ပဲ အရောင်းအဝယ် လောကတွင် ငွေကျပ် သိန်းသောင်းချီ အရောင်းအဝယ် အရှုတ်အရှင်းတခု ထပ်မံဖြစ်ပွားလျက်ရှိပြီး ငွေကြေး ပေး ရမည့် ကုမ္ပဏီမှာ လက်ရှိအချိန်အထိ ရှောင်တိမ်းနေကြောင်း သတင်းရသည်။
ကြိုပွိုင့်ဖြင့် ဝယ်ယူသော အဆိုပါကုမ္ပဏီမှာ ပဲဈေးနှုန်း ရုတ်တရက် အတက်အကျ ကြမ်းသည့် အချိန်တွင် ပေးရန်ရှိသည့် ပမာဏ ကို လည်း မပေး၊ ဝယ်ထားသည့် ပဲကိုလည်းမသိမ်းဘဲ ယခုကဲ့သို့တိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
“ဈေးနှုန်းအတက်အကျ အရမ်းကြမ်းတဲ့အပေါ်မှာ ကွာဟချက်က အရမ်းကြီးသွားပြီး အခုလိုဖြစ်သွားတာ။ စာချုပ်ကတိကဝတ် ပျက်ကွက်မှုပါ။ ဒါပေမယ့် ဈေးနှုန်းကွာဟချက်ကို ရောင်းသူကတော့ ခံလိုက်ရတာပေါ့။ ကွန်တိန်နာအလုံး ၁၀၀ ကျော်၂၀၀ ဝန်းကျင် လောက် ရှိမယ်”ဟု ၎င်းက ပြောပြသည်။
ပဲဈေးမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၁ တန်လျှင် ကျပ် ၈သိန်းကျော် ရောက်ရှိခဲ့ပြီး ယခုအချိန်တွင် တတန်လျှင် ၆ သိန်းကျော် ကျော်သာ ရှိတော့ရာ ကွာဟချက်မှာ များပြားသွားသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။
ပဲအရောင်းအဝယ် လောကသား လုပ်ငန်းရှင် တဦးဖြစ်သည့် ကိုပြုံးချိုက“ကွန်တိန်နာ အလုံး ၁၀၀နဲ့ ၂၀၀ ကြားဆိုတော့ ဈေးနဲ့ ပျမ်း မျှ တွက်ရင် သိန်း ၂ သောင်းနဲ့ ၄ သောင်းကြား အရောင်းအဝယ် လုပ်တာမှာ အကျဈေးကြောင့် ဟသွားတဲ့ပမာဏကို စိုက်မရှင်း ပေး နိုင်တဲ့ သဘောပါ”ဟု ပြောသည်။
ယခုဖြစ်စဉ်မှာ နိုင်ငံခြားကုမ္ပဏီနှင့် အရောင်းအဝယ် ပြဿနာဖြစ်ခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်း ကြိုပွိုင့်ဝယ်ယူမှုများကြား ဖြစ်ပွား ခဲ့ခြင်းပင် ဖြစ်သည်။
အဆိုပါ ကုမ္ပဏီမှာ ပြဿနာဖြစ်သည့် စက်တင်ဘာ ၁၅ ရက်မှ စ၍ တိမ်းရှောင်နေရာ ယခုအချိန်တွင် ၁၀ ရက်ကျော်ရှိနေပြီဖြစ်ကြောင်း၊ ပဲနှမ်းအသင်း အနေဖြင့် ပြန်လည်လာရောက် ဖြေရှင်းရန် စောင့်ဆိုင်းနေဆဲဖြစ်သည့် အတွက် ကုမ္ပဏီ အမည်ကို ထုတ်ဖော် ပြော၍ မရသေးကြောင်း ဦးမင်းကိုဦးက ပြောသည်။
၎င်းက“ကျနော်တို့က စောင့်နေတာပါ။ ပြန်လာပြီး မဖြေရှင်းခဲ့ဘူးဆိုရင်တော့ ကုန်စည်ဒိုင်အဖွဲ့ဝင် ၊ ပဲနှမ်း အသင်းဝင်ကနေ ထုတ် ပယ်တဲ့ အဆင့်ထိ ရောက်မှာပေါ့။ Black List လုပ်တယ် ခေါ်မှာပေါ့”ဟုလည်း ပြောဆိုသည်။
ပဲအရောင်းအဝယ်လောကတွင် ငွေရေးကြေးရေး အရှုတ်အရှင်းများ ယခင်ကလည်း ဖြစ်လေ့ရှိပြီး ပြီးခဲ့သည့် မေလဆန်း ကလည်း နိုင်ငံခြားကုမ္ပဏီများနှင့်ပါ ဆက်စပ်ပြီး မိုးသက် ပဲကုမ္ပဏီတွင် ဖြစ်ပွားခဲ့သေးသည်။
အဆိုပါ မိုးသက် ကုမ္ပဏီ ကိစ္စတွင် မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များ အသင်းသာမကဘဲ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနကပါ ဝင်ရောက်ဖြေရှင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။
လက်ရှိမြန်မာနိုင်ငံ ပြည်ပ ပဲတင်ပို့မှု၏ ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံ တနိုင်ငံတည်းကသာ ဝယ်ယူနေခြင်းဖြစ်ပြီး ပဲပြည်ပ တင်ပို့မှုဈေးကွက်မှာလည်း ရောင်းသူဈေးကွက် မဟုတ်ဘဲ ဝယ်သူဈေးကွက်သာ ဖြစ်နေသည့် အခြေအနေ ဖြစ်ကြောင်း သိရ သည်။