မြန်မာကျပ်ငွေတန်ဖိုးသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းလျက်ရှိပြီး အမေရိကန်ဒေါ်လာ နှင့်မြန်မာ ငွေလဲ လှယ် နှုန်းထားတွင် အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ တထောင်နီးပါးထိ ပြန်လည်ရောက်ရှိလာ ကြောင်း သိရှိရ သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှင့်မြန်မာငွေ လဲလှယ်နှုန်းထားကို နေ့စဉ် ရည်ညွှန်းငွေလဲလှယ်ဈေးနှုန်း ထုတ်ပြန် ပေးပြီးနောက် တည်ငြိမ်ခဲ့သော ငွေလဲလှယ်နှုန်းထားများသည် စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်၍ အပြောင်း အလဲ ဖြစ်ပေါ်လာကြောင်း၊ အဓိကအားဖြင့် ကမ္ဘာ့ရွှေဈေးထိုးကျပြီးနောက် မြန်မာငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ် နှုန်း ထားများ အပြောင်းအလဲဖြစ်ပေါ်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာကြောင်း၊ စက်တင်ဘာ၁၈ ရက်နေ့က အမေရိကန် တဒေါ်လာလျှင် ၉၇၀ ကျပ်ကျော်ရှိရာမှ စက်တင်ဘာလ ၂၂ရက်နေ့တွင် အမေရိကန်တဒေါ်လာ ၉၈၀ ကျပ် ကျော် အထိ ရောက်ရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန်တဒေါ်လာ မြန်မာကျပ်ငွေ ၉၉၄ ကျပ်ထိ ဈေးပေါက်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာရခြင်းမှာ စီးပွားရေးဆိုင်ရာ အကြောင်းအရာများစွာ နှင့်ဆက်စပ်နေပြီး အထူး သဖြင့် ပြည်တွင်းသို့ နိုင်ငံခြားသွင်းကုန် အမြောက်အမြား တင်သွင်းနေမှုနှင့်လည်း သက်ဆိုင်ကြောင်း၊ သွင်းကုန် တင်သွင်း ရန် အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားလာသဖြင့် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာကြောင်း စီးပွားရေး ပညာရှင် တချို့က သုံးသပ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကြံပေး ဒေါက်တာမောင်အောင်က “ဒီမှာက ကုန်သွယ်ရေး လိုငွေပြတယ်ပေါ့။ သွင်းကုန်တွေ များတဲ့အတွက် ဒေါ်လာတန်ဖိုး တက်လာတယ်။ တဖက်ကကြည့်ရင် ပို့ကုန်တွေ ပို့နိုင်ဖို့အတွက် ဆွဲဆောင်မှုတရပ်ပဲ။ ကျပ်ငွေပျော့မှ ကိုယ့်တိုင်းပြည်ပို့ကုန်များများ တင်ပို့လို့ရမှာ။ ဒါကြောင့် ဒေါ်လာ ငွေတန်ဖိုးတက်တာ များများထိခိုက်စရာ အကြောင်းမရှိဘူးပေါ့။ ဒါပို့ကုန်တိုးတက်ဖို့ ဆွဲဆောင်မှုတရပ်ပဲ”ဟု သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ပြည်ပမှ တင်သွင်းသော သွင်းကုန်တန်ဖိုးပမာဏက မြန်မာ့ပို့ကုန်တန်ဖိုးပမာဏထက် များပြားနေပြီး ယင်းသို့ သွင်းကုန်ပမာဏ များပြားခြင်းကြောင့် ကုန်သွယ်ရေးလိုငွေပြမှု ကြီးမားနေကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန် ဒေါ်လာ ၃ဘီလီယံကျော်ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ် လက်ရှိကာလတွင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် ကုန်သွယ်ရေး လိုငွေပြလျက်ရှိကြောင်း အစိုးရထုတ်ပြန်သော စာရင်းဇယားများ အရ သိရှိရသည်။
လက်ရှိအချိန် မြန်မာနိုင်ငံတွင် အဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ သွင်းကုန်ပစ္စည်းတင်သွင်းမှု အထူး များပြား နေကြောင်း၊ အထူးသဖြင့် အိမ်ရာဆောက်လုပ်မှုနှင့် ဟိုတယ်ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံ အပါအဝင် ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းများ အတွက် တင်သွင်းခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေဝင်တာက ကိုယ့်နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးမှုကို အရမ်းအရေးပါတယ်။ အဲ့ဒါတွေမရှိဘဲနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အခြားတည်ဆောက်မှုလုပ်ငန်းတွေ လုပ်လို့မရဘူး”ဟု စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ရှင်းပြသည်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် စက်သုံးဆီ အပါအဝင် ပြည်ပမှ တင်သွင်းသည့် သွင်းကုန်ဈေးနှုန်းများ မြင့်တက် လာနိုင်ပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ဖြစ်ပေါ်စေနိုင်သည်ဟု စီးပွားရေးပညာရှင်တချို့က သတိပေးသည်။
စီးပွားရေးပညာရှင်ဒေါက်တာအောင်ကိုကိုက “ပို့ကုန်အမျိုးအစား၊ပို့ကုန်ရငွေက မတက်ဘဲနဲ့ ကုန်ဈေးနှုန်းက တက်တယ် ဆိုရင်တော့ မကောင်းဘူးပေါ့။ ပို့ကုန်မတက်ဘဲ ကုန်ဈေးနှုန်းသာ တက်သွားမယ်ဆိုရင်တော့ အဆင် မပြေဘူး။ ပုဂ္ဂလိကဘက်က သွင်းကုန်အတွက်လိုအပ်တဲ့ ငွေကို ပြင်ပဈေးကွက်ကနေပြီးတော့ ဖြည့်နေရတဲ့သဘောရှိတယ်” ဟု ရှင်းပြသည်။
ပို့ကုန်လုပ်ငန်းရှင် တဦးဖြစ်သည့် မြန်မာနိုင်ငံ ပုဇွန်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးနှင်းဦးက “ပစ္စည်းတွေ သွင်းတာ များလာတော့ ဒါတွေသွင်းဖို့ရာ ဒေါ်လာ လိုက်ရှာရတာပေါ့။ ဈေးကွက်ထဲမှာ ဒေါ်လာလိုလာလို့ ရှာရတဲ့အခါ ဈေးတက် တာပေါ့။ တက်ဦးမှာပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီလိုပါပဲ။ ဖွံ့ဖြိုးဖို့အတွက် ပစ္စည်းက မရှိတော့ ဝယ်ရတာ ပေါ့။ တိုးတက်ဖို့ ဆိုတဲ့နေရာမှာ ဒီလိုအပ်ချက်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ မရနိုင်ဘူး။ဘာပဲလုပ်လုပ် အကုန် ဝယ်ရတာ”ဟု ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် FEC ငွေကြေးကို ပြန်လည်ရုပ်သိမ်းခြင်း၊ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထား ဈေးကွက်ပေါက်ဈေးအလိုက် နေ့စဉ် တရားဝင်ထုတ်ပြန်ပေးခြင်း၊ ငွေလဲလှယ်ရေးလုပ်ငန်းလိုင်စင် များ ချထားပေးခြင်းအပါအဝင် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲတချို့ လုပ်ဆောင်ခဲ့သည်။