ထည့်ထားသူတွေထဲက ၁၂ ယောက်ကို တိုက်ခန်း ၁၂ ခန်း ကြိုပွိုင့်စနစ်နဲ့ မဲနှိုက်ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ ငွေပေးသွင်းထားတဲ့ ထောင်နဲ့ချီရှိတဲ့ ပြည်သူတွေရဲ့ မဆိုစလောက် အရေအတွက်ပဲ ရှိပါတယ်။ ဒီနေရာမှာ အရေးတကြီး ပေါ်လာတဲ့ မေးခွန်းတခုက ငွေပေးသွင်းထားသူတွေဟာ နောက်အကျဆုံး ဘယ်အချိန်လောက်မှာ အခန်းရမယ်လို့ တိတိကျကျ သတ်မှတ်နိုင်မလဲ ဆိုတာပါ။ ဒီမေးခွန်းကို ပန်ဆောက်လုပ်ရေး ကုမ္ပဏီဘက်က မဖြေနိုင်ပါဘူး။
အဲဒီအချိန် အတွင်းကျကျ စုံစမ်းဖော်ထုတ်ပြီး သတင်းရေးသား ဖော်ပြသူ သတင်းထောက် တယောက် တွက်ချက်ဖော်ပြချက်အရ ငွေသွင်းသူ အဖွဲ့ဝင် အယောက် ၂၀၀၀ လောက်ရှိရင် ပြည်သူတယောက် အနေနဲ့ နောက်အကျဆုံး နောက်ထပ် ၁၆၇ နှစ်လောက်ကြာမှ သေချာပေါက် တိုက်ခန်း ပိုင်နိုင်မယ် ဆိုတာပါ။ ပန်ဆောက်လုပ်ရေး ကုမ္ပဏီဘက်က စဉ်းစားပုံကတော့ တလ ကျပ် ၃ သောင်းသွင်းသူ များလာရင် များလာသလောက် အတိုးကနေရတဲ့ ငွေတွေလည်း တိုးလာမယ်၊ အဲဒီ ငွေတွေနဲ့ တိုက်ခန်းဆောက်တဲ့ လုပ်ငန်းကို မှန်မှန်လေး လုပ်သွားပြီး နည်းနည်းချင်း မဲဖောက်ရောင်းချပေးသွားမယ် ဆိုတဲ့ အစီအစဉ်မျိုးပါပဲ။ တကယ့်တကယ် ငွေသွင်းသူတိုင်း နောက်အကျဆုံး အချိန်ကာလ ဘယ်လောက်ရောက်ရင် တိုက်ခန်း ဝယ်ကိုဝယ်ခွင့်ရမယ် ဆိုတာ သတ်မှတ်ချက်မရှိသလို၊ ငွေသွင်းသူ ရပ်သွားရင်၊ လျော့သွားရင် အတိုးက ရငွေ နည်းသွားရင် တိုက်ခန်းဆောက်လုပ်ရေး ဘယ်လို ဆက်လုပ်မလဲ စဉ်းစားထားချက် မရှိတာပါ။ ပြောရရင် ပြည်သူတွေရဲ့ အပ်နှံငွေ အတိုးကို ကိုင်တွယ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းကို စိတ်တိုင်းကျ လုပ်ချင်၊ ကိုယ်ကျိုးရှာချင်တဲ့ သဘောပဲ သွားတွေ့ပါတယ်။ အဲဒီ အစီအစဉ် သဘာ၀ မကျတဲ့အတွက် နောက်ပိုင်း လုံး၀ ရပ်ဆိုင်းသွားပါတယ်။
အခု Royal Summit ကုမ္ပဏီက ဦးသန်းဦးတို့ရဲ့ The Infrastructure of Myanmar လုပ်ငန်းစုက လုပ်မယ်ဆိုတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းဟာလည်း ဒီလိုပါပဲ။ ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေကို ရယူပြီး သူတို့ဖာသာ သူတို့ စီမံခန့်ခွဲ ဆောက်လုပ်၊ နေရာချပေးမယ်ဆိုတဲ့ အဓိပ္ပာယ်အပြင် တခြား မရှိပါဘူး။ အရေးအကြီးဆုံး အချက်က ငွေမှန်မှန်သွင်းသူတိုင်းကို ၂ နှစ် ပြည့်တာနဲ့ အခန်းမှာ တက်နေရအောင် စွမ်းဆောင်ပေးနိုင်မှာ မဟုတ်တဲ့ ပြဿနာပါ။ အားလုံးကို ၂ နှစ်ပြည့်တာနဲ့ တိုက်ခန်းမှာ တက်နေနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာ လိမ်ညာမှု တခုပဲ ဖြစ်ပါလိမ့်မယ်။
လက်ရှိ ရန်ကုန်မှာ လူလတ်တန်းစား ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာ အများကြီး လိုအပ်နေပါတယ်။ ဒီပြဿနာကို အစိုးရကနေ ဦးဆောင်ပြီး ကောင်းကောင်း ဖြေရှင်းပေးနိုင်ပါတယ်။ မြေနေရာ အဆင်ပြေတဲ့ဆီမှာ တန်ဖိုးနည်း အိမ်ရာတွေဆောက်ဖို့ နိုင်ငံတကာ တင်ဒါခေါ်လို့ ရပါတယ်။ အာဆီယံထဲမှာရော နိုင်ငံတကာမှာပါ အဲလို လုပ်ငန်းတွေလုပ်နေတဲ့ အတွေ့အကြုံများတဲ့၊ စိတ်ချရတဲ့ အင်အားကြီး ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ တန်ဖိုးနည်း တိုက်ခန်းတွေတင်မက မြို့ပြအင်္ဂါနဲ့ လျော်ညီတဲ့ အခြေခံ အဆောက်အဦတွေကိုပါ တည်ဆောက်ပေးဖို့ တင်ဒါ စည်းကမ်းချက်တွေမှာ ထည့်သွင်းရေးဆွဲလို့လည်း ရပါတယ်။
တကယ်လို့သာ အစိုးရဘက်က အဲဒီလို စေတနာရှိရှိ၊ စီမံခန့်ခွဲရေး ကောင်းကောင်းနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးတာ မရှိဘူးဆိုရင် အခုလိုပဲ ခါတော်မီ ကုမ္ပဏီတွေ ပေါ်ပေါက်၊ ပြည်သူတွေကို မစားရဝခမန်းပြော၊ အသိဉာဏ်နည်းတဲ့ အစိုးရအဖွဲ့ တခုခုက “လုပ်ပါ” လို့များ မီးစိမ်းပြလိုက်ရင် မသိနားမလည်တဲ့ ပြည်သူတွေပဲ ဒုက္ခပင်လယ်ဝေရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။