စီးပွားရေး

ဗဟိုဘဏ် ငွေစက္ကူသစ် ရိုက်ထုတ်မှု စီးပွားရေး ဖံွ့ဖြိုးမှုနှုန်းနှင့် ချိန်ညှိရန်လို

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၅ ထောင်ကျပ်တန် ငွေစက္ကူ ပုံစံသစ်များ ထုတ်ဝေမည့် အစီအစဉ်သည် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးမှု နှုန်းနှင့် ချိန်ညှိရန် လိုအပ်ကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်များက ပြောဆိုသည်။

ယင်း ငွေစက္ကူ ပုံစံသစ်များကို လာမည့် အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန် ကြေ ညာ ထားသည်။

ဗဟိုဘဏ်က ယခုကဲ့သို့ ငွေစက္ကူ ပုံစံသစ်များ ရိုက်ထုတ်ရခြင်းမှာ ငွေကြေး အတုအပများ ပြုလုပ်ခြင်းမှ ကာကွယ်ရန်နှင့် ငွေစက္ကူ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မားစေရန် အတွက် ဖြစ်သည်ဟု စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက“နိုင်ငံတကာမှာလည်း ငွေစက္ကူ အတုတွေ ထွက်လာတဲ့ အခါမှာ ဒီလိုမျိုး ပြောင်းလဲ ထုတ်လုပ်တာမျိုး ရှိပါတယ်။ ဒါပေမယ့် ရှိပြီးသား ငွေစက္ကူထဲမှာ ဘယ်လောက် အထိ ဝင်လာမှာလဲ ဆိုတာက တိုင်းပြည်ရဲ့ ခန့်မှန်း ဖွံ့ဖြိုးတိုးတက်မှု နှုန်းနဲ့ နှိုင်းယှဉ်ပြီး Money Supply Growty Rate ကိုလည်း ချိန်ပြီး လုပ်ဖို့ လိုပါတယ်”ဟု ဆိုသည်။

ထိုကဲ့သို့ ချိန်ညှိ လုပ်ကိုင်မှုမျိုးတွင် တိုင်းပြည်၏ အမှန်တကယ် စီးပွားတိုးတက်မှုနှုန်းထက် Money Supply (ငွေကြေးလည်ပတ်မှု) ပမာဏက များနေပါက ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် အတူ ငွေဖောင်းပွမှုနှုန်းကို ဖြစ်စေကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းထက် Money Supply နှုန်းက နိမ့်နေမည်ဆိုပါက တိုင်းပြည် စီးပွားရေး တိုးတက်မှုကို နှောင်နှေးစေကြောင်း စီးပွားရေးပညာရှင်များက ပြောဆိုကြ သည်။

မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ငွေဖောင်းပွမှုနှုန်းကို သတိကြီးစွာ ထားနေရသည့် နိုင်ငံဖြစ်သောကြောင့် Money Supply လုပ် သည့် အချိန်တွင် ငွေဖောင်းပွမှု မဖြစ်စေရန် လိုကြောင်း ဒေါက်တာ အောင်ကိုကိုက ပြောသည်။

“ငွေဖောင်းပွမှုနှုန်းကို မဖြစ်မိစေဖို့ လိုတယ်။ Money Supply လုပ်တယ် ဆိုတာ ငွေနဲ့ ရိုက်ထုတ်တာပဲ။ ဒါပေမယ့် ထုတ်ချင်တိုင်း ထုတ်လို့ မရဘူး။ တိုင်းပြည်ရဲ့ ပကတိ စီးပွားရေး အခြေခံပေါ် မူတည်ပြီးမှ ထုတ်ရတာမို့ပါ”ဟုလည်း ၎င်းက ပြောပြသည်။

ထိုသို့လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ဗဟိုဘဏ်က ထိန်းချုပ်မှု ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုကြောင်း၊ ထိန်းချုပ်မှု ညံ့ဖျင်းပါက ငွေဖောင်းပွမှုနှုန်း ဖြစ်စေနိုင်သည်ဟု စီးပွားရေးပညာရှင် ဦးမော်သန်းကလည်း ပြောသည်။

“ရှိရင်းစွဲ ငါးထောင်တန်တွေက အတုတွေ ထွက်တာအတွက် ထုတ်တယ် ဆိုရင်တော့ အကာအကွယ် ရမှာပေါ့။ သို့သော် ငွေဖောင်း ပွမှု မဖြစ်ဖို့ ဆိုတာက လည်ပတ်နေတဲ့ ငါးထောင်တန်တွေ ပြန်သိမ်း လိုက်ရင်တော့ ငွေဖောင်းပွမှု ရှိမှာ မဟုတ်ဘူး။ ပြန်သိမ်းမလား မသိမ်းဘူးလား ဆိုတာမှာ မူတည်မှာပေါ့။ ပြန်မသိမ်းနိုင်ရင်တော့ အသစ်ရိုက်ထုတ်တယ် ဆိုရင်လည်း ထုတ်တဲ့ အရေအတွက် ပမာဏက လှည့်ပတ်နေတဲ့ ပမာဏထဲမှာ ပေါင်းသွားရင် ပိုများမှာပေါ့။ ထိန်းချုပ်မှု ညံ့ရင်တော့ ဖြစ်နိုင်တယ်”ဟု ဦးမော်သန်းက ပြော သည်။

ငွေဖောင်းပွမှုနှုန်း မြင့်တက်လာပါက ကုန်ဈေးနှုန်း မြင့်တက်ပြီး တိုင်းပြည်တွင်း နေထိုင်သူများ၏ ဝယ်လိုနိုင် စွမ်းအားကို အလိုလို ကျဆင်းစေမည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၏ Staff Monitored Programme တနှစ်တာ စစ်တမ်း ကောက်ယူမှုအရ ငွေဖောင်းပွမှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ၇၅ ရာနှုန်း ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

Loading