ရန်ကုန်မြို့မှ အများပြည်သူသုံး ဘတ်စ်ကား အားလုံးနီးပါးနှင့် အငှားယာဉ် အမြောက်အများက အသုံးပြုနေသည့် သဘာ၀ ဓာတ်ငွေ့ (CNG) ဈေးနှုန်းများကို ၁၀၀ ရာခိုင်နှုန်းမြှင့်တင်မည် ဖြစ်သော်လည်း လာမည့်နှစ် အတွင်း အချိန်အတိုင်း အတာ တခု အထိ တိုးမြှင့်ဖွယ်မရှိ သေးဟု မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တာဝန်ရှိသူ တဦးပြောသည်။ ဈေးနှုန်းမြှင့်တင်ခြင်းကို အောက်တိုဘာလ ၁ရက်နေ့တွင် စတင်မည်ဟု ပြည်တွင်းမီဒီယာများတွင် ရေးသား ဖော်ပြနေခြင်း များကိုလည်း သူက ပယ်ချခဲ့သည်။
CNG ဈေးနှုန်းများ လာမည့်လမှ စတင်၍ ၂ ဆ ဖြစ်သွားလိမ့်မည်ဟု ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း စွမ်းအင် ဝန်ကြီးဌာနက အဆိုပါသတင်းများကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ညင်းပယ်ခဲ့သည်။ လောင်စာ ဈေးနှုန်းများ ပြောင်းလဲခြင်းမှန်သမျှကို ပြည်သူလူထုသို့ ကြိုတင်အသိပေးပြီးမှသာ ဆောင်ရွက်မည်ဖြစ်သည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။
စွမ်းအင် ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အရာရှိ တဦးက လောင်စာ ဈေးနှုန်းကို ၂ ဆ မြှင့်တင်ရန် ဝန်ကြီးဌာနသို့ ယခုနှစ် အစောပိုင်းက အဆိုပြုတင်ပြထားခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုသို့ တင်ပြရခြင်းမှာ လက်ရှိအချိန်၌ CNG ကို တာဝန်ယူရောင်းချပေးနေသည့် အစိုးရပိုင် MOGE အနေဖြင့် အရှုံးပေါ်နေသောကြောင့်ဟု ဆိုသည်။
“ကျနော်တို့က CNG ကို လက်ရှိ ဓာတ်ဆီဈေးနှုန်းထက် ၄ ဆလျှော့ပြီး ရောင်းပေးနေပါတယ်။ ဒါကြောင့် ၂ ဆ တိုးဖို့ စီစဉ် ခဲ့တာပါ” ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိက ပြောသည်။
လက်ရှိ CNG ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ်ခန့် ဖြစ်သည်။
“စွမ်းအင် ဝန်ကြီးဌာနက ဈေးနှုန်းမြှင့်ဖို့ အဆိုပြုလွှာကို လွှတ်တော်ကို တင်သွင်းပါမယ်။ အဲဒီနောက်မှာမှ ဈေးမြှင့်မှာ ဖြစ် ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ဈေးမတက်ပါဘူး။ နှစ်ကုန်ဖို့ အချိန်သိပ်မကျန်တော့ဘူး။ နောက်ပြီး ဝန်ကြီးဌာန ကလည်း ဈေးနှုန်းတိုးမြှင့်ဖို့ အဆိုပြုလွှာကို လွှတ်တော်ကို အခုထ ိမတင်သွင်းရသေးပါဘူး” ဟု MOGE မှ တာဝန်ရှိသူ ကပြောသည်။
အငှားယာဉ်မောင်းသူ တဦးဖြစ်သော ဦးဝင်းရှိန်က CNG ဈေးနှုန်းများ ၂ ဆတက်သွားလျှင် ဓာတ်ငွေ့သုံး အငှားယဉ်များနှင့် ဓာတ်ဆီသုံး အငှားယာဉ်များကြားတွင် ယဉ်စီးခများ ကွာခြားမှု နည်းပါးသွားလိမ့်မည်ဟု ပြောသည်။ လက်ရှိအချိန်တွင် ဓာတ်ငွေ့သုံး အငှားယာဉ်များက ဓာတ်ဆီသုံး အငှားယာဉ်များထက် ယာဉ်စီးခ သိသိသာသာ သက်သာနေသည်။
“ဓာတ်ဆီသုံးတဲ့ အငှားယာဉ်တွေက ယာဉ်ကြောကျပ်တဲ့ မြို့လယ်လိုမျိုးနေရာတွေကို ရှောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်ကြောကျပ်လို့ အချိန်ပိုကုန်ရင် ဓာတ်ဆီအတွက် ပိုက်ဆံပိုကုန်တယ်လေ။ တကယ်လို့ CNG ဈေးနှုန်းတွေ ၂ ဆ တက်သွားရင် ကျနော်တို့လဲ ယာဉ်ကြောပိတ်တဲ့ နေရာတွေကို ရှောင်ရတော့မယ်” ဟု သူက ပြောသည်။
