မြန်မာနိုင်ငံတွင် စက်ရုံ ၂ ခု တည်ဆောက် လုပ်ကိုင်လျက်ရှိသော အမေရိကန် အခြေစိုက် အထည်လက်လီရောင်း ကုမ္ပဏီ Gap က လုပ်ငန်းခွင် အခြေအနေ၊ ကျန်းမာရေးနှင့် လုံခြုံမှုအစရှိသည့် စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ သည်။
ယင်း စစ်ဆေး ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသော အမေရိကန်ကုမ္ပဏီများအနေနှင့် တာဝန် သိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ပြသရန် လိုသောကြောင့် မဖြစ်မနေ လုပ်ရမည့် လုပ်ဆောင်ချက်ဖြစ် သည်။
Gap ကုမ္မဏီက စီးပွားရေး ပိတ်ဆို့မှုကို ခေတ္တ ဆိုင်းငံ့ထားသည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ၎င်းတို့၏ Old Navy နှင့် Banana Republic အမှတ်တံဆိပ်များ အတွက် “မြန်မာပြည်တွင် ထုတ်လုပ်သည်” ဟူသော တံဆိပ်ပါရှိသည့် အကျႌနှင့် စွပ်ကျယ်များကို ပထမဦးဆုံးသော တင်ပို့ရောင်း ချသည့် အမေရိကန်ကုမ္မဏီ ဖြစ်သည်ဟု ဇွန်လအတွင်းက ထုတ်ပြန် ကြေညာခဲ့သည်။
ယခု “Responsible Sourcing in Myanmar” ဟုခေါင်းစဉ်ပါရှိသည့် အစီရင်ခံစာကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပေးပို့ခဲ့ပြီး ယင်းကို သံရုံးအင်တာနက် စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။
၎င်းအစီရင်ခံစာတွင် Gap ၏ မြန်မာ့နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို အကျယ်တဝင့် ဖော်ပြထားပြီး ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် International Labor Organization၊ အခြားသော အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများနှင့် လက်တွဲ လုပ်ကိုင်ခြင်းများ၊ ၎င်းတို့ Gap ကုမ္ပဏီ အတွက် အထည်များ ထုတ်လုပ်ပေးလျက် ရှိသော ရန်ကုန်ရှိ တောင်ကိုးရီးယားပိုင် အထည်စက်ရုံ ၂ ခုနှင့် ပတ်သက်သော အသေးစိတ် လေ့လာ အကဲဖြတ်ချက်များကို ထည့်သွင်း ဖော်ပြထားသည်။
ထိုသို့ အကဲဖြတ် လေ့လာရာတွင် အဆောက်အအုံနှင့် မီးဘေး အန္တရာယ်နှင့် ပတ်သက်သည့် လိုအပ်ချက်များ ကိုပါ စစ်ဆေးအကဲဖြတ်သွားခြင်း ဖြစ်ပြီး အလုပ်သမားများအား အန္တရာယ်ဖြစ်စေမည့် ခြိမ်းခြောက်မှုများ မတွေ့ရှိခဲ့ရ ဟု ဆို သည်။ ထိုစက်ရုံများနှင့် ပတ်သက်သည့် စာရင်းစစ်ခြင်းကို အလုပ်သမား အခွင့်အရေး အဖွဲ့အစည်း ဖြစ်သည့် Verite မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“နိုဝင်ဘာ ၂၀၁၃ မှာ ထုတ်ပြန်ခဲ့တဲ့ အကဲဖြတ် မှတ်တမ်း အပြည့်အစုံမှာ ကနဦး အနေနဲ့ စက်ရုံရဲ့ ကုန်ထုတ် စွမ်းအား အပေါ် ကြည့်ရှု အကဲဖြတ်ထားပြီး အဲဒီနောက်မှာတော့ တခြား အခက်အခဲ ဖြစ်နိုင်တာတွေကို စစ်ဆေးခဲ့ပါတယ်” ဟု Verite ၏ အစီရင်ခံစာက ဆိုပါတယ်။
