စီးပွားရေး

မိုဘိုင်းဖုန်း ပြိုင်ပွဲကြီး စပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပွဲ ကတော့ စပါပြီ။ မြန်မာနိုင်ငံရဲ့ သုံးစွဲသူ သန်းပေါင်းဆယ်ချီ များပြားတဲ့ မိုဘိုင်းဖုန်း ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်ဖို့ မြန်မာ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဖုန်း အော်ပရေတာ ကုမ္မဏီများအကြား ပြိုင်ဆိုင်မှု အရှိန်မြှင့်တက်လို့ လာနေပါပြီ။

ကာတာ အခြေစိုက် အော်ရီဒူး မိုဘိုင်းဖုန်း အော်ပရေတာ ကုမ္မဏီက အရင်လမှာ သူတို့ ရဲ့ မိုဘိုင်းဖုန်း ကွန်ရက် တွေ စတင်ဖွင့်လှစ် အသုံးပြု ခဲ့ပြီး မြန်မာနိုင်ငံ မိုဘိုင်းဖုန်း အော်ပရေတာ လောကမှာ ပထမဆုံး လုပ်ကိုင်နိုင်တဲ့ နိုင်ငံခြား ကုမ္မဏီ ဖြစ်လာခဲ့ပါတယ်။ အဲဒီ နောက် အခုအပတ်တွင်းမှာ ပဲ မြန်မာပြည် ဆက်သွယ်ရေးကို ဆယ်စုနှစ်များစွာ လက်ဝါးကြီးအုပ်ထားခဲ့တဲ့ အစိုးရလုပ်ငန်းကနေ ကုမ္ပဏီတဖြစ်လဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က မိုဘိုင်း SIM ကတ်တွေ ဈေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ နော်ဝေကုမ္ပဏီ တယ်လီနောကလည်း ဈေးကွက်ထဲ စဝင်ဖို့ တာဆူနေပါပြီ။

MPT က ၁၅၀၀ ကျပ် (၁.၅ ဒေါ်လာ) တန်ဖိုးရှိတဲ့ တန်ဖိုးနည်း 3G SIM ကဒ်တွေ ကို တိုင်းပြည် တဝှမ်းမှာ ရှိတဲ့ မိုဘိုင်း ဖုန်းဆိုင်တွေကို ရောင်းချဖို့ ဖြန့်ဖြူးပေးတဲ့ နောက်မှာတော့ ရန်ကုန်မြို့ မိုဘိုင်းဖုန်းဆိုင်တွေ ရှေ့မှာ ဖုန်းကဒ် ဝယ်ဖို့ တန်းစီ စောင့်နေကြတဲ့ လူတန်းရှည်ကြီး တွေကိုလည်း မြင်တွေ့ရလေရဲ့။ မှောင်ခိုဈေးကွက်လည်း ဖြစ်လာတယ်။

လာရောက်တန်းစီးသူ ဗိုလ်တထောင်မြို့နယ်က ဆိုက်ကားဆရာ ဦးရန်မြင့်က“ ကျနော်က ဆိုက်ကားဆွဲရင် တနေ့ကုန်လုပ်မှ ၃၀၀၀ လောက်ကို မနည်းရှာရတာ။ ဒီမှာ နေ့တဝက်လောက် တန်းစီနိုင်ရင် တစ်သောင်းတန်းရတာ။ ဆိုက်ကား မဆွဲတော့ဘူး။ ပြီးခဲ့တဲ့ အခေါက်တုန်းက ဆိုရင် တရက်တည်း တသောင်းခွဲအထိ ရဖူးတယ်”လို့ ပြောပြတယ်။

ဖုန်းတန်းစီ တိုးဝှေ့တဲ့ မလှမ်းမကမ်းမှာပဲ ဖုန်းကတ် တကတ်ကို တသောင်းနှုန်းနဲ့ လာရောက် ဝယ်ယူသူ ဖုန်းပွဲစားများ ရှိပြီး MPT ဖုန်းကတ် ရောင်းချခွင့် မရှိတဲ့ ဖုန်းဆိုင်များကို ပြန်လည် ရောင်းချခြင်း ၊ နယ်မြို့များကို အဆက်အသွယ်များက တဆင့် ပြန်လည် ရောင်းချခြင်းတွေ ရှိနေပါတယ်။

