မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်နိုင် ရေး ဆွေးနွေးပွဲ တခုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့ရာ စီးပွားရေးထက် မြန်မာ့နိုင်ငံရေးကသာ အရိပ်မိုးနေခဲ့သည်။
အမေရိကန်ရှိ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံတွင်း ငွေကြေးနှင့် ဘဏ် လုပ်ငန်း၊ စက်မှုကုန် ထုတ်လုပ်ငန်းနှင့်အကြီးစား စက်ရုံ အလုပ်ရုံလုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ စွမ်းအင်နှင့် မိုင်း တူးဖော်ရေး လုပ်ငန်း၊ နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အခြေခံအဆောက်အဦ ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး မြန်မာဘက်မှ ရည်ရွယ်ခဲ့ကြောင်း သိရသည်။
သို့သော် အခက်အခဲများက နှစ်နိုင်ငံကြား ဖြေရှင်းရန် မြောက်မြားစွာ ကျန်ရှိနေသေးသည်။ အဓိကပြဿနာမှာ ခေါင်းနှင့် ပန်းသဖွယ်ဖြစ်နေသော မြန်မာ့နိုင်ငံရေးနှင့် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အစောဆုံးရင်းနှီးမြှုပ်နှံသူများထဲမှ တဦးဖြစ်ပြီး လူမှုရေးပြုပြင်ပြောင်းလဲမှုတွင်လည်း လှူဒါန်းနေသူ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဂျော့ချ်ဆိုရော့စ်က ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ မတိုင်မီ ပြုပြင်ပြောင်းလဲ ရေးများ အရှိန်ကျသွားသည့်အတွက် သူ့အနေဖြင့် အခက်တွေ့ခဲ့ရသည်ဟု ပြောကြောင်း သိရသည်။
အမေရိကန်အစိုးရအနေဖြင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆိုင်းငံ့ပေးသော်လည်း လုံးလုံးလျားလျား ရုပ်သိမ်းပေး ခြင်း မဟုတ်သည့် အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (Office of Foreign Asset Control – OFAC)မှ ချမှတ်ထားသော ဥပဒေများကြောင့် မြန်မာ့စီးပွားရေးတွင် ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။
OFAC က အထူးကန့်သတ်ထားသည့် နိုင်ငံသားများစာရင်း (SDN) ကို ဆက်လက်ထားရှိဆဲဖြစ်သည်။ အမည်ပျက် စာရင်းဟု ဆို နိုင်သည့် အဆိုပါစာရင်းတွင် အမေရိကန်နိုင်ငံသားများ သို့မဟုတ် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ခွင့် တားမြစ်ခြင်းခံ ထားရသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများစာရင်းကို ဖော်ပြထားသည်။
တိုင်းပြည်ကို စစ်တပ်က ထိန်းချုပ်ခဲ့သည့် သမိုင်းကြောင်းနှင့် စီးပွားရေးပေါ်တွင် ဆက်လက်၍ လွှမ်းမိုးနေမှုများ အပြင် မူးယစ်ဆေး ကုန်သွယ်မှုလည်း ရှိနေသေးသည့်အတွက် (SDN) စာရင်းတွင် မြန်မာနိုင်ငံသားများ နှင့် ကုမ္ပဏီများ၏ အမည်ကို အမြောက်အမြား တွေ့မြင်နိုင်မည် ဖြစ်သည်။
မြန်မာပြည် စီးပွားရေးနှင့် ပတ်သက်သည့် ဝန်ကြီး ဌာန ၁၁ ခုခန့်ကို ကြီးကြပ်နေရသော သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက “ပြုပြင်ပြောင်းလဲရေးတွေ ဆိုင်းငံ့ခံရတာထက်စာရင် တော်သေးတာပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ ဒါတွေကို ပယ် ဖျက်လိုက်တာကို ပိုသဘောကျတယ်” ဟု ရိုက်တာသတင်းဌာနသို့ ပြောဆိုသည်။
ဆွေးနွေးပွဲတခုတွင် ဦးစိုးသိန်း၏ ဘေး၌ ထိုင်ခဲ့သော ဂျော့ချ်ဆိုရော့စ်က လွန်ခဲ့သော နှစ် ၂၀က တည်ထောင်ခဲ့သော သူ၏ Open Society Foundation ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးကို ဆက်လက်လုပ်ဆောင်သွားမည် ဟုပြောသည်။ “ပြီးခဲ့ တဲ့ နှစ်ဝက်လောက် အထိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေက အံ့အားသင့်ဖွယ်ရာ အတွေ့ အကြုံတခုပါပဲ” ဟု သူကဆို သည်။
“ခုချိန်မှာတော့ အရာရာကနှေးကွေးသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်ဆောင်ချက်တွေပေါ်မှာ အရိပ်ထိုးနေလို့ပါပဲ။ ရွေးကောက်ပွဲပြီး သွားရင်တော့ ဒါတွေပြန်စမယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဟုလည်း ဂျော့ချ်ဆိုရော့စ်က ပြောကြောင်း ရိုက်တာသတင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် မြေသိမ်းယူမှုများလည်း ရှိနေသေးပြီး အမေရိကန်ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (Office of Foreign Asset Control – OFAC)၏ ဥပဒေများနှင့် ညိစွန်းမှုမရှိအောင် ပိုင်ဆိုင်မှုများ၏ မူလဇစ်မြစ်ကို သတိထားဖို့လိုအပ်သည်ဟု ဂျော့ချ်ဆိုရော့စ်က ပြောသေးသည်။