Gap အတွက် ပြုလုပ်ခဲ့သော အကဲဖြတ် မှတ်တမ်းတွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအား အနိမ့်ဆုံး တရက် လုပ်အားခကို များစွာနှိမ်၍ ပေးသော နေရာများ ဖြစ်သည့် မြန်မာ့ အထည်စက်ရုံများ အကြောင်းကိုလည်း ထင်ဟပ်ပြလျက်ရှိသည်။
လက်ရှိ တွေ့မြင်နေရသော ဖြစ်ရပ်များက ၎င်း စက်ရုံ ၂ ခုလုံးတွင် ဝန်ထမ်း အလုပ်သမားများအား စည်းကမ်း ထိန်းသိမ်းရန် အတွက် ချမှတ်ထားသော မူဝါဒများ မရှိဘဲ ထိုအခြင်းအရာများက စည်းကမ်းနှင့်အညီ လုပ်ကိုင် နိုင်မှု မရှိခြင်းနှင့် ပြစ်ဒဏ်အတွက် ဒဏ်ငွေများ သတ်မှတ် ကောက်ခံခြင်း အစရှိသည့် အရာများကို ဖြစ်ပေါ်စေနိုင် ကြောင်း ရေးသားဖော်ပြထားသည်။
“အလုပ်သမားများက ၎င်းတို့ အထက်အရာရှိ အုပ်ချုပ်သူများဟာ နှုတ်ရေးဖြင့် ဆူပူခြင်း၊ မလိုအပ်တဲ့ ဆိုးရွားတဲ့ အပြုအမူများ ပြုလုပ်ခြင်းတို့ ပြုမူကြောင်း သတင်းပို့ကြတယ်။ ဖော်ပြခဲ့သလို နှုတ်ရေးဖြင့် ဆူပူပြောဆိုခြင်း ကဲ့သို့ ဖြစ်ရပ်တွေကို မျက်မြင် ကြုံတွေ့ နေရခြင်းများက စက်ရုံတခုထက် အခြား တခုက ပိုပြီး နေ့စဉ် ကြုံတွေ့ နေရပြီး မထူးဆန်းတဲ့ ဖြစ်ရပ်များကဲ့သို့ပင် ဖြစ်နေပြီ” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“တချို့ စက်ရုံတွေက Line Supervisor တွေ ရှင်းလင်းပြတ်သားတဲ့ ထုတ်ပြန်ချက်မျိုးတွေ မရှိဘဲ စည်းကမ်း ထိန်းသိမ်းရေးမှာ ပြစ်ဒဏ်ကြေး ကောက်ခံမှုများ လုပ်နေတာကိုတောင် တွေ့ရတယ်” ဟု လည်း အစီရင်ခံစာက ဆို သည်။
Gap က စာရင်းစစ်မှ ထိုစက်ရုံများအား စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်သည့် မူဝါဒများကို အသုံးပြုရန် မိတ်ဆက်ပေးခဲ့ပြီး အလုပ်သမားများ အပေါ် နှုတ်စကားဖြင့် ပြစ်တင်ဝေဖန်မှုများနှင့် မသင့်လျော်သော လုပ်ရပ်များ လွန်လွန်ကဲကဲ ပြုလုပ်တတ်သည့် အထက်အရာရှိ အုပ်ချုပ်သူများကို သင်တန်းပေး လေ့ကျင့်ပေးသည့် အစီအစဉ်များ စတင် လုပ်ဆောင်နေသည်ဟု ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Veritc ကလည်း အလုပ်သမားများမှာ အချိန်ပို အလုပ်ချိန်ကို ပုံမှန် ဆင်းနေရပြီး လုပ်အားခမှာမူ သင့်လျော်သော နှုန်းထားဖြင့် ပုံမှန်ပေးခြင်း မရှိကြောင်း ပြောဆိုထားသည်။
“အလုပ်ချိန်ဟာ အချိန်ပိုအပါအဝင် သတ်မှတ် ထားတဲ့ နာရီ ၆၀ ကို ကျော်လွန်နေတဲ့ အပြင် အလုပ်သမားတွေက တပတ်မှာ ပျက်ရက်တရက်မှ မယူကြပါဘူး။ နောက်တချက်က စက်ရုံ တခုမှာ အလုပ်သမားတွေကို အင်တာဗျူးခဲ့ တုန်းကဆိုရင် သူတို့တွေက အချိန်ပိုကို လုပ်အားပေး သဘောမျိုး ထင်နေကြတာကို တွေ့ခဲ့ရတယ်” ဟု အစီရင်ခံစာက ဆိုသည်။ ဆက်လက်၍ “အလုပ် သမားတွေက သူတို့ရဲ့ လုပ်အားခကို ဘယ်လိုတွက် ချက်ရမလဲ ဆိုတာ သေချာ နားမလည်ကြဘူး” ဟု ရေးသားထားသည်။
စက်ရုံများတွင် ကျန်းမာရေးနှင့် လုံခြုံရေး ကိစ္စ ရပ်များ နှင့်ပတ်သက်သည့် အရေးကိစ္စများ ကိုလည်း တွေ့ရှိရသည်။ အလုပ်သမားများမှာ လုံခြုံရေး ဝတ်စုံများ ဝတ်ဆင်အသုံးပြုရမည့် အချက်များကို ညွှန်ကြားခံထားရခြင်း မရှိဘဲ စက်ရုံများတွင် လုံလောက်သော လေဝင်လေထွက်များ မရှိသည်ကိုလည်း တွေ့ရှိရကြောင်း ဆိုသည်။