ယခုအချိန်တွင် သူ၏ CNG ဓာတ်ငွေ့အိုးကို ဖြည့်ရန်အတွက် တနေ့ ငွေ ၅၀၀၀ ကုန်သည်ဟု ဦးဝင်းရှိန်ကဆိုသည်။ ဓာတ် ဆီသုံး အငှားယာဉ်များက လောင်စာ အတွက် နေ့စဉ် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ် အထိ သုံးစွဲကြရသည်။
“တကယ်လို့ ၂ ဆ ဖြစ်သွားပြီဆိုရင် ကျနော်တို့လည်း ဓာတ်ငွေ့အတွက် တနေ့ကို ၁၀၀၀၀ ပေးရတော့မယ်” ဟု သူကပြော သည်။ CNG အတွက် တနေ့လျှင် ၁၆၀၀၀ ကျပ်ခန့်အထိ သုံးစွဲနေရသည့် ခရီးသည်တင် ဘတ်စ်ကားများ အပေါ်တွင်လည်း သက်ရောက်မှု ရှိလိမ့်မည်ဟု သူက ထပ်ပြောသည်။
“ဘတ်စ်ကားခ တွေလည်း တက်သွားလိမ့်မယ်” ဟု ဦးဝင်းရှိန်က ဆိုသည်။
MOGE က တနိုင်ငံလုံးတွင် ဓာတ်ငွေ့ အရောင်းဆိုင် ၄၅ ခုဖွင်လှစ်ပြီး CNG ရောင်းချပေးနေသည်။ ရန်ကုန်တွင် အရောင်း ဆိုင် ၄၀ ရှိပြီး ကျန် ၅ခုမှ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မန္တလေး မြို့ တဝိုက်တွင်ရှိသည်။ မော်တော်ယာဉ်များကို CNG သုံး အဖြစ်သို့ ပြောင်းလဲရေး အစီအစဉ်ကို ၁၉၈၆ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံတကာ ရေနံဈေးနှုန်းများ မြင့်တက်လာမှု နှင့် လိုက်လျောညီထွေ ဖြစ်စေရန် အတွက် ၂၀၀၄ ခုနှစ်တွင်ပြန်လည်စတင်ခဲ့သည်။ ထောင်နှင့် ချီသော ဘတ်စ်ကားများ၊ အငှားယာဉ်များနှင့် အခြား ယာဉ်များ အစိုးရ၏ ညွှန်ကြားမှုဖြင့် CNG သုံး အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။
ပြည်တွင်းတွင် CNG ဈေးနှုန်းများ ၂ ဆဖြစ်ရန် ရှိနေသော်လည်း ထိုသို့တိုးမြှင့်လိုက်ခြင်းသည် အခြားသောနိုင်ငံများနှင့် နှိုင်းစာလျှင် သက်သာနေသေးသည်ဟု MOGE မှ တာဝန်ရှိသူက ဆိုသည်။ စင်္ကာပူ၊ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် ၁ ကီလိုဂရမ်လျှင် မြန်မာကျပ်ငွေ ၁၀၀၀ ကျော်နှင့် ညီမျှသော ဈေးနှုန်းဖြင့် ရောင်းချနေသည်ဟု သိရသည်။
“သူတို့တွေက CNG ကို နိုင်ငံခြားက တင်သွင်းနေရတဲ့ အတွက် ဈေးနှုန်းက ပိုပြီးမြင့်နေတာပါ” ဟု သူကပြောသည်။
CNG ပြောင်းလဲရေး အစီအစဉ်ကို စတင်စဉ်က မြန်မာနိုင်ငံ၏ အရန် CNG က နှစ် ၉၀ စာရှိနေကြောင်းအစိုးရက ပြောကြား ခဲ့ပြီး ဒေသတွင်းပေါက်ဈေးထက် အတော်လေးနိမ့်ကျသည့် ဈေးနှုန်းဖြင့် ရောင်းချခွင့်ပြုခဲ့သည်ဟု အငှားယာဉ်မောင်းသူ ဦး ဝင်းရှိန်က ဆိုသည်။
“သူတို့က ၁ ကီလိုဂရမ်ကို ၅၄ ကျပ် ဝန်းကျင်လောက်နဲ့ စပြီးရောင်းပေးခဲ့တယ်။ နောက်ပိုင်းကျတော့ ၅ ဆ တိုးပြီး ၂၇၃ ကျပ် အထိဖြစ်လာတယ်” ဟု သူက ထပ်ပြောသည်။
၂၀၀၈ ခုနှစ်အထိ CNG လောင်စာသုံးအဖြစ် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၂၆၈၄၈စီး ရှိသည်ဟု MOGE မှဆို သည်။ နောက်ပိုင်းတွင် မော်တော်ယာဉ်များ CNG သုံးအဖြစ် ပြောင်းလဲခြင်းကို အစိုးရက ရပ်နားထားခဲ့သည်။ ၂၀၁၃ အတွင်းက ဘတ်စ်ကား ၂၈၉ စီးကိုသာ ပြောင်းလဲရန် တကြိမ်ခွင့်ပြုခဲ့သည်ဟု သိရသည်။