မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကဏ္ဍအမျိုးမျိုးအနက် စီးပွားရေးပြုပြင်ပြောင်းလဲရေးမှာ မှောင်ခိုဆိုတဲ့ ဖျက်မြင်းကြီး ရှိနေသမျှ ကာလပတ်လုံး မြန်မာ့စီးပွားရေးဟာ ကမောက်ကမ ကို့ယို့ကားယားဖြစ်ပြီး ဖွံံ့ဖြိုးတိုးတက်ရေးမှာ ကြီးစွာသော အနှောက်အယှက် ဖြစ်နေပါတယ်။
တရားမဝင် စီးပွားရေးလုပ်ငန်းဆိုတာ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို တင်းကျပ်လေ၊ ကန့်သတ်လေ၊ တားမြစ်လေ၊ ထိန်းချုပ်လေ ပိုကြီးထွားလေ၊ ပိုဆိုးလေ ဖြစ်တတ်ပါတယ်။
အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယ (ASEAN Free Trade Area – AFTA) ထဲကို မြန်မာနိုင်ငံ စောစောဝင်ရောက်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community) ထဲ မြန်မြန်ဝင်ရောက်နိုင်လေ၊ လွတ်လပ်သော ကုန်သွယ်ရေး ဖြစ်ထွန်းလေဖြစ်ပြီး မှောင်ခိုလျှော့နည်းသွားလေ ဖြစ်နိုင်ပါလိမ့်မယ်။
မှောင်ခိုဈေးကွက် (Black Market) ကို စီးပွားရေးပညာရပ်နဲ့ အဓိပ္ပာယ် ဖွင့်ရရင် အလွန်ကျယ်ပြန့်ပါတယ်။ မြေအောက်စီပွားရေး (Underground Economy) လို့လည်း ခေါ်တယ်။ ကုန်ပစ္စည်းရောင်းဝယ်မှုနဲ့ ဝန်ဆောင်မှုတွေကို တရားမဝင် ကုန်သွယ်မှုလုပ်ဆောင်တာကို မှောင်ခိုလုပ်တယ်လို့ အတိုကောက်ဖွင့်ဆိုတယ်။
မြေအောက် လှုပ်ရှားလုပ်ကိုင်ခြင်း (Subterranean)၊ ပုန်းကွယ်ဝှက်ကွယ် လုပ်ဆောင်ခြင်း (Hidden)၊ ရှာပါးပစ္စည်းနှင့် မထုတ်သင့်ရှယ်ယာ ခိုးရောင်းခြင်း (Grey)၊ အတုအယောင်လုပ်၍ ထုတ်ဝေရောင်းချခြင်း (Shadow)၊ နည်းလမ်းမမှန်စွာ ရောင်းဝယ်ခြင်း (Informant)၊ လျှို့ဝှက်လုပ်ဆောင်ခြင်း (Clandestine)၊ သတင်းမပို့စာရင်းမဖော် လုပ်ဆောင်ခြင်း (Unreported) စတာတွေ မှောင်ခိုမှာ အကျုံးဝင်ပါတယ်။ ဒီလိုမျိုးစုံတဲ့ မှောင်ခိုဈေးကွက်အားလုံး မြန်မာနိုင်ငံမှာ ဖြစ်ထွန်းခဲ့ပါတယ်။