သို့သော်လည်း လာမည့် ဧပြီလတွင် စတင်မည့် နောက် ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား တိုက်ရိုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အထိမြင့်တက်လာရန် အစိုးရက မျှော်လင့်ထားသည့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ကော် ပိုရေးရှင်းကြီးများက ဥပေက္ခာပြုနိုင်မည်မဟုတ်ဟု သူယုံကြည်ကြောင်းလည်း ပြောဆိုသည်။
ငွေကြေးရောင်းဝယ်မှုတွင် နာမည်ကြီးသူ အမေရိကန်သူဌေး ဂျော့ချ်ဆိုရော့စ်အနေဖြင့် မြန်မာပြည်တွင် SPA Group ၏ ဥက္ကဌ Mr. Serge Pun ခေါ် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်း မဟုတ်ဟု သူက ဆိုသည်။
“ဘဏ်လုပ်ငန်း၊ ငွေကြေးနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ ပါဝင်ဖို့ စိတ်အားထက်သန်ပါတယ်။ ဒီနိုင်ငံနဲ့ ပြည်သူတွေ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကို အလိုအပ်ဆုံးဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဂျော့ချ်ဆိုရော့စ်က ပြောသည်။
ဆွေးနွေးပွဲအတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခေါင်းစဉ်ငယ် အသီးသီးဖြင့် ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်း အသီးသီးမှ ထိပ်တန်းပုဂ္ဂိုလ် ၄၀ ခန့်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး အမေရိကန်ဘက်မှ ဂျော့ချ်ဆိုရော့စ် အပါအဝင် American Business Council မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဟိုတယ်နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဦးဌေးအောင်၊ စွမ်း အင် ဝန်ကြီး ဦးဇေယျာအောင်၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုအုပ်ချုပ်ရေးမှူး ဦးဆက်အောင်၊ Directorate of Investment and Company Administration(DICA )မှ ဦးအောင်နိုင်ဦးတို့အပြင်၊ လုပ်ငန်းရှင်များဖြစ်သည့် MPRL E&P ကုမ္ပဏီအုပ်စုမှ ဦးမိုးမြင့်၊ SPA လုပ်ငန်းစုမှ မစ္စတာ ဆာ့ချ် ပန်း ခေါ် ဦးသိမ်းဝေ၊ MAI လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကမ္ဘောဇဘဏ်မှာ ဦးသန်းလွင်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလန်ခမ်း၊ လက်ဝါး စီးပွားရေး လုပ်ငန်း အုပ်စုမှ ဒေါက်တာ ခင်မောင် အေး၊ စီးတီးမတ်အုပ်စုမှ ဒေါ်ဝင်းဝင်းတင်တို့က ဆွေးနွေးတင်ပြခဲ့ကြသည်။
ဖိုရမ်တွင် တက်ရောက်ကြ သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များမှာ အမေရိကန်နိုင်ငံ၏ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု နာမည်ပျက်စာ ရင်းတွင် ပါဝင်ကြသူများ မဟုတ်ပေ။
အမေရိကန်-မြန်မာ ဆက်ဆံရေး ထင်သလောက် မကောင်းလာဘဲ ဒဏ်ခတ်ပိတ်ပင်မှု လုံးဝရုတ်သိမ်းသွားရေး မဖြစ်နိုင်သေးရခြင်းမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ အရှိန်တန့်သွားပြီဟု ယူဆစရာဖြစ်စေသည့် အခြေခံဥပဒေ မပြင်ခြင်း၊ ဘာသာရေး တင်းမာမှုများကို မရပ်တန့်နိုင်ခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ပြီး သတင်းစာသမားများအား ထောင်နှစ်ရှည်ချခြင်း၊ ပြည်တွင်းစစ် ရပ်စဲရေး မဖော်ဆောင်နိုင်ခြင်း စသည်တို့ကြောင့်ဟု အကြောင်းပြထားသည်။
ထို့ပြင် မြန်မာပြည်တွင် ဒေါ်လာ ၅ သိန်းထက်မနည်း သို့မဟုတ် ရေနံနှင့် ဂတ်စ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူ အမေရိကန်ကုမ္ပဏီများအနေဖြင့် စီးပွားရေးလုပ်ငန်းနှင့် အစီအစဉ်များအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပုံမှန်အစီရင်ခံရမည်ဟု အိုဘားမားအစိုးရက ပြဌာန်းထားသည်။