မြောက်ဥက္ကလာ မြို့နယ်က ၄၁ နှစ်အရွယ်ရှိတဲ့ ကို မြင့်ဝင်း ရပ်ကွက်ထဲမှာ MPT ရဲ့ တန်ဖိုးနည်း SIM ကတ်တွေကို မဲနှိုက်ရပြီး မဲပေါက်မယ့် အချိန်ကို စောင့်နေစရာ မလိုတော့တဲ့ အတွက်လည်း အများကြီး စိတ်သက်သာရာရသွားပြီ လို့ပြောပါတယ်။

ယခင် စစ်အစိုးရ ရဲ့ အုပ်ချုပ်မှု သက်တမ်း တစ်လျှောက်မှာ မြန်မာ့ကြေးနန်းနဲ့ ဆက်သွယ်ရေး က မိုဘိုင်းဖုန်းကဒ်တွေ ကို ကျပ်သိန်း ၅၀ ( ဒေါ်လာ ၅၀၀၀) အထိ ဈေးတင်ရောင်းချ ခဲ့ကြပါတယ်။ အရပ်သား အစိုးရ ဆိုပြီး နာမည်တပ်ထားတဲ့ အစိုးရသစ် တစ်ရပ် ၂၀၁၁ ခုနှစ်မှာ တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းမှာတော့  SIM ကဒ် ဈေးကို ၂၅၀၀၀၀ ဝန်းကျင်အထိ လျှော့ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မနှစ်က စတင်ပြီး တော့ MPT က လစဉ် လစဉ် တိုင်းမှာ ရပ်ကွက်တွေ အလိုက် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် SIM ကဒ်တွေ ကို မဲဖောက်တဲ့ စနစ်နဲ့ ရောင်းချခဲ့ပါတယ်။

MPT ဟာ ဂျပန်ကုမ္မဏီ ၂ခုဖြစ်တဲ့ KDDI Corporation နဲ့ Suimtomo Corporation တို့ရဲ့ လာမဲ့ ၁၀ နှစ်ကျော် ကာလ အတွင်း MPT ရဲ့ ဝန်ဆောင်မှုလုပ်ငန်း တွေ အတွက် ဒေါ်လာ၂ ဘီလျံ ရင်းနှီးထောက်ပံ့ကူညီ သွားမဲ့ သဘောတူညီချက် မှာလက်မှတ်ထိုးခဲ့ပြီး နောက်ပိုင်းမှာ မှ အခုလို တန်ဖိုးနည်း ဖုန်းကဒ် တွေ ကို လူထုတွေဆီ လွယ်လွယ်ကူကူ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချသွားနိုင်တာ ဖြစ်ပါတယ်။

MPT က ဒီလအတွင်းမှာ ပဲ SIM ကဒ်ပေါင်း ၇၀၀၀၀၀၀ ကျော်လောက်ရောင်းချသွား ဖို့ စီစဉ်ထားပြီး နှစ်ကုန်ပိုင်းမှာတော့ SIM ကဒ်ပေါင်း ၅သန်းထိ ရောင်းချသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အော်ရီဒူးရဲ့ သာမန်ထက် အနည်းငယ် ဈေးပိုများ နေတဲ့ အင်တာနက်သုံးစွဲခ နဲ့ လိုင်းကောင်းကောင်း မမိတာတွေကြောင့်လည်း MPT ရဲ့ SIM ကဒ်ဘက်ကို လူတွေက ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