Gap က “စက်ရုံတွေမှာ လျှပ်စစ်၊ ဓာတုဗေဒ စတဲ့ အရာတွေနဲ့ ပတ်သက်တဲ့ လိုအပ်ချက် ပြဿနာတွေ ကိုလည်း တဆက်တည်း တွေ့ရပါတယ်။ အလုပ်သမားတွေကို ဓာတုဗေဒ ပစ္စည်းများ ကိုင်တွယ် အသုံးပြုနည်း ၊ လျှပ်စစ် ပစ္စည်း များကို ကောင်းမွန်စွာ ကိုင်တွယ် အသုံးပြုနည်းနဲ့ သတိပေးချက်လို အသိပညာ သတင်း အချက်အလက်တွေကို အကျွမ်းဝင်စေဖို့ သင်တန်းပေးတာမျိုး တွေလည်း မတွေ့ရပါဘူး”ဟု ရေးသားဖော်ပြခဲ့သည်။
အစီရင်ခံစာက ဆက်လက်ပြီး စာရင်းစစ် အဖွဲ့သည် စက်ရုံများတွင် ကလေးသူငယ်များ အလုပ်သမား အဖြစ် လုပ်ကိုင် နေရသည့် အချက်နှင့် ပတ်သက်၍ သက်သေမရှိဟု ရေးထားသည်။ သို့သော်လည်း စက်ရုံ ၂ ခုလုံးသည် အသက် မပြည့်သေးသော ကလေးလုပ်သားများကို ယခင်က အသုံးပြုဖူးခဲ့ပြီး စာရင်းစစ်သော အချိန် အထိ အသက် ကန့်သတ်ချက်နှင့် ပတ်သက်သော လုပ်ဆောင်ချက်များ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ထားခြင်း မရှိကြောင်း ဆိုသည်။
စာရင်းစစ်ချိန်မှ စတင်၍ ၎င်းတို့ စက်ရုံများ အနက်မှ တခုမှာ လုပ်ငန်း လုပ်ကိုင်သူတို့ လိုက်နာ ကျင့်သုံးရမည့် စည်းမျဉ်း စည်းကမ်းများကို လုံလောက်သည့် အနေအထားဖြင့် လိုက်လျောညီထွေ ကျင့်သုံးလာနေသည်ကို တိုးတက်မှု အဖြစ် မြင်တွေ့ရသည်ဟုလည်း Gap က ဆိုသည်။ အခြားသော အချက်မှာ အဓိက ပြုပြင်ရမည့် အချက်များ ကျန်ရှိ နေသေးသော်လည်း အလုပ်ခွင် အနေအထားနှင့် စက်ရုံတွင်း လုံခြုံရေး ကိစ္စရပ်များ တိုးတက်မြှင့်တင် လျက်ရှိသော လုပ်ငန်းစဉ်များ လုပ်ကိုင်လျက် ရှိနေပြီ ဟုလည်း ဖော်ပြထားသည်။
Gap မှ တင်သွင်းသော အစီရင်ခံစာက “ရလဒ်ကောင်းတွေ စဉ်ဆက် မပြတ် ဖြစ်ပေါ်နေဖို့၊ တိုးတက်မှုတွေ မျက်ခြည်ပြတ် မသွားဖို့၊ ကျနော်တို့ ရည်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီဖို့၊ လိုအပ်ချက်တွေ ရှိနေသေး ပါတယ်။ သို့ပေမယ့် Vertie ဘက်က ပထမဆုံးအနေနဲ့ စစ်ဆေးကောက်ယူထားတဲ့ စာရင်းတွေကို နိုဝင်ဘာ၊ ၂၀၁၃ မှာ စတင် ဖော်ပြ ခဲ့ပြီးတဲ့အချိန်က စပြီး၊ စက်ရုံတွေက မြင်သာဖွယ်ဖြစ်တဲ့ လုပ်ငန်းခွင်နဲ့ လုပ်ငန်းခွင်မှာ အရေး ပါတဲ့ အချက်တွေကို စတင် ပြုပြင် လုပ်ဆောင်တာ တွေ့မြင်ရပြီး၊ ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ လိုက်လျောညီထွေ လုပ်ကိုင်လာတာကိုလည်း တွေ့ ရပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။
Gap ကုမ္မဏီသည် မြန်မာပြည်တွင် အလုပ် နေရာပေါင်း ၇၀ဝ ကျော်ကို ဖန်တီး ပေးထားလျက် ရှိပြီး ၎င်းထံမှ အထည် အမှာစာများသည် အလုပ် သမားပေါင်း ၄၀ဝ၀ ဝန်းကျင်၏ အလုပ်ကို အထောက်အကူ ပေးနိုင်လိမ့်မည် ဖြစ်သည် ဟု ဆိုသည်။ စက်ရုံ ၂ ခု၏ အမည်ကိုမူ ဖော်ပြရေးသားထားခြင်း မရှိပေ။ ။