ရခိုင်ပြည်နယ်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် (SEZ) အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး တွင် ရင်းနှီး မြှုပ်နှံ လုပ်ကိုင်မည့် ကုမ္ပဏီများ ရွေးချယ်ရန် ခေါ်ယူခဲ့ရာ မြန်မာကုမ္ပဏီ ၁ခု အပါအဝင် ပြည်တွင်းပြည်ပ ကုမ္ပဏီ စုစုပေါင်း ၁၂ခု လျှောက်ထားကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါ ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အနေဖြင့် အထူးစီးပွားရေးဇုန် ဆောက်လုပ် ရေး အတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများကို လျှောက်လွှာအဆိုပြု ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၁၂ ခု လျှောက်ထားလာကြောင်း၊ လျှောက်ထားသော ကုမ္ပဏီ ၁၂ ခုတွင် ၁၁ ခုမှာ နိုင်ငံတကာ ကုမ္ပဏီများဖြစ်ပြီး ကျန် ၁ ခုမှာ မြန်မာ ကုမ္ပဏီတခုဖြစ်ကြောင်း၊ ကုမ္ပဏီ၁၂ ခုထဲမှ စီမံကိန်း တည်ဆောက်ရေးအတွက် ကုမ္ပဏီ ၃ခုကို ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူး စီးပွားရေး ဇုန် တည်ဆောက်ရေး လျှောက်ထားသော အဆိုပါကုမ္ပဏီ ၁၂ ခု၏ အမည်များ ကို လတ်တလော ထုတ်ဖော် ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း ယင်းအဖွဲ့၏ အတွင်း ရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။
“လက်ရှိမှာ လျှောက်ထားတဲ့ ကုမ္ပဏီ ၁၂ခု ရှိတယ်။ ကုမ္ပဏီတွေက ဒေသတွင်းတင်မကဘူးပေါ့။ နိုင်ငံတကာ ကုမ္ပဏီတွေ ပါတယ်။ တချို့ဆိုရင် ကုမ္ပဏီ ၅ခု ၊ ၆ခုပေါင်းပြီး လျှောက်ထားတယ်။ ပြည်တွင်းကလည်း တခုပါတယ်”ဟု ဦးအောင်ကျော်သန်း က ဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကုမ္ပဏီ ၃ ခု ရွေးချယ်မှုကို လာမည့် ဒီဇင်ဘာလ ကုန်ပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော ကုမ္ပဏီစာရင်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်သွားမည် ဖြစ် ကြောင်း သိရှိရသည်။
ကျောက်ဖြူအထူးစီးပွားရေး တည်ဆောက်ရေးအတွက် ကုမ္ပဏီ ၃ ခုရွေးချယ်ရာတွင် စီမံကိန်းအလိုက် ရွေးချယ်မည်ဖြစ်ပြီး ဆိပ်ကမ်းစီမံကိန်း၊ စက်မှုလုပ်ငန်း စီမံကိန်း နှင့် လူနေအိမ်ရာ စီမံကိန်းများအတွက် ကုမ္ပဏီ တခုချင်းစီအလိုက် ရွေးချယ် တာဝန် ပေးအပ်သွားရန်ရှိသည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ဇူလိုင်လအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို စီမံကိန်း ဖော်ဆောင်ရေး ပထမအဆင့် အဖြစ် စင်င်္ကာပူ နိုင်ငံ အခြေစိုက် အကြံပေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၂ သန်းခွဲဖြင့် ငှားရမ်းခဲ့ပြီး ယခုအခါ ရင်းနှီးတည်ထောင်သူ Developer ကုမ္ပဏီကို ရွေးချယ်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယခင်က ကျောက်ဖြူ အထူး စီးပွားရေးဇုန်ကို ဧက ၁၀၀၀ ဖြင့် စတင် အကောင်အထည် ဖော်မည်ဟု သတ်မှတ်ခဲ့ သော် လည်း ယခုအခါ ဧက ၄၀၀၀ ကို စတင် အကောင်အထည် ဖော်သွားမည်ဟုလည်း စီမံခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်း၏ အဆိုအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိအချိန်တွင် သီလဝါ အထူး စီးပွားရေး ဇုန်တခုသာ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်သည့် အခြေအနေရှိပြီး ထားဝယ် အထူး စီးပွားရေး ဇုန် စီမံကိန်း မှာမူ စီမံကိန်းများဆက်လက် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းနေသည့် အခြေအနေရှိ ကြောင်း သိရှိရသည်။