မြန်မာ နိုင်ငံ ထဲမှာ မိုဘိုင်းတယ်လီကွန် လုပ်ငန်း လုပ်ခွင့် လိုင်စင် ရရှိ ခဲ့တဲ့ ကုမ္မဏီ ၂ ခုထဲ က တစ်ခုဖြစ်တဲ့ အော်ရီဒူး ဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ သူတို့ရဲ့ ၁၅၀၀ ကျပ်တန် ဖုန်းကဒ်တွေ ကို စတင် ရောင်းချခဲ့ကြပါတယ်။ အဲဒီ အချိန်က စပြီး လက်ရှိ အချိန် အထိ SIM ကဒ်ပေါင်း ၁ သန်းခန့် ရောင်းချ ခဲ့ပြီး ဖြစ်တယ် လို့လဲ သိရပါတယ်။

“လူတွေ က အော်ရီဒူး ရဲ့ ဈေးနှုန်းတွေ ကို ကြည့်ပြီး အတော်လေး အံ့သြ ကုန်ကြတယ်။ ဟယ်လို လို့တစ်ခွန်းပဲ ပြော ရသေးတယ် ၁မိနစ်စာ ၃၅ ကျပ် က ပါသွားပြီ။ အင်တာနက်လိုင်းကတော့ MPT ထက်ကောင်းပါတယ်။ ဒါပေမဲ့လည်း ဈေးက တော့ အဆင်မပြေ လှဘူး” လို့ မကွေးတိုင်း က အလွတ်တန်း သတင်းထောက် တစ်ဦးဖြစ်သူ ကိုဝင်းကြည် က ပြောပါတယ်။

ရန်ကုန်မြို့ လူကြီးမင်း ဖုန်းဆိုင် ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ ကိုပြည်စိုးထွန်း က အော်ရီဒူး ဖုန်းကဒ်တွေ စရောင်း တော့ ကြိတ်ကြိတ်တိုး ရောင်းချ ခဲ့ရတယ်လို့ပြောပါတယ်။ “လူတွေ က အော်ရီဒူးနဲ့ ပတ်သက်ပြီး တော်တော် မျှော်လင့်ထားကြတယ်ဆိုတော့ ထွက်ပြီ ဆိုတာနဲ့ တိုးကြိတ်ပြီး ဝယ်ကြတော့တာပဲ။ ဝယ်ပြီး တော့မှ လိုင်းက မမိဘူးဆိုတော့ လူတွေ လည်းစိတ်ပျက်ပြီး အဲဒီအချိန်မှာပဲ MPT ကလည်း ဖုန်းကဒ်တွေ ကို ထုပ်ရောင်းတော့တာ” လို့ ပြောပြခဲ့ပါတယ်။ သူ က သူတို့ လူကြီးမင်းဆိုင်ခွဲ ၂၅ ဆိုင်အတွက် MPT က ဆင်းကဒ် ၆၅၀၀ ချပေးခဲ့ပြီး အားလုံး တစ်ရက်အတွင်းမှာ ပဲ ရောင်းကုန်သွားတယ် လို့ ဆိုပါတယ်။

“မြန်မာ ပြည်က ဝယ်သူတွေ က ဈေးကိုပဲကြည့်တာများတယ်။ သူတို့တွေ က သုံးတဲ့ အချိန်နဲ့ တွက်ပြီးကောက်တဲ့ အင်တာနက်သုံးစွဲခ နဲ့ ရင်းနှီးသွားပြီး ဆိုတော့ သုံးတဲ့ ပမာဏနဲ့ ကောက်တဲ့ အပေါ် ကျတော့ စိမ်းနေပြီး မကြိုက်ကြဘူး။ စနစ် ၂ မျိုးလုံးမှာတော့ အားသာချက် အားနည်ချက်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သူက အော်ရီဒူး ရဲ့ အင်တာနက် မြန်နှုန်း က MPT ထက်သာပေမယ့် သူတို့ရဲ့ Network Coverage မကောင်းမွန်တာတွေကြောင့် ဝေဖန်မှုတွေ ခံနေရတယ်လို့လည်းပြောခဲ့ပါတယ်။ “ဖုန်းသုံးတဲ့သူတွေ ကတော့ ရောက်ရာ နေရာကနေ ဖုန်းဆက်ချင်ကြမှာပဲ။ အဲဒါက သုံးစွဲသူတွေရဲ့ ပထမ ဦးစားပေးပေါ့။ MPT ကအဲဒီ အချက်နဲ့ ကြည့်ရင် လူတွေ လက်ခံ နိုင်တယ် ဘာလို့လဲ ဆိုတော့ MPT ဖုန်းတွေ က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောင်းကောင်းသုံးလို့ ရနေတာပါ” လို့ သူက ပြောသွားခဲ့ပါတယ်။

