ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် မြန်မာနိုင်ငံ၏ အထင်ကရ နေရာများကို ဖော်ထုတ်ပြီး နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင် သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။
နိုင်ငံပေါင်း ၅၉ နိုင်ငံကျော် ပါဝင်မည့် အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ် ကျင်းပရေးနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီး ဦးဌေးအောင်က ပြောဆိုခြင်း ဖြစ်သည်။
“ခရီးသွားလုပ်ငန်း တိုးတက်ဖို့ ကျနော်တို့ အပိုင်းလိုက် လုပ်ဆောင်နေတယ်။ ဒီနှစ်ထဲမှာ ကယားနဲ့ ချင်းပြည်နယ်ကို နိုင်ငံတကာက စိတ်ဝင်စားလာအောင် ချပြမယ်။ နောက်နှစ်တွေဆို မော်လမြိုင်ဘက်။ အဲဒီလိုဖြစ်အောင် လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ဆိုသည်။
အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။
“ဖိုရမ်မှာ အာဆီယံ ၁၀ နိုင်ငံက သူတို့ နိုင်ငံအလိုက် ခရီးသွား လုပ်ငန်းတွေကို ပြမယ်။ တကမ္ဘာလုံးက လာရောက် လေ့လာမယ်။ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်မှာပါ။ ဒီလိုတွေကနေ ကျနော်တို့ ရည်းမှန်းထားသလို ဖြစ်လာအောင် လုပ်ဆောင်သွားမယ်”ဟု ဝန်ကြီး ဦးဌေးအောင်က ပြောသည်။
ဖိုရမ်တွင် ခရီးသွားလုပ်ငန်းများကို ဟိုတယ်လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း စသည့် ခရီးသွားလုပ် ငန်း နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ပေါင်းစပ်ပြီး ခရီးသွား Package အလိုက် ရောင်းချသွားရန် စီစဉ်ထားကြောင်းလည်း သိရ သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက“ မန္တလေးတိုင်းဘက်မှာရော၊ ချင်းပြည်နယ် ဘက်မှာ လုပ်ဖို့ ရှိတယ်။ ဒါပေမယ့် ချင်းပြည်နယ်မှာက တောတောင်တွေရှိတော့ လုပ်ဖို့ ခက်တယ်။ ရေရဖို့ ခက်တယ်။ ဒါတွေကြောင့် သေချာဆွေးနွေး တိုင်ပင်နေတယ်”ဟု ပြောသည်။
ထိုဒေသများအပြင် ရှေးဟောင်း ယဉ်ကျေးမှုနှင့် ဆက်နွယ်သည့် နေရာဒေသများကိုပါ ယခုခရီးသွား ဖိုရမ်တွင် ထည့်သွင်း ထုတ်ဖော် ဆွဲဆောင်သွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“သရေခေတ္တရာ၊ ဟန်လင်းတို့ ပျူတို့ ရှိတဲ့ ပဲခူး၊ စစ်ကိုင်းတိုင်း ဘက်ကိုလည်း ပရိုမိုးရှင်း အနေနဲ့ ဆွဲဆောင်သွားမှာပါ။ ချပြတာမှာက နယ်မြေတွေ မအေးသေးတော့ အဲဒီနေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေကို Package အလိုက် လုပ်လို့ရတယ်။ ဥပမာ ကယား ကနေ အင်းလေးဘက် သွားလို့ရတာ ရှိတယ်။ ချပြဖို့က ဝန်ကြီးဌာနက ချပြမှာ မဟုတ်ဘူး။ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ခရီးသွား လုပ်ငန်းတွေကပဲ လုပ်သွားမှာပါ”ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောဆိုသည်။
ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး ကနဦး လုပ်ဆောင်ချက် ရေးဆွဲခြင်း (Master Plan) ရေးဆွဲ လုပ်ကိုင်နေကြောင်း၊ အဆိုပါ စီမံ ကိန်းအရ လာမည့် ၂၀၂၀ တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားပမာဏ ၇ သန်းကျော်အထိ ရှိလာမည်ဟုလည်း ၎င်းက ပြော သည်။
ဝန်ကြီး ဦးဌေးအောင်ကလည်း “အမျိုးသား ခရီးသွား ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီ ဖွဲ့ထားပြီး ဒုသမ္မတ ကိုယ်တိုင် ဦးစီးလုပ်ဆောင် နေ တယ်။ ဝန်ကြီးဌာနတွေမှာဆို လဝက ပါမယ်။ နိုင်ငံခြားရေးပါမယ်။ နောက် ပို့ဆောင်ရေးတို့ပါမယ်။ အဲဒီလိုမျိုး စုစည်းပြီး ခရီးသွားလုပ်ငန်း တိုးတက်အောင် လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
ယခုနှစ် အတွင်း ခရီးသွား ဝင်ရောက်မှုနှုန်း ၃ သန်း အထိ ရှိလာရန် စီစဉ်ထားပြီး လက်ရှိတွင် ၁.၈ သန်း ကျော် ဝင်ရောက်နေပြီ ဖြစ်ကြောင်းလည်း ဦးဌေးအောင်က ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ခရီးသွား ဧည့်သည် ၂.၀၄ သန်း ဝင်ရောက်ခဲ့ပြီး လေကြောင်းဖြင့် ဝင်ရောက်မှုမှာ အများဆုံးဖြစ်ကြောင်း ယခုနှစ် တွင် လေကြောင်းခရီးဖြင့် ဝင်ရောက်မှုသည် ၁ သန်းကျော်ပြီ ဖြစ်ကြောင်း သိရသည်။