မှောင်ခိုနဲ့ ပတ်သက်လို့ သမိုင်းနဲ့ အစချီရရင် ရှေးမြန်မာမင်းတွေက ကျွန်းသစ်တို့၊ ကျောက်မျက်ရတနာတို့ကို “ကုန်တော်” လို့ သတ်မှတ်ပြီး ဘုရင့်ခွင့်ပြုချက်နဲ့သာ ရောင်းဝယ်ရတယ်၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့ရတယ်။ အဲဒီကန့်သတ်ချက်ကို တရားမဝင်နည်းလမ်းနဲ့ ဖောက်ဖျက်ခိုးထုတ်တာကို မှောင်ခိုကုန်ကူးတယ်လို့ ခေါ်တယ်။
အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဘိန်းကုန်ကူးရင်၊ ရွှေချောင်းချရင်၊ လိုင်စင်မရှိဘဲ အရက်ပုန်းရောင်းရင်း ဘိန်းခန်းဖွင့်ရင် မှောင်ခိုလုပ်တယ်လို့ သတ်မှတ်တယ်။
လွတ်လပ်ရေးရပြီးတော့ မြန်မာနိုင်ငံမှာ မှောင်ခိုလုပ်ငန်းတွေကို ပိုပြီး ရှင်းလင်းတိကျစွာ အရေးယူခဲ့တယ်။ ဘိန်းကုန်ကူးတာ၊ ရွှေချောင်းချတာ၊ လိုင်စင်မရှိဘဲ အရက်ပုန်းရောင်းတာ၊ ဘိန်းခန်းဖွင့်တာအပြင် ဇိမ်ခန်းဆိုတဲ့ ပြည့်တန်ဆာ လုပ်ငန်းလုပ်တာ၊ သွင်းကုန်လိုင်စင်ရထားတဲ့ လိုင်စင်တွေဆီကတဆင့် လိုင်စင်ဝယ်ပြီး ပြည်ပက ပစ္စည်းတင်သွင်းတာစတဲ့ မှောင်ခိုတွေပေါ်လာတယ်။ အမဲသားကိုလည်း ပိတ်ပင်ဖူးသေးတော့ ဈေးထဲမှာ “တိုးတိုးသား” ဆိုပြီး တိုးတိုးတိတ်တိတ် ခိုးရောင်းတာလည်း မှောင်ခိုလို့ခေါ်တယ်။
မြန်မာနိုင်ငံမှာ မှောင်ခို အရမ်းကြီးထွားလာတာကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ ပေါ်ပေါက်လာတဲ့အစိုးရက ပြည်သူပိုင်စနစ်စီးပွားရေးကို ကျင့်သုံးခဲ့ရာက စတင်ခဲ့တာ ဖြစ်တယ်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံမှာ မတရား စီးပွားရှာစားတဲ့ ဝိသမစနစ် ချုပ်ငြိမ်းစေရမယ်၊ အမြတ်ကြီးစား၊ ခေါင်းပုံဖြတ်၊ ဂုတ်သွေးစုတ်တဲ့ ပုဂ္ဂလိက လုပ်ငန်းအရင်းရှင်တွေ ပပျောက်စေရမယ်ဆိုပြီး ပထမအဆင့် အနေနဲ့ ၂၃. ၂. ၁၉၆၃ ရက်နေ့မှာ နိုင်ငံခြားသားပိုင် ဘဏ်ပေါင်း ၁၆ ခုနဲ့ တိုင်းရင်းသားပိုင် ဘဏ်ပေါင်း ၁၅ ခုတို့ကို ပြည်သူပိုင်သိမ်းတယ်။ ဒုတိယအဆင့် အနေနဲ့ ၉. ၄. ၁၉၆၄ ရက်နေ့မှာ ကုန်သွယ်မှု လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းရာမှာ ပုဂ္ဂလိကပိုင်ဆို မိသားစုဆိုင်ကလေးတွေပါမကျန် အပါသိမ်းခဲ့တယ်။ တတိယ အဆင့်ကျတော့ ပုဂ္ဂလိကတွေ ကူးသန်းရောင်းဝယ်ခွင့်ကို ကန့်သတ်ပိတ်ပင်တဲ့ အမိန့်ကြေညာစာ ၅၊ ၆ နဲ့ ၁၀၊ ၁၁ တွေ ထုတ်ပြန်ပြီး ပြည်သူတရပ်လုံး တပြည်လုံးရှိ စားသုံးသူအားလုံးရဲ့ စားဝတ်နေရေး လိုအပ်ချက်ပစ္စည်းတွေကို ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဆိုင်အမျိုးမျိုးတို့က တာဝန်ယူ ဖြန့်ဖြူးရောင်းချပေးတယ်။
ကြက်သွန်၊ အားလူး၊ ငရုတ်သီး အပါအဝင် ဆီ၊ ဆန်၊ ဆား၊ သကြား၊ နို့ဆီစတဲ့ အခြေခံ စားကုန်အားလုံးနဲ့ အဝတ်လျှော်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ၊ သွားတိုက်ဆေး၊ ထီးစတဲ့ လူသုံးကုန်ပစ္စည်းတွေကို “အခြေခံ စားကုန်ဆိုင်” ဆိုတာတွေ ဖွင့်ပေးပြီး ငါးဦးကော်မတီလို့ခေါ်တဲ့ ရပ်ကွက်လူကြီးငါးဦးကို ရွေးချယ်ကာ အိမ်ထောင်စု လက်မှတ်နဲ့ ခွဲတမ်းချရောင်းပေးတယ်။ “အထည်အလိပ်ဆိုင်” တွေဖွင့်ပြီး အဝတ်အထည် တွေရောင်းပေးတယ်။ “ကုန်မျိုးစုံဆိုင်” ကြီးတွေဖွင့်ပေးပြီး လူသုံးအိမ်သုံး ပစ္စည်းမျိုးစုံရောင်းပေးတယ်။ “စားသောက်ကုန်နဲ့ အဖျော်ယမကာဆိုင်” ၊ “စက္ကူ၊ ဓာတ်ပုံပစ္စည်းနဲ့ ပုံနှိပ်ကိရိယာဆိုင်”၊ “စာအုပ်၊ ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာဆိုင်”၊ “ဆေးနှင့် ဆေးပစ္စည်းဆိုင်”၊ “လျှပ်စစ်ပစ္စည်းဆိုင်”၊ “တိရစ္ဆာန်အစားအစာဆိုင်”၊ “ယာဉ်နှင့် စက်ကိရယာပစ္စည်းဆိုင်”၊ “ဆောက်လုပ်ရေးပစ္စည်းဆိုင်”၊ အစရှိတဲ့ သီးသန့်ဆိုင် စုံတကာစေ့အောင်လည်း ဖွင့်ပေးတယ်။
ပြည်သူတွေ စားသုံးဖို့အတွက် အဲဒီလို အလျှံပယ်အောင် နိုင်ငံခြားကနေ တင်သွင်းပေးနိုင်ခဲ့တာဟာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာတော့ မြန်မာနိုင်ငံဟာ ဘဏ္ဍာရေးအင်းအား တောင့်ခဲ့တယ်။ ဘယ်လို တောင့်တင်းသွားသလဲ ဆိုတော့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးမှာ ကျောထောက်နောက်ခံအဖြစ် တင်သွင်းထားတဲ့ မြန်မာနိုင်ငံက ချမ်းသာသမျှ ရွှေတုံးတွေကို အဲဒီဘဏ်နဲ့ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပြီး ပြန်သယ်လာတယ်။ ဆူးလေးဘုရားလမ်းက ပြည်ထောင်စုဘဏ် (ယခု မြဝတီဘဏ်) မှာ စုပုံထားတယ်။ ဒီတော့ တော်လှန်ရေးကောင်စီအဖြစ် တက်မယ့် မြန်မာအစိုးရဟာ ကြွယ်ဝနေခဲ့တယ်။
အခြေခံ စားကုန်ဆိုင်တွေဆိုတာ စဖွင့်ခါစမှာ ငါးဦးကော်မတီ၊ နောက်ပိုင်း အိမ်ထောင်စု ကော်မတီဖွဲ့ပြီး ခွဲတမ်းစနစ်နဲ့ မိသားစု အိမ်ထောင်တစုချင်းဆီကို ဆန်၊ ဆီ၊ ဆား စတဲ့ စားသုံးကုန်တွေ အချိုးကျခွဲဝေ ဖြန့်ဖြူးရောင်းချပေးခဲ့တာပဲ။ အဲဒီမှာ စားသုံးဆီ မလောက်ငမှု ပြဿနာပေါ်တယ်။ မြန်မာတွေဟာ ဆီစားသုံးမှုဓလေ့ ကြီးမားနေပြီ ဆိုတော့ ခွဲတမ်းရတာနဲ့ မလောက်ဘူး။ ဒီတင် ဆင်းရဲသား မိသားစုတွေက ကုန်ဝယ်စာအုပ်နဲ့ ရတဲ့ခွဲတမ်းဆီကို ထုတ်ဝယ်ပြီး ပြန်ရောင်းကြတယ်။ ဒါနဲ့ အုပ်ဝယ်စာအုပ်တွေ လိုက်စု၊ လိုက်ဝယ်၊ တန်းစီပြီး လိုက်ထပ်။ ရသမျှ ပြန်ရောင်းဆိုတဲ့ ပုံစံဖြစ်လာလို့ အဲဒီခေတ်က ကုန်ဝယ်စာအုပ်ကို ဆီစာအုပ်၊ “ဆီလက်မှတ်” လို့ အမည်တခု ရခဲ့တယ်။ တန်းစီပြီး တိုးဝယ် တိုးရောင်းရာက အမြတ်ကလေး စားကြရလို့ တန်းစီတိုးစားစနစ် ပေါ်ပေါက်လာတယ်။ အဲဒီလို စားသုံးဆီကို အခြေခံ စားကုန်ကနေ တရားဝင်ရတဲ့ ခွဲတမ်းကို စာအုပ်ထပ် တန်းစီဝယ်ယူပြီး၊ ကောက်တဲ့လူဆီ တရားမဝင်ဈေးနဲ့ ပြန်ရောင်းတာကို မှောင်ခိုဈေးကွက်လို့ ခေါ်တယ်။
အိမ်ထောင်စု ကော်မတီတွေက လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်လာကြတယ်။ ဆိုင်ထိုင်နဲ့ ဆိုင်ဝန်ထမ်းတွေက ချင်တွယ်လို့ ပိုထွက်လာတဲ့ ပြည်ပိုဆန်တွေကို မှောင်ခိုထုတ်ရောင်းတယ်။ ပါတီကလာပ်စည်း ခေါင်းဆောင်တွေ၊ ပါတီစိတ် အတွင်းရေးမှူးတွေ၊ ရပ်ကွက်လုံခြုံရေးနဲ့ အာဏာပိုင်တွေက သိပြီး ဆိုင်ဝန်ထမ်းတွေကို အကျပ်ကိုင်တော့ ဝေစုခွဲပေးရတယ်။ ရသမျှ မှောင်ခိုထုတ်ကြတယ်။
မှောင်ခို အရှိန်ရလာတော့ မြို့နယ်ကုန်သွယ်ရေးက ဆိုင်တွေကို အဓိကကိုင်တဲ့ ဌာနခွဲမန်နေဂျာတွေ၊ ဦးစီးမန်နေဂျာတွေပါ ဆိုင်တွေဆီကရော၊ ဆိုင်မရောက်ခင်ပါ ကုန်ပစ္စည်းမျိုးစုံကို ပြည်ပို၊ ကိုက်ပိုတွေ ဆက်ကြေးတောင်းပြီး မှောင်ခိုထုတ်လာတယ်။ မြို့နယ်လုံခြုံရေး၊ အုပ်ချုပ်မှုကော်မတီ၊ ပါတီယူနစ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး စသူတွေဆီကို လာဘ်ထိုးတယ်။ အဲဒီလို ခွဲတမ်းပြင်ပ လုပ်ကွက်ကြောင့် ပုဂ္ဂလိက ဈေးဆိုင်တွေ၊ ခင်းရောင်းတဲ့ ဈေးကွက်တွေ ပေါ်လာပြီး အဲဒါကို မှောင်ခိုဈေးကွက်လို့ အမည်တွင်လာတယ်။ ဒါက ပြည်သူပိုင်ခေတ် စတင်ချိန် မြို့နယ်အဆင့်မှာ ဖြစ်ပေါ်လာတဲ့ မှောင်ခိုရဲ့ ဇာစ်မြစ်ပုံစံပါ။
ဗဟိုအဆင့်ဆိုရင်လည်း ရန်ကုန်မြို့မှာ ကုန်သွယ်ရေး ဝန်ကြီးဌာန လက်အောက်က ဗဟိုကုန်သွယ်ရေးဆိုတာ ရှိတယ်။ နောက်ပိုင်း ကုန်သွယ်ရေးဦးစီးဌာန၊ အခု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနလို့ ခေါ်တယ်။ ဗဟိုကုန်သွယ်ရေးက ကြီးကြပ်တဲ့ ကုန်သွယ်ရေး ကော်ပိုရေးရှင်းတွေကို လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေ ထွက်ကုန်ပစ္စည်း ကုန်သွယ်ရေး ကော်ပိုရေးရှင်းကနေ ထုပ်ပိုးထည့်သွင်း ပစ္စည်းကုန်သွယ်ရေး ကော်ပိုရေးရှင်းအထိ ကုန်ပစ္စည်းလိုင်းအလိုက် ၂၁ ခု တည်ထောင်ခဲ့တယ်။ ပြည်ပကနေ ကုန်ပစ္စည်းတွေကို ပြည်သူတရပ်လုံးအတွက် တင်သွင်းပေးရတဲ့ ကော်ပိုရေးရှင်းတွေ၊ ပြန်လည် ရောင်းချပေးရတဲ့ ကော်ပိုရေးရှင်းတွေ ရှိတယ်။
တိုတိုပြောရရင် ပါတီဗဟိုကော်မတီဝင်တွေ၊ နိုင်ငံတော် ကောင်စီဝင်တွေ၊ ဗဟို (ပြည်ထောင်စု) ဝန်ကြီးတွေ၊ ဗဟိုကုန်သွယ်ရေးနဲ့ ကော်ပိုရေးရှင်းကြီးတွေက လူကြီး တာဝန်ရှိ VIP ပုဂ္ဂိုလ်ကြီးတွေအတွက် သီးခြား ရောင်းပေးတဲ့ စနစ်ပေါ်လာတယ်။ မေတ္တာမွန်၊ ပဒုမ္မာ စတဲ့ သီးသန့်ဆိုင်ကြီးတွေ ဖွင့်ပေးရတယ်။ အဲဒီ သီးခြား သီးသန့်ဝယ်ယူရရှိတဲ့ လိုင်းပေါင်းစုံက ကုန်ပစ္စည်းတွေရဲ့ ဝယ်ဈေးက ကုန်သွယ်ရေးဈေး (တရားဝင်ဈေး) မို့ မှောင်ခိုပြန်ရောင်းတဲ့ဈေးရဲ့ ၁၀ ပုံ ၁ ပုံလောက်သာရှိတယ်။ ဒါ့ကြောင့် မှောင်ခို ပြန်ပြန်ရောင်းရာက မှောင်ခို ဈေးကွက်ကြီး အရမ်းကြီးထွား ကျယ်ပြန့်လာပါတော့တယ်။
စီးပွားရေးပညာရပ်မှာ မှောင်ခိုဈေးကွက်ဆိုတာ တရားမဝင် နည်းလမ်းနဲ့ ရောင်းဝယ်လုပ်ကိုင်တာ ဖြစ်ပေမယ့် တရားဝင် လုပ်ပိုင်ခွင့်ရှိတဲ့ ဈေးကွက်နဲ့ ချိတ်ဆက်ပြီး ဖြစ်ပေါ်လေ့ရှိတယ်။
ရန်ကုန်မြို့ကြီးမှာ ပထမတော့ ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး၊ သံဈေး၊ ညောင်ပင်လေးဈေး၊ သိမ်ဖြူဈေး၊ ပုစွန်တောင်ဈေး၊ ကြည့်မြင့်တိုင် ကမ်းနားဈေးစတဲ့ ဈေးကြီးတွေမှာ ဆိုင်တင်ရောင်းတဲ့ မှောင်ခိုကရတဲ့ ပစ္စည်းတွေကို စားသုံးသူ လူထုက ပြန်ဝယ်ကြတယ်။ နောက်တော့ လေဟာပြင်ဈေး၊ စိန်ဂျွန်းဈေးစတဲ့ မှောင်ခို ဈေးတွေ ကြီးထွားလာတယ်။
အခုပြောခဲ့တဲ့ မှောင်ခိုဈေးကွက်ဆိုတာ လုပ်ပိုင်ခွင့်ရသူ၊ အခွင့်ထူးခံခွင့်ရှိသူ၊ အာဏာပိုင်နဲ့ စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ မှောင်ခိုဈေးကွက်အကြောင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ မှောင်ခိုလမ်းကြောင်းကြီးတွေ ဖြစ်ခဲ့တယ်။ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မူဆယ်၊ တမူး၊ မောင်တော စတဲ့လမ်းကြောင်းတွေကနေ တဆင့်ဝင်လာတဲ့ ပစ္စည်းတွေကို ရန်ကုန်နဲ့ မန္တလေးမှာ ရောင်းဝယ်ဖောက်ကားကြတယ်။
အဲဒီ မှောင်ခိုလမ်းကြောင်းတွေကို မတားဆီး၊ မပိတ်ပင်နိုင်ဘူးလားလို့ မေးစရာ ရှိပါတယ်။
(၁) ဆိုရှယ်လစ် ပြည်သူပိုင်စီးပွားရေးကို အဲဒီခေတ်အစိုးရ မနိုင်ခဲ့ဘူး၊ ပြည်သူလူထုတရပ်လုံးရဲ့ စားဝတ်နေရေးကို ပုဂ္ဂလိက ကုန်သည်တွေ လုပ်ခွင့်ပိတ်ခဲ့တာမှာ ကုန်ပစ္စည်း ပြတ်လပ်၊ ရှားပါးကုန်တယ်။ ဒါ့ကြောင့် ပုဂ္ဂလိကရဲ့ တရားမဝင် ကုန်သွယ်မှုဖြစ်တဲ့ မှောင်ခိုကို အတိုင်းအတာတခုအထိ လွှတ်ပေးခဲ့ရတယ်။
(၂) မှောင်ခိုလမ်းကြောင်းကနေ ရှာဖွေဖမ်းဆီးရေးအဖွဲ့တွေဖွဲ့ပြီး မကြာခဏ အဖမ်းပြတယ်။ အများကြီး ဖမ်းမိတယ်။ ဖမ်းမိကုန်ပစ္စည်းတွေကို အကောက်ခွန်နဲ့အဖွဲ့က ကုန်သွယ်ရေးဌာနကို အပ်သင့်သလောက်အပ်တယ်။ ကုန်သွယ်ရေးက လူထုကို လူကြိုက်များပစ္စည်းတချို့ မဲဖောက်ရောင်းပြီး အများစုကို ကုန်သွယ်ဈေးနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ၊ အာဏာပိုင်အဖွဲ့က လူကြီးတွေကို ရွေးပေးတယ်။ ရရှိသူတွေက မှောင်ခိုဈေးကွက်ထဲ ပြန်ရောင်းတယ်။ မြက်မြက်ကလေး အမြတ်ရလို အဲဒီဖြစ်စဉ်အပေါ် သာယာနေပြီး မှောင်ခိုကို အပြတ်မရှင်းဘဲ ဆက်မွေးထားခဲ့တယ်။
(၃) မှောင်ခိုလုပ်ငန်းဆိုတာ တရားမဝင်တဲ့ ရောင်းဝယ်ရေးဖြစ်ပေမယ့် တရားဝင်ရောင်းဝယ်ရေးနဲ့ မျဉ်းပြိုင်ဖြစ်တယ်လို့ စီးပွားရေးပညာက ဆိုတယ်။ ကမ္ဘာတဝန်းလုံးမှာ အချိန်နဲ့အမျှ ၁ ဒသမ ၈ ဘီလီယံ (သန်း ၁၈၀၀) သော လူဦးရေဟာ မှောင်ခိုလုပ်ကိုင် ဒါမှမဟုတ် မှောင်ခိုဈေးကွက်နဲ့ ပတ်သက်နေတယ်လို့ ဆိုတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ မှောင်ခိုဟာ ဖယ်ထုတ်မရအောင် ကြီးမားပြီး အကျိုးပြုသင့်သလောက် ပြုနေတဲ့ ဈေးကွက်ဖြစ်နေတယ်။
(၄) မှောင်ခိုလုပ်ကိုင်နေတဲ့ ကူးသန်းရောင်းဝယ်သူ ကုန်သည်အင်အားစုဟာ ကြီးမားနေလို့ မှောင်ခိုကို အမြစ်ဖြုတ် ရပ်စဲနိုင်ရင်တောင် စားသုံးသူပြည်သူတွေရဲ့ စားဝတ်နေရေး အကျပ်ရိုက်သွားစေနိုင်တယ်။ စီးပွားရေးကို တာဝန်ယူ လုပ်ဆောင်နေတဲ့ အစိုးရဌာနဆိုင်ရာတွေလည်း အကျပ်အတည်းဖြစ်ပြီး ပုံမှန်ယူလုပ် ဆောင်နေတဲ့ စီးပွားရေးယန္တရားကြီး ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။
ဒီအဖြစ်တွေကြောင့် မြန်မာနိုင်ငံလို မှောင်ခိုမျိုးစုံဖြစ်ထွန်းနေတဲ့ နိုင်ငံမှာ မှောင်ခိုဟာ ဆက်လက် စိုးမိုးနေတာဖြစ်ပါတယ်။
လုပ်နိုင်တာတွေကတော့ မှောင်ခိုဈေးကွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အနှောင့်အယှက် မဖြစ်စေဖို့ သတိပြုပြီး အတင်းအလျှော့လုပ်ကာ လိမ္မာကျွမ်းကျင်စွာ ကိုင်တွယ်ရပါမယ်။ နယ်စပ်ကုန်သွယ်ရေးကို မထိခိုက်အောင် လုပ်ရပါမယ်။ မှောင်ခိုကြောင့် အစိုးရဝန်ထမ်းတွေ ရုပ်ပျက်ဆင်းပျက် အကျင့်ပျက်လာဘ်စးမှု မဖြစ်အောင် ထိန်းသိမ်းရပါမယ်။ မှောင်ခိုကို စစ်ဆေးဖမ်းဆီးတဲ့ ရှာဖွေဖမ်းဆီးရေးအဖွဲ့ (Mobile Team) တွေ ဆိုးဆိုးဝါးဝါး အဂတိမလိုက်စားအောင် လုပ်ရပါမယ်။ သိမ်းဆည်းရမိတဲ့ မှောင်ခိုကုန်ပစ္စည်းတွေကို ဘယ်လို ပြန်လည် ရောင်းချပေးတယ်ဆိုတ ပွင့်လင်း မြင်သာအောင် သတင်းထုတ်ပြန်ပေးရပါမယ်။
မှောင်ခိုဈေးကွက်ဆိုတာ ရှိနေမှာဖြစ်ပေမယ့် လိုအပ်သည်ထက် ပိုမကြီးထွားစေအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။