မန္တလေးတိုင်း မတ္တရာ မြို့ Mobile Corner ဖုန်းအရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မဖြူသဲမွန် ဆိုသူကလည်း သူတို့ ဆိုင်ရဲ့ အော်ရီဒူး ဖုန်းကဒ်ရောင်းအား တွေ က လိုင်းမမိတဲ့ အတွက် သိသိသာသာ ကျသွားတဲ့ အကြောင်းပြောပြပါတယ်။

“လူတွေ က အော်ရီဒူးအပေါ်မှာ တော်တော် မျှော်လင့်ထားပြီး ထွက်လာတော့ ထင်သလို ဖြစ်မလာလို့ ဆိုပြီး MPT ဘက်ကို စိတ်ပါသွားကြတယ်။ MPT က Network လည်းလုံလုံ လောက်လောက်ရှိပြီးသားလေ” ဆိုပြီး လူကြီးမင်း ဖုန်းဆိုင်ရဲ့ မကွေးတိုင်း ဆိုင်ခွဲ က မန်နေဂျာဖြစ်သူ မနှင်းဝေလွင် က ပြောပြ ပြန်ပါတယ်။

အော်ရီဒူးက လုပ်ငန်းစတင် လည်ပတ်ချိန်မှာ သူတို့ရဲ့ 3G ကွန်ရက် က သုံးစွဲသူ သန်းပေါင်း ၇.၈ သန်းကို လုံလုံလောက်လောက် ပေးနိုင်မယ် ဆိုပြီး ပြောခဲ့ပေမယ့် အခုအခါ သုံးစွဲသူ ၉ သန်းကျော် အထိ ရှိနေပြီးဖြစ်ပါတယ်။ အော်ရီဒူး ကုမ္မဏီ ဟာ ရန်ကုန်မြို့အတွင်း တာဝါတိုင် ၂၀ ရှိပြီး မကွေးတိုင်း သရက်မြို့ ၊ ပဲခူးတိုင်း ရှိ သာယာဝတီ နဲ့ တောင်ငူ မြို့ ၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင် လည်း ကွန်ယက်များ ဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။

“ဝယ်လိုအားတွေ များတဲ့အတွက် အဆင်မပြေတာတွေ ရယ်၊ ရန်ကုန်မြို့လယ် ဧရိယာတွေ မှာ Network နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ နည်းပညာတွေ ကိုလည်း ပြင်ဆင်ပြီး တော့ ဝန်ထမ်းတွေ ကိုလည်း သေချာ စီစစ်ပြီး ခန့်ထားပြီးပါပြီ။ အခုဆိုရင် ဒီ စိန်ခေါ်မှုတွေကို ကျနော်တို့ ကောင်းကောင်းရင်ဆိုင် နိုင်တော့မှာပါ။ ပြီးတော့ ကျနော်တို့ရဲ့ သုံးစွဲသူတွေ အတွက် ပိုပြီးကောင်းမွန်တဲ့ Network Coerage တွေကို ပေးနိုင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ အော်ရီဒူး မြန်မာ မှ အမှုဆောင်ချူပ်ဖြစ်သူ Ross Cormack က မကြာသေးခင်က ရန်ကုန်မြို့ မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခုဆိုရင် ကာတာကုမ္မဏီ က ၁ မက်ဂါဘိုဒ် သုံးတိုင်း ၁၀ ကျပ် ကောက်ခံသွားမယ် ဆိုပြီး ပထမဈေးနှုန်း ဖြစ်တဲ့ ၁ မက်ဂါဘိုဒ် ကို ၂၅ ကျပ်ဆိုတဲ့ ဈေးနှုန်း ကိုပြင်ဆင်ခဲ့ပါတယ်။

MPT ကလည်း ၎င်းတို့ ရဲ့ မိုဘိုင်းသုံးစွဲသူများအတွက် ၅၀၀၀ ကျပ် ငွေဖြည့်ကဒ် ဝယ်ယူပါက ၂၀ ရာခိုင်နှုန်း အပိုငွေ နှင့် ၁၀၀၀၀ ကျပ်တန် ငွေဖြည့်ကဒ် ဝယ်ယူလျှင် ၃၀ ရာခိုင်နှုန်း အပိုငွေထည့်သွင်းပေးတဲ့ ပရိုမိုးရှင်း အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ပရိုမိုးရှင်း ကာလက စက်တင်ဘာ ၁၂ ရက်နေ့အထိပါပဲ။ အပြိုင်အဆိုင်များလာရင် ပရိုမိုးရှင်းတွေ ပိုလုပ်မယ့် အနေအထားပါပဲ။

စက်တင်ဘာ ၁၅ မှာ SIM ကတ်တွေ စရောင်းဖို့ ကြော်ငြာထားတဲ့ တယ်လီနောကတော့ အောက်တိုဘာ ၅ ရက်မတိုင်မီဆိုပြီး ရက်ထပ်ရွှေ့ပါတယ်။ ကတ်တွေ ဖြန့်ဖြူးရောင်းချချိန် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြား တည်ဆောက်နိုင် မယ်လို့ မျှော်လင့် ထားပေမယ့် ခုအခါ တာဝါတိုင် ၆၀၀ ဝန်းကျင်လောက်ပဲ တည်ဆောက်ပြီးစီးလို့ ဆိုပြီး သိရပါတယ်။

ဒီလို ဖြစ်ရတာဟာ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ တာဝါတိုင်ဆောက်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ မြေပါမစ် မရတာ၊ တချို့နေရာတွေမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာ၊ တချို့နေရာတွေမှာ ဒေသခံတချို့က ကန့်ကွက်တာတွေ ကြုံရလို့ နှောင့်နှေးရတာလို့ ဆိုပါတယ်။ ခုလို ကိစ္စမျိုး MPT က ကြုံရတာ မကြားမိဘူးလို့ တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောတယ်လို့ ဒီဗွီဘီသတင်းတပုဒ်က ရေးပါတယ်။

လေ့လာသူတွေအဆိုအရ MPT ဟာ ဈေးကွက်မှာ အထိုင်ကျပြီးသားဖြစ်သလို ဂျပန်ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ သူ့ဝန်ဆောင်မှုကို ပိုကောင်းလာအောင် လုပ်နိုင်တာမို့ ကျန်ကုမ္ပဏီတွေလောက် အခက်အခဲ မတွေ့ဘဲ ပြိုင်ဆိုင်မှုမှာ အသာစီးအနေအထားလို့ ဆိုကြပါတယ်။ ဒါပေမယ့် ခြုံငုံကြည့်ရင်တော့ အော်ရီဒူး၊ တယ်လီနောနဲ့ MPT ကုမ္ပဏီ တွေနဲ့ အပြိုင်လုပ်လာကြတာမို့ ပြည်သူတွေ အတွက်တော့ ရွေးချယ်စရာတွေများ လာမှာ အသေအချာပါပဲ။

“သုံးစွဲသူတွေအတွက်တော့ ရွေးစရာ ရှိသွားတာပေါ့။ ပြီးတော့ ဈေးကွက်မှာလည်း အပြိုင်အဆိုင် ရှိလာတာပေါ့။ Package plan တွေ ထပ်ပြီး ရှိလာ ဦးမှာပါ။ အရင်ကတော့ MPT က ဈေးကွက်မှာ သူတို့ကြိုက်သလို ကြီးစိုးခဲ့ပေမဲ့ အခုတော့ အပြိုင်တွေ ပေါ်လာပြီဆိုတော့ ဝန်ဆောင်မှုကောင်းကောာင်းပေးမှ ရတော့မယ်” လို့ လူကြီးမင်း ဖုန်းဆိုင်မှ မန်နေဂျာဖြစ်သူ ပြည်စိုးထွန်းကပြောသွားခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading